ပြည်ထောင်စုရာထူးဝန်အဖွဲ့

ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ၊ နည်းဥပဒေများ၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊

နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ ဝန်ထမ်းရေးရာ ကိစ္စရပ်များ


Search
Generic filters
Filter by Lawbook Names
နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ
နိုင်ငံ့ဝန်ထမ်းဥပဒေ
ပြည်ထောင်စုရာထူးဝန်အဖွဲ့နည်းဥပဒေများ
ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ
ဝန်ထမ်းရေးရာကိစ္စရပ်များ

ဤစကားလုံးများဖြင့်ရှာဖွေနိုင်သည်။ ပုဒ်မ(၁)နည်းဥပဒေ(၁)အပိုဒ်(၁)အခန်း(၁)rule(1)article(1)section(1)chapter(1)

ဝန်ထမ်းစည်းကမ်းထိန်းသိမ်းရေးဆိုင်ရာကိစ္စ

ဝန်ထမ်းစည်းကမ်းထိန်းသိမ်းရေးဆိုင်ရာကိစ္စ

၁။         တရားရုံးမှ ရုံးတက်/ရုံးဆင်း ထောင်ဒဏ်() ရက်နှင့် ဒဏ်ငွေ (၃၀၀၀၀) ကျပ် ပေးဆောင်ရန် ချမှတ်ခြင်းခံရသဖြင့် လစာရပ်ဆိုင်းထားခဲ့ပြီး အဆိုပါ လစာရပ်ဆိုင်းထားခြင်းကို ပယ်ဖျက်၍ အလုပ် ပြန်လည်ဝင်ရောက်ခွင့်ပြုနိုင်ရေးကိစ္စ

             သက်ဆိုင်ရာဌာနအနေဖြင့် ဝန်ထမ်းအား ဝန်ထမ်းကျင့်ဝတ်ပျက်ယွင်းခြင်း၊ ဌာနဆိုင်ရာ စည်းကမ်းဖောက်ဖျက်ခြင်း၊ တာဝန်ပျက်ကွက်ခြင်းတို့ကြောင့်မဟုတ်ဘဲ တရားရုံး၏ ပြစ်ဒဏ်ချမှတ် ခံရခြင်းကို အကြောင်းပြု၍ လစာရပ်ဆိုင်းထားခြင်းဖြစ်ပါက ဝန်ထမ်းနစ်နာမှုမရှိစေရန် လစာရပ်ဆိုင်း ထားခြင်းကိုပယ်ဖျက်ပြီး အလုပ်ပြန်လည်ဝင်ရောက်ခွင့်ပြုနိုင်မည်ဖြစ်ပါသည်။ အကယ်၍ ဝန်ထမ်းအား တရားရုံး၏ ပြစ်ဒဏ်စီရင်ခံရသည့်အမှုကိစ္စသည် နိုင်ငံ့ဝန်ထမ်းဥပဒေ၊ ပုဒ်မ ၃၉၊ နိုင်ငံ့ဝန်ထမ်း နည်းဥပဒေများ၊ နည်းဥပဒေ ၁၆၄၊ နည်းဥပဒေ ၁၆၉၊ နည်းဥပဒေခွဲ (က) တို့ပါပြဋ္ဌာန်းချက်များအရ ကျူးလွန်သည့်ပြစ်မှုနှင့် ချမှတ်သည့်ပြစ်ဒဏ်တို့ကို ထောက်ရှု၍ ထိုဝန်ထမ်းကို စီမံခန့်ခွဲရေးဆိုင်ရာ လိုအပ်ချက်အရ ဝန်ထမ်းဆိုင်ရာပြစ်ဒဏ်ချမှတ်မည်ဆိုပါက နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နိုင်ငံ့ဝန်ထမ်း နည်းဥပဒေများပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဌာနဆိုင်ရာစစ်ဆေးမှုဖွင့်လှစ်၍ စစ်ဆေးပေါ်ပေါက် ချက်များအရ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ ပုဒ်မ ၅၃ ပါ ပြစ်ဒဏ်များအနက် ထိုက်သင့်သည့်ပြစ်ဒဏ်ကို ချမှတ်နိုင်မည်ဖြစ်ပါသည်။

၂။       ဌာနဆိုင်ရာစစ်ဆေးရေးအဖွဲ့၏ အဖွဲ့ဝင် () ဦးအနက် အဖွဲ့ဝင်()ဦးမှ လက်မှတ်ရေးထိုးတင်ပြ ခဲ့သော ဌာနဆိုင်ရာစစ်ဆေးရေးအဖွဲ့၏ အစီရင်ခံစာကို အတည်ပြု၍ /မရ ကိစ္စ

နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၂၀၃ ပါပြဋ္ဌာန်းချက်အရ ဌာနဆိုင်ရာ စစ်ဆေးရေးအဖွဲ့သည် အစီရင်ခံစာကို ပုံစံ (၉) ပါအတိုင်း ရေးသားပြီး အမှုတွဲနှင့်အတူ ဌာန ဆိုင်ရာစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းပေးသည့်အကြီးအမှူးထံ တင်ပြရမည်ဖြစ်ပါသည်။ အဆိုပါ ပုံစံ(၉)တွင် ဌာနဆိုင်ရာစစ်ဆေးရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်(၂) ဦးမှ လက်မှတ်ရေးထိုးရန်ပါရှိသည့် အတွက် ဌာနဆိုင်ရာစစ်ဆေးရေးအဖွဲ့၏ အဖွဲ့ဝင်အားလုံး လက်မှတ်ရေးထိုးမှသာလျှင် ပြည့်စုံသော အစီရင်ခံစာတစ်စောင်အဖြစ် သတ်မှတ်နိုင်မည်ဖြစ်ပါသည်။ အမှာစာနှင့်ပူးတွဲပါရှိသည့် ဌာနဆိုင်ရာ စစ်ဆေးရေးအဖွဲ့၏ အစီရင်ခံစာပါ အဖွဲ့၏ထောက်ခံချက် (သဘောထားဖော်ပြချက်) တွင် စစ်ဆေးခံ ရသည့် အရာထမ်းများအား စစ်ဆေးပေါ်ပေါက်ချက်အရ ကျူးလွန်သည့်ပြစ်မှု အတိမ်အနက်ပေါ် မူတည်၍ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများကို ရည်ညွှန်းပြီး ကျူးလွန်သည့်ပြစ်မှု အမျိုးအစားနှင့်ချမှတ်သင့်သည့်ပြစ်ဒဏ်တို့ကို ဖော်ပြထားခြင်းမရှိဘဲ ယေဘုယျသဘောသာ တင်ပြ ထားသည်ကို စိစစ်တွေ့ရှိရပါသည်။ သို့ဖြစ်ပါ၍ ဌာနဆိုင်ရာစစ်ဆေးမှုကို နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများပါ ပြဋ္ဌာန်းချက်များနှင့်အညီ ပြည့်စုံမှန်ကန်ခိုင်မာစွာ ဆောင်ရွက်နိုင်ရန် အတွက် ဌာနဆိုင်ရာစစ်ဆေးရေးအဖွဲ့ကို ပြန်လည်ဖွဲ့စည်းပြီး ယခင် ဌာနဆိုင်ရာစစ်ဆေးရေးအဖွဲ့၏ အစီရင်ခံစာကို အခြေပြု၍ စစ်ဆေးဆောင်ရွက်သင့်ပါသည်။

၃။         ဌာနဆိုင်ရာစစ်ဆေးရေးအဖွဲ့အနေဖြင့် ဝန်ထမ်းအား စစ်ဆေးမှု ပြုလုပ်နိုင်ရေးအတွက် ဝန်ထမ်းရှိရာဌာနသို့သွားရောက်စစ်ဆေးရန် အခက်အခဲကြုံတွေ့လျက်ရှိနေပါသဖြင့် အမှုစစ်ဆေးခြင်း ကို Video Conferencing System ဖြင့် ပြုလုပ်နိုင်ခြင်း ရှိ/မရှိကိစ္စ          

သက်ဆိုင်ရာဌာနအနေဖြင့် ဌာနဆိုင်ရာစစ်ဆေးမှု ဖွင့်လှစ်၍ အရေးယူခြင်းခံရသည့် ဝန်ထမ်းသည် ဒုတိယညွှန်ကြားရေးမှူးချုပ် ရာထူးဖြစ်သည့်အတွက် နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၁၉၄၊ နည်းဥပဒေခွဲ (ဂ)၊ နည်းဥပဒေခွဲငယ် (၁) ပါ ပြဋ္ဌာန်းချက်နှင့်အညီ ဌာနဆိုင်ရာ စစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်းရာ၌ ဒုတိယညွှန်ကြားရေးမှူးချုပ် (၃) ဦးဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်ပါသည်။ ဝန်ထမ်းအား စွဲချက်လွှာပေးပို့ခဲ့သော်လည်း သတ်မှတ်ထားသည့်နေ့ရက်တွင် ချေပလွှာပြန်လည် ပေးပို့လာခြင်းမရှိသည့်အတွက် နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပ ဒေ ၁၉၅၊ နည်းဥပဒေခွဲ (ည) ပါပြဋ္ဌာန်းချက်နှင့်အညီ ယင်း၏မျက်ကွယ်၌ သက်သေများကို စစ်မေးနိုင်မည် ဖြစ်ပါသည်။ နိုင်ငံ့ဝန်ထမ်းဥပဒေနှင့် နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ တွင် ရှေးဦးစုံစမ်းမှု သို့မဟုတ် ဌာနဆိုင်ရာစစ်ဆေးမှုကို Video Conferencing System ဖြင့် ဆောင်ရွက်နိုင်ကြောင်း ပြဋ္ဌာန်း ထားခြင်းမရှိသကဲ့သို့ ဆောင်ရွက်ခြင်းမပြုရဟု တားမြစ်ထားခြင်းလည်းမရှိပါ။ ဌာနအနေဖြင့် လက်ရှိအခြေအနေအရ ဌာနဆိုင်ရာစစ်ဆေးမှုကို Video Conferencing System ဖြင့် ဆောင်ရွက် လိုပါက ဌာန၏ တာဝန်ယူမှု၊ တာဝန်ခံမှုဖြင့် နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများပါ ပြဋ္ဌာန်းချက်များနှင့်အညီ ပြည့်စုံမှန်ကန်ခိုင်မာစွာ ဆောင်ရွက်သင့်ပါသည်။ အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ သဘောထားမှတ်ချက်ကိုလည်း ညှိနှိုင်း ရယူဆောင်ရွက်သင့်ပါသည်။

၄။         နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၂၀၂ ပါအောက်ဖော်ပြပါအခြေအနေမျိုးဆိုသည့် စကားရပ်သည် နည်းဥပဒေခွဲ () ခုလုံးဖြစ်စေ၊ တစ်ခုခုနှင့်ဖြစ်စေ အကျုံးဝင်သည်ဟု သုံးသပ်မှုနှင့်နည်းဥပဒေ ၁၉၄ မှ ၂၀၁ ပါ သတ်မှတ်ချက်များကို လိုက်နာခြင်းမှ ခြွင်းချက်ပြုနိုင်သည်ဆိုသည့် စကားရပ်သည် အားလုံးကို ခြွင်းချက်ပြုရန်မဟုတ်ကြောင်း သုံးသပ်ဆောင်ရွက်ချက်တို့နှင့် စပ်လျဉ်း သည့်ကိစ္စ

သက်ဆိုင်ရာဌာနအနေဖြင့် ခွင့်စည်းကမ်းများကို ဖောက်ဖျက်၍ ခွင့်မဲ့ပျက်ကွက်ခြင်း၊ ဌာန ဆိုင်ရာညွှန်ကြားချက်များကို လိုက်နာမှုမရှိဘဲ CDM (Civil Disobedience Movement) လှုပ်ရှားမှုတွင် ပါဝင်ဆောင်ရွက်ခြင်းပြုလုပ်ခဲ့သည့် ဝန်ထမ်းများအား ဌာနဆိုင်ရာအရေးယူပြီး ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားပေါ်ပေါက်ပါက ယင်းတို့၏ကျူးလွန်ဖောက်ဖျက်ခဲ့သည့် ပြစ်မှုအတိမ်အနက်ပေါ်မူတည်၍ ထိုက်သင့်သည့် ဝန်ထမ်းစည်းကမ်းဆိုင်ရာပြစ်ဒဏ်ချမှတ်နိုင်ရန် နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၁၉၂ နှင့် နည်းဥပဒေ ၁၉၃ တို့ပါ ပြဋ္ဌာန်းချက်များအရ ဌာနဆိုင်ရာစစ်ဆေးမှုကို ဖွင့်လှစ်ဆောင်ရွက်ရမည်ဖြစ်သဖြင့်လည်းကောင်း၊  နည်းဥပဒေ ၁၉၆ ပါ ပြဋ္ဌာန်းချက်အရ စွဲချက်မတင်ပါက ဌာနဆိုင်ရာစစ်ဆေးမှု ပျက်ပြယ်သဖြင့်လည်းကောင်း ဌာနဆိုင်ရာစစ်ဆေးရေး အဖွဲ့ ဖွဲ့စည်းခြင်းနှင့် စွဲချက်တင်ခြင်းတို့ကို ခြွင်းချက်ပြုရန်မသင့်ပါ။ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၂၀၂ ပါ“အောက်ဖော်ပြပါအခြေအနေမျိုး” ဆိုသည့်စကားရပ်သည် နည်းဥပဒေခွဲ (၄) ခုလုံးဖြစ်စေ၊ တစ်ခုခုနှင့်ဖြစ်စေ အကျုံးဝင်သဖြင့်လည်းကောင်း၊ “နည်းဥပဒေ ၁၉၄ မှ ၂၀၁ ပါသတ်မှတ်ချက်များကိုလိုက်နာခြင်းမှ ခြွင်းချက်ပြုနိုင်သည်” ဆိုသည့်စကားရပ်သည် အားလုံးကို ခြွင်းချက်ပြုရန် မဟုတ်သဖြင့်လည်းကောင်း သက်ဆိုင်ရာဌာန၏ သုံးသပ်ဆောင်ရွက်ချက်များသည် လျော်ကန်သင့်မြတ်မှုရှိပါသည်။ ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ သဘောထားမှတ်ချက်ကိုလည်း ညှိနှိုင်း ရယူဆောင်ရွက်သင့်ပါသည်။

၅။         ဝန်ထမ်းအဖြစ်မှထုတ်ပစ်ခြင်းပြစ်ဒဏ်အစား အယူခံအဖွဲ့၏ ဆုံးဖြတ်ချက်ဖြင့် လက်ရှိ ရာထူးအောက် တစ်ဆင့်နိမ့်သည့်ရာထူးသို့ ()နှစ်လျှော့ချသည့်ပြစ်ဒဏ်သို့ ပြောင်းလဲသတ်မှတ်ရန် သင့်/မသင့်ကိစ္စ

သက်ဆိုင်ရာဌာနအနေဖြင့် အယူခံမှုကိုဆုံးဖြတ်ရာ၌ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၂၂၂၊ နည်းဥပဒေခွဲ (က) နှင့် နည်းဥပဒေ ၂၂၅၊ နည်းဥပဒေခွဲ (ဃ) တို့ပါ ပြဋ္ဌာန်းချက် များနှင့်အညီ ဝန်ထမ်းအား ချမှတ်ခဲ့သောပြစ်ဒဏ်သည် ထိုက်သင့်သည်ထက် ပိုမို၍ကြီးလေးသည်ဟု ယူဆပါက ထိုပြစ်ဒဏ်အောက် လျှော့ပေါ့သည့်ပြစ်ဒဏ်ကို ပြောင်းလဲသတ်မှတ် ဆောင်ရွက်နိုင်မည် ဖြစ်ပါသည်။

၆။         တာဝန်မှယာယီရပ်ဆိုင်းထားသည့် ဝန်ထမ်း၏ စားစရိတ်ထောက်ပံ့ကြေးခံစားခွင့်ပြုရန်ကိစ္စ

သက်ဆိုင်ရာဌာနအနေဖြင့် ဝန်ထမ်းအား ၂၀၁၃ ခုနှစ်၊ အဂတိ လိုက်စားမှုတိုက်ဖျက်ရေး ဥပဒေ၊ ပုဒ်မ ၅၆ အရ တရားစွဲဆိုခဲ့သည့်အတွက် နိုင်ငံ့ဝန်ထမ်း နည်းဥပဒေများ၊ နည်းဥပဒေ ၁၇၃၊ နည်းဥပဒေခွဲ (က) ပါပြဋ္ဌာန်းချက်အရ တာဝန်မှယာယီ ရပ်ဆိုင်းထားခြင်းဖြစ်သဖြင့် နည်းဥပဒေ ၁၇၆၊ နည်းဥပဒေခွဲ (စ) ပါပြဋ္ဌာန်းချက်နှင့် နည်းဥပဒေ ၂၃၁ တို့ပါ ပြဋ္ဌာန်းချက်များအရ အငြိမ်းစားယူခွင့်ပြုနိုင်မည် မဟုတ်သည့်အတွက် နည်းဥပဒေ ၆၆ ပါပြဋ္ဌာန်းချက်နှင့်အညီ တာဝန်မှ ယာယီရပ်ဆိုင်းထားသည့်ကာလအတွင်း စားစရိတ်ထောက်ပံ့ကြေးကို ခံစားခွင့်ပြုရမည် ဖြစ်ပါသည်။ ဝန်ထမ်းအား ၂၀၁၃ ခုနှစ်၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၆ အရ တရားစွဲဆိုထား သည့်အမှုကိစ္စနှင့်စပ်လျဉ်း၍ တရားရုံးမှ အပြီးသတ်အမိန့်ချမှတ်သည့် နေ့ရက်မတိုင်မီအထိ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၆၆၊ နည်းဥပဒေခွဲ (ခ) ပါ ပျမ်းမျှလစာနှုန်း၏    ကို စားစရိတ် ထောက်ပံ့ကြေးအဖြစ် ခံစားခွင့် ပြုရမည်ဖြစ်ပါသည်။

၇။         ဝန်ထမ်းအား တာဝန်မှယာယီရပ်ဆိုင်းထားခြင်းကို ကင်းလွတ်ခွင့်ပြုပြီး ရာထူးမှကင်းကွာ နေခဲ့ရသည့်ကာလကို တာဝန်ချိန်အဖြစ်သတ်မှတ်၍ လစာအပြည့်နှင့်စရိတ်တို့ကို ပြန်လည်ထုတ်ယူခွင့် ပြုရေးနှင့် ဌာနဆိုင်ရာစစ်ဆေးမှုဖွင့်၍ စစ်ဆေးကြားနာဆောင်ရွက်နိုင်ရေးတို့နှင့် စပ်လျဉ်းသည့်ကိစ္စ

သက်ဆိုင်ရာဌာနအနေဖြင့် ဝန်ထမ်းအား အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ၊ ပုဒ်မ ၅၆ အရ တရားစွဲဆိုခြင်းခံရသည့်အတွက် နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၁၇၃၊ နည်းဥပဒေခွဲ(က) ပါပြဋ္ဌာန်းချက်နှင့်အညီ ၆-၉-၂၀၁၉ ရက်နေ့မှစ၍ တာဝန်မှ ယာယီရပ်ဆိုင်း ခဲ့ခြင်းဖြစ်သဖြင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ ရာဇဝတ်ကျင့်ထုံးဥပဒေ၊ ပုဒ်မ ၅၆၁ (က) အရ အမှုကိုချေဖျက်လိုက်သည့်အတွက် ရာထူးမှကင်းကွာနေခဲ့ရသည့်ကာလကို တာဝန်ချိန်အဖြစ် သတ်မှတ်၍ လစာအပြည့်နှင့်စရိတ်တို့ကို ပြန်လည်ထုတ်ယူခွင့်ပြုရန် ဆောင်ရွက်သွားလိုခြင်းသည် နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၆၈၊ နည်းဥပဒေခွဲ(က)နှင့် နည်းဥပဒေ ၁၇၉၊ နည်းဥပဒေခွဲ (က) တို့ပါ ပြဋ္ဌာန်းချက်များနှင့် ညီညွတ်မှုရှိပါသည်။ ဌာနအနေဖြင့် ပြည်ထောင်စု တရားလွှတ်တော် ချုပ်မှ ဝန်ထမ်းအား စွဲဆိုထားသည့်အမှုကို ချေဖျက်လိုက်သည့်အမိန့် ချမှတ်ခဲ့ သော်လည်း ၎င်းအား ဌာနဆိုင်ရာစစ်ဆေးမှုဖွင့်လှစ်၍ စစ်ဆေးခြင်းကိုဆောင်ရွက်မည်ဆိုပါက နိုင်ငံ့ဝန်ထမ်း နည်းဥပဒေများ၊ နည်းဥပဒေ ၁၇၉၊ နည်းဥပဒေခွဲ (ခ)၊ နည်းဥပဒေခွဲငယ် (၂) ပါပြဋ္ဌာန်းချက်အရ ပြန်လည်တာဝန်ထမ်းဆောင်ခွင့်ပြုနိုင်ပြီး နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၁၉၂ မှ နည်းဥပဒေ ၂၀၈ အထိပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဌာနဆိုင်ရာစစ်ဆေးမှုကို ဖွင့်လှစ်ဆောင်ရွက်ရ မည်ဖြစ်ပါသည်။

၈။         တရားရုံး၏ပြစ်ဒဏ်ချမှတ်ခြင်းခံရသည့် ဝန်ထမ်းအား တာဝန်မှယာယီရပ်ဆိုင်းသည့် အမိန့်ကို ပယ်ဖျက်ခြင်းမရှိသေးပါသဖြင့် မည်သည့်နေ့ရက်အထိ စားစရိတ်တွက်ပေးခွင့်ရှိ/ မရှိနှင့် ၎င်းအား ဝန်ထမ်းအဖြစ်မှထုတ်ပစ်နိုင်ရေး အမိန့်ကြော်ငြာစာထုတ်ပြန်မည်ဖြစ်ပါသဖြင့်  နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများနှင့် ကိုက်ညီမှုရှိ/ မရှိကိစ္စ

သက်ဆိုင်ရာဌာနအနေဖြင့် ဝန်ထမ်းအား အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ၊ ပုဒ်မ ၅၆ အရ တရားစွဲဆိုခြင်းခံရသည့်အတွက် နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၁၇၃၊ နည်းဥပဒေခွဲ (က) ပါပြဋ္ဌာန်းချက်နှင့်အညီ တာဝန်မှယာယီရပ်ဆိုင်းခဲ့ခြင်းဖြစ်သဖြင့် ယင်းအား တိုင်းဒေသကြီးတရားလွှတ်တော်မှ ထောင်ဒဏ် (၄) နှစ် (ထောင်ဒဏ်မှချုပ်ရက်များ ထုတ်နုတ် ကျခံစေ) ကျခံစေရန် အမိန့်ချမှတ်ခဲ့ပြီးဖြစ်သည့်အတွက် တရားရုံးမှ ပြစ်ဒဏ်ချမှတ်ခဲ့သည့် ရက်နေ့ အထိ စားစရိတ်ထောက်ပံ့ကြေးကို ခံစားခွင့်ပြုသင့်ပါသည်။  သက်ဆိုင်ရာဌာနအနေဖြင့် တရားရုံးမှ ပြစ်ဒဏ်ချမှတ်ခြင်းခံရသည့် ဝန်ထမ်းအား ဌာနဆိုင်ရာစစ်ဆေးမှုဖွင့်၍ စစ်ဆေးကြားနာခြင်း မပြုလုပ်ဘဲ၊ ဝန်ထမ်းအဖြစ်မှထုတ်ပစ်ခြင်း (Dismiss) ပြစ်ဒဏ်ချမှတ်မည်ဆိုပါက နိုင်ငံ့ဝန်ထမ်းဥပဒေ၊ ပုဒ်မ ၄၁ နှင့် နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၁၇၀၊ နည်းဥပဒေခွဲ (ဂ) နှင့် နည်းဥပဒေ ၁၉၃၊ နည်းဥပဒေခွဲ (ခ) တို့ပါပြဋ္ဌာန်းချက်များအရ ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။ သို့ရာတွင် ဝန်ထမ်းမှ တိုင်းဒေသကြီးတရားလွှတ်တော်မှ ချမှတ်ခဲ့သည့်အမိန့်အပေါ် အယူခံဝင်ရောက်၍ အယူခံတရားရုံးမှ မူလတရားရုံး၏ ပြစ်ဒဏ်ကိုပယ်ဖျက်ခဲ့မည်ဆိုပါက ဌာနအနေဖြင့် နည်းဥပဒေ ၂၁၄၊ နည်းဥပဒေခွဲ (က) ပါပြဋ္ဌာန်းချက်နှင့်အညီ ဝန်ထမ်းအား ဝန်ထမ်းအဖြစ်မှထုတ်ပစ်ခြင်း (Dismiss) ပြစ်ဒဏ်ချမှတ် ခဲ့ခြင်းကို ပြန်လည်သုံးသပ်စိစစ်ရမည်ဖြစ်ပါသည်။

၉။         တာဝန်ပျက်ကွက်သော ဝန်ထမ်းများအား ရာထူးမှထုတ်ပယ်ခြင်း သို့မဟုတ် ဝန်ထမ်း အဖြစ်မှထုတ်ပစ်ခြင်း ရုံးအမိန့်ထုတ်ပြန်စာ၌ ဝန်ထမ်းလစာ () လစာ အတိုးမဲ့ထုတ်ချေးငွေ (ရှိလျှင်) ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ နိုင်ငံခြားပညာတော်သင် စိစစ်ရွေးချယ်စေလွှတ်ရေးကော်မတီမှ သတ်မှတ်ထားသည့်သင်တန်းများအတွက် လျော်ကြေးငွေ(ရှိလျှင်) နှင့် တာဝန်ထမ်းဆောင်ရန် ခံဝန်ချက် သတ်မှတ်ငွေများ (ရှိလျှင်) ကို နိုင်ငံတော်သို့ပေးလျော်စေရန်ဟု ရုံးအမိန့်တွင် ထည့်သွင်းလျက် ထုတ်ပြန်ခြင်းမှာ ဆီလျော်သင့်မြတ်မှု ရှိ မရှိကိစ္စ

ဌာနများတွင် လတ်တလောဖြစ်ပေါ်နေသော အခြေအနေများ ကြောင့် လုံလောက်သော အကြောင်းပြချက်မရှိဘဲ လုပ်ငန်းခွင်မှ အကြောင်းမဲ့ပျက်ကွက်နေသည့် ဝန်ထမ်းများအား နိုင်ငံ့ ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိရာ အရေးယူခံရသည့် ဝန်ထမ်းများတွင် နိုင်ငံတော်မှ လစာ (၂) လစာ အတိုးမဲ့ချေးထားသည့် နိုင်ငံ့ ဝန်ထမ်းများနှင့် နိုင်ငံခြားပညာတော်သင် စိစစ်ရွေးချယ်စေလွှတ်ရေးကော်မတီ၏ ခွင့်ပြုချက်ဖြင့် ပညာသင် သွားရောက်ခဲ့ပြီး ပြန်လည်တာဝန်ထမ်းဆောင်ရမည့် သတ်မှတ်ကာလ မပြည့်မီသဖြင့် ပညာသင် လျော်ကြေးပေးဆောင်ရမည့် နိုင်ငံ့ဝန်ထမ်းများလည်း ပါဝင်နေပါသည်။

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန (ယခင်စီမံကိန်း၊ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန)မှ ၄-၉-၂၀၂၀ ရက်စွဲပါစာ၊ အပိုဒ် (၂)၊ အပိုဒ်ခွဲ(ခ)၊ အပိုဒ်ခွဲငယ် (၃) ပါ သတ်မှတ်ချက်အရ လစာ (၂) လစာချေးငွေကို အပြေအကျေကောက်ခံပြီးမှ ရာထူးမှထုတ်ပယ်ခြင်း၊ ဝန်ထမ်းအဖြစ်မှထုတ်ပစ်ခြင်း ပြုလုပ်မည်ဆိုပါက လတ်တလောဖြစ်ပေါ်နေသော အခြေအနေများအရ အဆိုပါသတ်မှတ်ချက်နှင့် အညီ ဆောင်ရွက်ရာတွင် နှောင့်နှေးကြန့်ကြာမှုများဖြစ်ပေါ်လာနိုင်ပြီး ဝန်ကြီးဌာနနှင့်အဖွဲ့အစည်း များ၌လည်း ဝန်ထမ်းရေးရာစီမံခန့်ခွဲမှုများ ဆောင်ရွက်ရာတွင် ရှုပ်ထွေးမှုများဖြစ်ပေါ် လာနိုင်မည် ဖြစ်ပါသည်။

သို့ဖြစ်ပါ၍ သက်ဆိုင်ရာဌာနအနေဖြင့် တာဝန်ပျက်ကွက်သော ဝန်ထမ်းများအား ရာထူးမှ ထုတ်ပယ်ခြင်း သို့မဟုတ် ဝန်ထမ်းအဖြစ်မှထုတ်ပစ်ခြင်း ရုံးအမိန့်/ အမိန့်ကြော်ငြာစာများ၌ ဝန်ထမ်းလစာ (၂) လစာ အတိုးမဲ့ထုတ်ချေးငွေ (ရှိလျှင်)၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ နိုင်ငံခြား ပညာတော်သင် စိစစ်ရွေးချယ်စေလွှတ်ရေးကော်မတီမှ သင်တန်းအလိုက်သတ်မှတ်ထားသည့် ကာလအပြည့် တာဝန်မထမ်းဆောင်လျှင် ပေးလျော်ရမည့် လျော်ကြေးငွေများ (ရှိလျှင်)နှင့် တာဝန် ထမ်းဆောင်ရန် ခံဝန်ချက် သတ်မှတ်ငွေများ (ရှိလျှင်) ကို နိုင်ငံတော်သို့ပေးလျော်စေရန်ဟု ရုံးအမိန့် စာတွင် ထည့်သွင်းလျက် ထုတ်ပြန်ခြင်းမှာ ဆီလျော်သင့်မြတ်မှုရှိပါသည်။

၁၀။    တရားရုံး၌ လူမှုရေးကိစ္စနှင့် အမှုရင်ဆိုင်ဆဲ တာဝန်ထမ်းဆောင်လျက်ရှိသည့် ဝန်ထမ်း၏ လစာစရိတ်နှင့် နှစ်တိုးခံစားခွင့်ရရှိရေးကိစ္စ

သက်ဆိုင်ရာဌာနအနေဖြင့် ဝန်ထမ်းအားတရားရုံးမှ ဥပဒေကြောင်းအရ တရားစွဲဆို ခံရသည့်အတွက် တာဝန်မှယာယီရပ်ဆိုင်းခဲ့ခြင်းမရှိသည့်အပြင် ဝန်ထမ်းသည် တရားရုံးမှ ရုံးချိန်း ခေါ်ယူပါက ရှောင်တခင်ခွင့်တင်ပြ၍ သွားရောက်အမှုရင်ဆိုင်လျက်ရှိပြီး ရုံးလုပ်ငန်း တာဝန်များကို မပျက်မကွက်ထမ်းဆောင်လျက်ရှိသဖြင့် နိုင်ငံ့ဝန်ထမ်းဥပဒေ၊ ပုဒ်မ ၁၂ ပါပြဋ္ဌာန်းချက် အရ ဝန်ထမ်းအား လစာမှယာယီရပ်ဆိုင်းခဲ့သည့် ၂၀၁၉ ခုနှစ်၊ ဩဂုတ်လမှစ၍ ယနေ့အထိ ခံစားခွင့်ရှိမည်ဖြစ်သော လစာ၊ ဒေသစရိတ်နှင့် နှစ်တိုးများကို ပြန်လည်ထုတ်ယူခွင့်ပြုရမည် ဖြစ်ပါသည်။

my_MMMY