ပြည်ထောင်စုရာထူးဝန်အဖွဲ့

ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ၊ နည်းဥပဒေများ၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊

နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ ဝန်ထမ်းရေးရာ ကိစ္စရပ်များ


Search
Generic filters
Filter by Lawbook Names
နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ
နိုင်ငံ့ဝန်ထမ်းဥပဒေ
ပြည်ထောင်စုရာထူးဝန်အဖွဲ့နည်းဥပဒေများ
ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ
ဝန်ထမ်းရေးရာကိစ္စရပ်များ

ဤစကားလုံးများဖြင့်ရှာဖွေနိုင်သည်။ ပုဒ်မ(၁)နည်းဥပဒေ(၁)အပိုဒ်(၁)အခန်း(၁)rule(1)article(1)section(1)chapter(1)

ပြည်ထောင်စုရာထူးဝန်အဖွဲ့နည်းဥပဒေများ

{ ပြည်ထောင်စုရာထူးဝန်အဖွဲ့နည်းဥပဒေများကို ပြင်ဆင်သည့်နည်းဥပဒေများ (၃၀-၁-၂၀၂၃) ပါ
ထုတ်ပြန်ချက်များနှင့် ပြင်ဆင်ဖြည့်စွက်ထားပါသည် }

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ပြည်ထောင်စုရာထူးဝန်အဖွဲ့

အမိန့်ကြော်ငြာစာအမှတ် ၈၁/၂၀၂၀

၁၃၈၂ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၉ ရက်

(၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၁၁ ရက်)

ပြည်ထောင်စုရာထူးဝန်အဖွဲ့သည် ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ ပုဒ်မ ၂၇၊ ပုဒ်မခွဲ (က) အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ပြည်ထောင်စု အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ဤနည်းဥပဒေများကို ထုတ်ပြန်လိုက်သည်။

အခန်း(၁)
အမည်နှင့်အဓိပ္ပာယ်ဖော်ပြချက်

၁။ ဤနည်းဥပဒေများကို ပြည်ထောင်စုရာထူးဝန်အဖွဲ့နည်းဥပဒေများ ဟု ခေါ်တွင်စေရမည်။

၂။ အောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပာယ်သက်ရောက်စေရမည် –

  • (က) အရာထမ်း ဆိုသည်မှာ ပြန်တမ်းဝင်အရာရှိအဆင့်နှင့်အထက် ရာထူး အဆင့်ရှိ ဝန်ထမ်းများကိုဆိုသည်။
  • (ခ) အမှုထမ်း ဆိုသည်မှာ ပြန်တမ်းဝင်အရာရှိအဆင့်အောက် ရာထူး အဆင့်ရှိ ဝန်ထမ်းများကိုဆိုသည်။
  • (ဂ) စတင်ခန့်ရာထူး ဆိုသည်မှာ ဝန်ထမ်းအဖွဲ့အစည်း အသီးသီးရှိ ဝန်ထမ်းအမျိုးအစား အလိုက် စတင် ဝင်ရောက်ရမည့် ရာထူးအဆင့်ကို ဆိုသည်။
  • (ဃ) အလုပ်သင်ခန့်ထားခြင်း ဆိုသည်မှာ ဝန်ထမ်းအဖွဲ့အစည်း၏ ဖွဲ့စည်းပုံပါ ခန့်ထားလိုသောရာထူးကို ကျောထောက်နောက်ခံပြု၍ လုပ်ငန်း တာဝန်နှင့်သက်ဆိုင်သည့် ကျွမ်းကျင်မှုအရည်အချင်းများကို ပြည့်ဝစေရန် ရည်ရွယ်၍ ခန့်ထားခြင်းကိုဆိုသည်။
  • (င) ရာထူးသက် ဆိုသည်မှာ လက်ရှိရာထူးအဆင့်တွင် တာဝန် ထမ်းဆောင်သည့်ကာလကိုဆိုသည်။
  • (စ) လုပ်သက် ဆိုသည်မှာ ဝန်ထမ်းအဖွဲ့အစည်းတစ်ခုတွင် ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကာလကိုဆိုသည်။ ယင်းစကားရပ်တွင် အလုပ်သင်ကာလ၊ အစမ်းခန့်ကာလ၊ လစာမဲ့ခွင့်မှအပ ခွင့်ခံစားနေသော ကာလ၊ တာဝန်ချိန်အဖြစ် သတ်မှတ်ခွင့်ပြုထားသော တာဝန်မှယာယီ ရပ်ဆိုင်းသည့်ကာလနှင့်တာဝန်ချိန်အဖြစ် သတ်မှတ်ခွင့်ပြုထားသော အခြားတာဝန်ထမ်းဆောင်သည့် ကာလများလည်း အကျုံးဝင်သည်။
  • (ဆ) ကူးပြောင်းချိန် ဆိုသည်မှာ ဒေသတစ်ခုမှတစ်ခုသို့ ပြောင်းရွှေ့ရသည့် ဝန်ထမ်းကို မူလရာထူးရှိရာဒေသမှ ပြောင်းရွှေ့ရမည့်ဒေသသို့ သွားရောက်ရန် ခွင့်ပြုသည့် ကာလကိုဆိုသည်။
  • (ဇ) ပြင်ပဝန်ထမ်း ဆိုသည်မှာ ပြည်တွင်း၌ဖြစ်စေ၊ ပြည်ပ၌ဖြစ်စေ ပြင်ပ အဖွဲ့အစည်းတစ်ခုခု၌ ပြည်ထောင်စုအစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် အချိန်ပြည့်လွှဲပြောင်းတာဝန်ထမ်းဆောင်နေပြီး လစာကို နိုင်ငံတော် ဘဏ္ဍာရန်ပုံငွေမှအပဖြစ်သော အခြားဘဏ္ဍာရန်ပုံငွေ တစ်ရပ်ရပ်မှ ရယူခံစားနေသော ဝန်ထမ်းကိုဆိုသည်။
  • (ဈ) ပြင်ပဝန်ထမ်းစည်းကမ်းချက် ဆိုသည်မှာ ပြင်ပဝန်ထမ်းလိုက်နာရန် သက်ဆိုင်ရာ ဝန်ကြီးဌာနနှင့်အဖွဲ့အစည်းက ထုတ်ပြန်သည့် စည်းကမ်း များကိုဆိုသည်။

အခန်း(၂)
ဝန်ထမ်းများ ရွေးချယ်ခန့်ထားခြင်း

၃။ ဝန်ထမ်းအမျိုးအစားများမှာ အောက်ပါအတိုင်းဖြစ်သည် –

  • (က) စီမံခန့်ခွဲရေးဝန်ထမ်း (အုပ်ချုပ်ရေး၊ လူမှုရေး)၊
  • (ခ) စီမံခန့်ခွဲရေးဝန်ထမ်း (စီးပွားရေး)၊
  • (ဂ) ပညာရှင်ဝန်ထမ်း၊
  • (ဃ) ကျွမ်းကျင်ဝန်ထမ်း၊
  • (င) စာရေးဝန်ထမ်း၊
  • (စ) အကူဝန်ထမ်း။

၄။ ဝန်ထမ်းများ ရွေးချယ်ခန့်ထားရာတွင် ခန့်ထားမည့် စတင်ခန့်ရာထူးအတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနနှင့်အဖွဲ့အစည်းက သတ်မှတ်ထားသော အရည်အချင်းနှင့် ပြည့်စုံသူများအား ယှဉ်ပြိုင်ရွေးချယ်သည့်စနစ်ဖြင့် ရွေးချယ်ခန့်ထားရမည်။

၅။ အဖွဲ့က ရွေးချယ်ပေးရမည့် ရာထူးအဆင့်မှအပ အမှုထမ်းများအတွက် စတင်ခန့် ရာထူးအဆင့်များမှာ အောက်ပါအတိုင်းဖြစ်သည် –

  • (က) အကူဝန်ထမ်းအဆင့် (၁)၊
  • (ခ) စာရေးဝန်ထမ်းအဆင့် (၁)၊
  • (ဂ) ကျွမ်းကျင်ဝန်ထမ်းအဆင့် (၁)၊ အဆင့် (၂) နှင့်အဆင့် (၄)၊
  • (ဃ) ပညာရှင်အဆင့် (၁)၊ အဆင့် (၂) နှင့် အဆင့် (၃)၊
  • (င) စီမံခန့်ခွဲရေးဝန်ထမ်း (စီးပွားရေး) အဆင့် (၁) နှင့် အဆင့် (၂)၊
  • (စ) စီမံခန့်ခွဲရေးဝန်ထမ်း (အုပ်ချုပ်ရေး၊ လူမှုရေး) အဆင့် (၁)။

၆။ သက်ဆိုင်ရာဝန်ကြီးဌာနနှင့်အဖွဲ့အစည်းများသည် ကျွမ်းကျင်ဝန်ထမ်းအဆင့် (၃) ရာထူးအဆင့်တွင် လုပ်ငန်းသဘာဝအရဖြစ်စေ၊ ရာထူးအဆင့်အတွက် သတ်မှတ် ထားသည့် အရည်အချင်းအရဖြစ်စေ၊ ပြင်ပပုဂ္ဂိုလ်အား ရွေးချယ်ခန့်အပ်ရန် လိုအပ်သည့် ကိစ္စတွင် ခန့်အပ်လိုသည့် ကျွမ်းကျင်ဝန်ထမ်းအဆင့် (၃) ရာထူးကို ကျောထောက် နောက်ခံပြု၍ ကျွမ်းကျင်ဝန်ထမ်းအဆင့် (၂) ရာထူးတွင် ဦးစွာ အလုပ်သင်ခန့်ထား ခြင်းကို ပြုလုပ်၍ လုပ်ငန်းဆောင်ရွက်မှုကို ကျေနပ်မှုရှိပါက ကျောထောက်နောက်ခံ ပြုထားသည့် ကျွမ်းကျင်ဝန်ထမ်းအဆင့် (၃) ရာထူးတွင် ခန့်ထားရမည်။

၇။(က) ဝန်ကြီးဌာနနှင့်အဖွဲ့အစည်းအသီးသီးတွင် ပြန်တမ်းဝင်အရာရှိအဆင့်စတင်ခန့်ရာထူးနေရာ လစ်လပ်မှုရှိသဖြင့် ပြင်ပပုဂ္ဂိုလ်အား ခန့်အပ်လိုပါက အဖွဲ့ကသာ ရွေးချယ်ပေးရမည်။

(ခ) ထူးခြားသည့် အခြေအနေတစ်ရပ်ရပ်ကြောင့် ပြင်ပပုဂ္ဂိုလ်အားတိုက်ရိုက်ခန့်အပ်ရန် လိုအပ်လျှင် သက်ဆိုင်ရာ ဝန်ကြီးဌာနနှင့်အဖွဲ့အစည်းက အဖွဲ့သို့ အဆိုပြုရမည်ဖြစ်ပြီး အဖွဲ့၏ထောက်ခံချက်နှင့်အတူ ပြည်ထောင်စုအစိုးရအဖွဲ့ထံ တင်ပြခွင့်ပြုချက်ရယူရမည်။

၈။ ဝန်ကြီးဌာနနှင့်အဖွဲ့အစည်းများသည် လစ်လပ်သော ပြန်တမ်းဝင်အရာရှိအဆင့် စတင်ခန့် ရာထူးနေရာများတွင် ပြင်ပပုဂ္ဂိုလ်အား ခန့်အပ်လိုပါက ရွေးချယ်ပေးရမည့် အရေအတွက်နှင့်သတ်မှတ်ချက်များဖော်ပြ၍ ရွေးချယ်ပေးရန် အဖွဲ့သို့ အဆိုပြုရမည်။

၉။ အဖွဲ့သည် ဝန်ကြီးဌာနနှင့်အဖွဲ့အစည်းများမှ အဆိုပြုလာသည့် အဆိုပြုချက် များကို စိစစ်၍ သတ်မှတ်ထားသည့် အရည်အချင်းများနှင့် ပြည့်စုံသူများအား ယှဉ်ပြိုင် စနစ်ဖြင့် ရွေးချယ်နိုင်ရန် လျှောက်လွှာခေါ်ယူသည့် ကြော်ငြာကို သတင်းစာများတွင် အနည်းဆုံးတစ်ကြိမ်စီ ထည့်သွင်းကြော်ငြာရမည်။ ထို့ပြင် အဖွဲ့ရုံးရှိ ကြော်ငြာသင်ပုန်း တွင်လည်း ကြော်ငြာစာကို ကပ်ထားရမည်။

၁၀။ နည်းဥပဒေ ၉ အရ ကြော်ငြာရာတွင် ဝန်ကြီးဌာနနှင့်အဖွဲ့အစည်းများ၏ လုပ်ငန်းသဘာဝအရ အနည်းဆုံးလိုအပ်သော ပညာအရည်အချင်းကို သတ်မှတ်ရမည်။ အသက်ကန့်သတ်ချက်အား လျှောက်လွှာပိတ်သည့်နေ့ကို မူတည်၍ အတိအကျ သတ်မှတ် ထားရမည်။ ထို့ပြင် ထူးခြားသော အခြေအနေနှင့် လုပ်ငန်းသဘာဝအရ သီးခြား အရည်အချင်းသတ်မှတ်ခြင်းနှင့် အသက်ကန့်သတ်ချက်ဖော်ပြခြင်းတို့ကို ပြုလုပ်လိုပါက သက်ဆိုင်ရာဝန်ကြီးဌာနနှင့်အဖွဲ့အစည်းများသည် အဖွဲ့နှင့် ညှိနှိုင်း၍သတ်မှတ်ရမည်။

my_MMMY