ပြည်ထောင်စုရာထူးဝန်အဖွဲ့

ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ၊ နည်းဥပဒေများ၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊

နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ ဝန်ထမ်းရေးရာ ကိစ္စရပ်များ


Search
Generic filters
Filter by Lawbook Names
နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ
နိုင်ငံ့ဝန်ထမ်းဥပဒေ
ပြည်ထောင်စုရာထူးဝန်အဖွဲ့နည်းဥပဒေများ
ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ
ဝန်ထမ်းရေးရာကိစ္စရပ်များ

ဤစကားလုံးများဖြင့်ရှာဖွေနိုင်သည်။ ပုဒ်မ(၁)နည်းဥပဒေ(၁)အပိုဒ်(၁)အခန်း(၁)rule(1)article(1)section(1)chapter(1)

ပြည်ထောင်စုရာထူးဝန်အဖွဲ့နည်းဥပဒေများ

၂၁။ ဝန်ကြီးဌာနနှင့်အဖွဲ့အစည်းများသည် ရာထူးတိုးမြှင့်ရေးအတွက် အရည်အချင်း စိစစ်အကဲဖြတ်ရာတွင် ဌာန၏ဖွဲ့စည်းပုံအင်အားတွင် ပါဝင်သည့် ဌာနပြင်ပသို့ရောက်ရှိ နေသော ဝန်ထမ်းများကိုပါ ထည့်သွင်းစဉ်းစားရမည်။

၂၂။        ဝန်ကြီးဌာနနှင့်အဖွဲ့အစည်းများသည် ပြန်တမ်းဝင်အရာရှိအဆင့် စတင်ခန့်ရာထူးနေရာ လစ်လပ်သဖြင့် ရာထူးတိုးမြှင့်ခန့်ထားရန် လိုအပ်သည့်အခါ သက်ဆိုင်ရာ ဝန်ကြီးဌာန နှင့်အဖွဲ့အစည်းက အတည်ပြုရေးဆွဲထားသော တန်းစီဇယားအတွင်းမှ ဝန်ထမ်း များကို အဖွဲ့သို့ အဆိုပြုညှိနှိုင်း၍ သဘောတူညီချက်ရယူရမည်။ ပြန်တမ်းဝင်အရာရှိ အဆင့် စတင်ခန့်ရာထူးသို့ တိုးမြှင့်ခန့်ထားမည့်ဝန်ထမ်းများအတွက် စိတ်အခြေအနေ စစ်ဆေးခြင်းကို အဖွဲ့နှင့် ညှိနှိုင်းဆောင်ရွက်ရမည်။*၃၀-၁-၂၀၂၃ ရက်နေ့တွင် ပထမအကြိမ်ပြင်ဆင်သည်။

၂၃။ အဖွဲ့သည် နည်းဥပဒေ ၂၂ အရ အဆိုပြုညှိနှိုင်းလာသည့်ကိစ္စနှင့်စပ်လျဉ်း၍ အောက်ဖော်ပြပါအချက်များကို စိစစ်ဆောင်ရွက်ရမည် –

  • (က) ရာထူးတိုးမြှင့်ခန့်ထားရေးအတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနနှင့်အဖွဲ့အစည်းက သဘောတူညီထားခြင်း ရှိ မရှိ၊
  • ( ခ ) တိုးမြှင့်ခန့်ထားမည့် ရာထူးသည် သက်ဆိုင်ရာ ဝန်ကြီးဌာနနှင့်အဖွဲ့ အစည်း၏ ဖွဲ့စည်းပုံတွင် ပါဝင်ခြင်း ရှိ မရှိ၊
  • ( ဂ ) တိုးမြှင့်ခန့်ထားရန် အဆိုပြုသည့် ဝန်ထမ်းများအတွက် လစ်လပ်ရာထူးနေရာ လုံလောက်မှု ရှိ မရှိ၊
  • (ဃ) သတ်မှတ်ချက်နှင့် ညီညွတ်သည့် ဝန်ထမ်းအားလုံးကို ရေးဖြေနှင့် လက်တွေ့ စစ်ဆေးခြင်း ရှိ မရှိ၊
  • ( င ) ရာထူးသက်၊ လုပ်သက် တွက်ချက်ထားသည့် နေ့ရက်ပါရှိခြင်း ရှိ မရှိ၊
  • ( စ ) တန်းစီဇယား အတည်ပြုသည့်နေ့ရက်ပါရှိခြင်း ရှိ မရှိနှင့် တန်းစီဇယား၏ သက်တမ်းကုန်ဆုံးခြင်း ရှိ မရှိ၊
  • (ဆ) တန်းစီဇယားတွင် သက်ဆိုင်ရာ ဝန်ကြီးဌာနနှင့်အဖွဲ့အစည်း၏ အရည် အချင်းစစ်ဆေးရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၏ အမည်၊ ရာထူးနှင့် လက်မှတ်များပါရှိခြင်း ရှိ မရှိ၊
  • ( ဇ ) တန်းစီဇယားတွင် စုစုပေါင်းရမှတ် တူညီနေပါက အမှတ်တူ ရှင်းလင်းချက်ဖော်ပြထားခြင်း ရှိ မရှိ၊
  • ( ဈ ) အဆိုပြုဝန်ထမ်းများအတွက် ကိုယ်ရေးမှတ်တမ်းများပါရှိခြင်း ရှိ မရှိ၊
  • (ည) အဆိုပြုဝန်ထမ်းများ၏ ရာထူးသက်၊ လုပ်သက်သည် နည်းဥပဒေ ၂၀ အရ သတ်မှတ်ချက်နှင့်ညီညွတ်ခြင်းရှိ မရှိ၊
  • ( ဋ ) အဆိုပြုဝန်ထမ်း တာဝန်ထမ်းဆောင်နေသည့် ရာထူးအမျိုးအစားနှင့် တိုးမြှင့်ခန့်ထားမည့် ရာထူးအမျိုးအစားတို့ ညီညွတ်ခြင်း ရှိ မရှိ၊
  • ( ဌ ) အဆိုပြုဝန်ထမ်းများသည် အငြိမ်းစားယူရန် ကြိုတင်ပြင်ဆင်ခွင့်ခံစား ရမည့်ကာလဖြစ်နေပါက ကြိုတင်ပြင်ဆင်ခွင့်ခံစားနေခြင်း ရှိ မရှိနှင့် သက်ဆိုင်ရာဌာနက ယင်းခွင့်ကို ငြင်းပယ်ထားခြင်း ရှိ မရှိ။
  • (ဍ)      အဆိုပြုဝန်ထမ်းများအား  စိတ်အခြေအနေ စစ်ဆေးထားခြင်း ရှိ မရှိ၊*၃၀-၁-၂၀၂၃ ရက်နေ့တွင် ပထမအကြိမ်ပြင်ဆင်သည်။
  • (ဎ)   အဆိုပြုဝန်ထမ်းများသည် လက်ရှိရာထူးအတွက် သတ်မှတ်ထားသော နိုင်ငံ့ဝန်ထမ်း တက္ကသိုလ်များတွင် ဖွင့်လှစ်သည့် သင်တန်းများသို့ တက်ရောက်ပြီးစီးခြင်း ရှိ မရှိ။*၃၀-၁-၂၀၂၃ ရက်နေ့တွင် ပထမအကြိမ်ပြင်ဆင်သည်။

၂၄။ အဖွဲ့သည် နည်းဥပဒေ ၂၃ ပါ စိစစ်ချက်များကို အဖွဲ့၏ ပုံမှန်အစည်းအဝေးတွင် ဆွေးနွေးဆုံးဖြတ်ပြီး သက်ဆိုင်ရာ ဝန်ကြီးဌာနနှင့်အဖွဲ့အစည်းသို့ သဘောထား ပြန်ကြားရမည်။

၂၅။ သက်ဆိုင်ရာ ဝန်ကြီးဌာနနှင့်အဖွဲ့အစည်းများသည် တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ပြီး အရည်အချင်းပြည့်ဝသော ထူးချွန်သည့် ဝန်ထမ်းများကို သင့်တင့်သော ကာလအတွင်း တစ်ဆင့်မြင့်ရာထူးများတွင် တိုးမြှင့်ခန့်ထားခြင်းဖြင့် ထိုက်ထိုက်တန်တန် ချီးမြှင့်သည့် သဘောသက်ရောက်စေရန်လည်းကောင်း၊ ဝန်ကြီးဌာနနှင့်အဖွဲ့အစည်းများ အတွင်း အတွေ့အကြုံရှိ၍ ထူးခြားပြောင်မြောက်စွာ တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများအား အကျိုး    ခံစားခွင့်ရှိစေရန်လည်းကောင်း၊ ရာထူးအဆင့်ဆင့်တွင် ခါးဆက်မပြတ်ရေးအတွက် စီမံချက်ဖြင့်ဆောင်ရွက်နိုင်ရန်လည်းကောင်း သတ်မှတ် ရာထူးသက်မပြည့်မီစေကာမူ အထူးကိစ္စရပ်အနေဖြင့် ရာထူးတိုးမြှင့်ခန့်ထားရန် ဆောင်ရွက်နိုင်သည်။

၂၆။ ဝန်ကြီးဌာနနှင့်အဖွဲ့အစည်းများသည် နည်းဥပဒေ ၂၅ အရ ရာထူးသက် သတ်မှတ်ချက်ကို လျှော့ပေါ့၍ ရာထူး တိုးမြှင့်ခန့်ထားရေး အတွက် ဆောင်ရွက်ရာတွင် အောက်ဖော်ပြပါအချက်များကို ဦးစားပေး စဉ်းစားရမည် –

  • (က) လုပ်ငန်းကျွမ်းကျင်မှုရှိပြီး အထူးကြိုးစားထမ်းဆောင်ခြင်း၊
  • ( ခ ) အထက်အရာရှိနှင့် လုပ်ဖော်ကိုင်ဖက်များအပေါ်သစ္စာရှိခြင်း၊
  • ( ဂ ) စိတ်ဓာတ်ကောင်းမွန်ခြင်းနှင့် နိုင်ငံတော်နှင့် ဌာနအကျိုးစီးပွားအတွက် မွန်မြတ်သော စေတနာထားရှိခြင်း၊
  • (ဃ) တီထွင်ကြံဆလုပ်ကိုင်တတ်ခြင်း၊
  • ( င ) ပညာအရည်အချင်း၊ ကျွမ်းကျင်မှုအရည်အချင်း ထူးကဲသာလွန်ခြင်း၊
  • ( စ ) ခေါင်းဆောင်မှုကောင်းခြင်း၊
  • (ဆ) အကျင့်စာရိတ္တကောင်းမွန်ခြင်း။

၂၇။ ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းများသည် နည်းဥပဒေ ၂၅ အရ ရာထူးသက် သတ်မှတ်ချက်ကို လျှော့ပေါ့၍ ရာထူးတိုးမြှင့်ခန့်ထားရာတွင် လစ်လပ်ရာထူး၏ သုံးပုံတစ်ပုံအတွက်သာ တိုးမြှင့်ခန့်ထားရမည်။

၂၈။ ဝန်ကြီးဌာနနှင့်အဖွဲ့အစည်းများသည် ပညာအရည်အချင်းသတ်မှတ်ချက်ကို လျှော့ပေါ့၍ ရာထူးတိုးမြှင့်ပေးလိုပါက အောက်ပါအချက်များကို ထည့်သွင်းစဉ်းစားပြီး ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြခွင့်ပြုချက်ရယူဆောင်ရွက်ရမည်။ သို့ရာတွင် သတ်မှတ်ရာထူးသက် ပြည့်မီရမည်။ ပြန်တမ်းဝင်အရာရှိအဆင့်သို့ တိုးမြှင့် ခန့်ထားလိုခြင်းဖြစ်ပါက ပြည်ထောင်စုအစိုးရအဖွဲ့၏ ခွင့်ပြုချက်ပူးတွဲ၍ အဖွဲ့သို့ ဆက်လက်အဆိုပြုညှိနှိုင်းရမည် –

  • (က) လုပ်ငန်းကျွမ်းကျင်မှုရှိပြီး အထူးကြိုးစားထမ်းဆောင်ခြင်း၊
  • ( ခ ) အထက်အရာရှိနှင့် လုပ်ဖော်ကိုင်ဖက်များအပေါ် သစ္စာရှိခြင်း၊
  • ( ဂ ) စိတ်ဓာတ်ကောင်းမွန်ခြင်းနှင့် နိုင်ငံတော်နှင့်ဌာနအကျိုးစီးပွားအတွက် မွန်မြတ်သော စေတနာထားရှိခြင်း၊
  • (ဃ) တီထွင်ကြံဆလုပ်ကိုင်တတ်ခြင်း၊
  • ( င ) ကျွမ်းကျင်မှုအရည်အချင်း ထူးကဲသာလွန်ခြင်း၊
  • ( စ ) ခေါင်းဆောင်မှုကောင်းခြင်း၊
  • (ဆ) အကျင့်စာရိတ္တကောင်းမွန်ခြင်း။

အခန်း(၄)
ဝန်ထမ်းများလေ့ကျင့်ခြင်း

၂၉။ အဖွဲ့သည် ဝန်ထမ်းများလေ့ကျင့်ပျိုးထောင်ရေး ဆောင်ရွက်ရာတွင် အောက်ပါ အရည်အချင်းများမြင့်မားလာစေရန် ဆောင်ရွက်ရမည် –

  • (က) ဝန်ထမ်းများ သိရှိရမည့်ဥပဒေ၊ နည်းဥပဒေများ၊ စည်းမျဉ်း စည်းကမ်း၊ လုပ်ထုံးလုပ်နည်းများကို သိရှိနားလည်မှု၊
  • ( ခ ) ရုံးလုပ်ငန်းဆိုင်ရာ စီမံခန့်ခွဲအုပ်ချုပ်မှုပညာကို ကျွမ်းကျင် တတ်မြောက်မှု၊
  • ( ဂ ) အဖွဲ့အစည်းဆိုင်ရာ စီမံခန့်ခွဲအုပ်ချုပ်မှုပညာကို ကျွမ်းကျင် တတ်မြောက်မှု၊
  • (ဃ) ပြည်သူ့ရေးရာစီမံခန့်ခွဲအုပ်ချုပ်မှုပညာကို ကျွမ်းကျင်တတ်မြောက်မှု၊
  • ( င ) ကောင်းမွန်သောအုပ်ချုပ်ရေးနှင့် ခေါင်းဆောင်မှုသဘောတရားများနားလည်တတ်မြောက်မှု၊
  • ( စ ) ပြည်တွင်း၊ ပြည်ပ နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးအခြေအနေများကို လေ့လာဆည်းပူးသိရှိနားလည်မှု၊
  • (ဆ) နိုင်ငံတော်က ထုတ်ပြန်သတ်မှတ်ထားသည့် မူဝါဒ၊ ရည်မှန်းချက်၊လုပ်ငန်းစဉ်၊ ဥပဒေ၊ အမိန့်နှင့်ညွှန်ကြားချက်များကို သိရှိနားလည်မှု၊
  • ( ဇ ) နိုင်ငံ့ဝန်ထမ်းတစ်ဦး တတ်မြောက်သင့်သော အခြေခံသတင်းအချက်အလက်နှင့် နည်းပညာလေ့ကျင့်တတ်ကျွမ်းမှု။

၃၀။ အဖွဲ့သည် အောက်ပါသင်တန်းများကို ဖွင့်လှစ်ရမည် –

  • (က) အထူးမွမ်းမံသင်တန်းများ
    • (၁) ပြည်ထောင်စုအစိုးရအဖွဲ့ရုံးက အခါအားလျော်စွာ ညွှန်ကြားသော သင်တန်းများ၊
    • (၂) ဝန်ကြီးဌာနနှင့်အဖွဲ့အစည်းများက အခါအားလျော်စွာ အဆိုပြုလာသော သင်တန်းများ။
  • (ခ)     ပုံမှန်သင်တန်းများ
    •          (၁)   ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးသင်တန်း၊
    •          (၂)   အဆင့်မြင့်အရာထမ်းသင်တန်း၊
    •          (၃)   အလယ်အလတ်အဆင့်အရာထမ်းသင်တန်း၊
    •          (၄)   အရာထမ်းအခြေခံသင်တန်း၊
    •          (၅)   အရာထမ်းလောင်း (အထူး) သင်တန်း၊
    •          (၆)    အရာထမ်းငယ်သင်တန်း၊
    •          (၇)   စာရေးဝန်ထမ်းကြီးကြပ်သင်တန်း၊
    •          (၈)   စာရေးဝန်ထမ်းသင်တန်း။*၃၀-၁-၂၀၂၃ ရက်နေ့တွင် ပထမအကြိမ်ပြင်ဆင်သည်။

my_MMMY