ပြည်ထောင်စုရာထူးဝန်အဖွဲ့

ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ၊ နည်းဥပဒေများ၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊

နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ ဝန်ထမ်းရေးရာ ကိစ္စရပ်များ


Search
Generic filters
Filter by Lawbook Names
နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ
နိုင်ငံ့ဝန်ထမ်းဥပဒေ
ပြည်ထောင်စုရာထူးဝန်အဖွဲ့နည်းဥပဒေများ
ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ
ဝန်ထမ်းရေးရာကိစ္စရပ်များ

ဤစကားလုံးများဖြင့်ရှာဖွေနိုင်သည်။ ပုဒ်မ(၁)နည်းဥပဒေ(၁)အပိုဒ်(၁)အခန်း(၁)rule(1)article(1)section(1)chapter(1)

အမိန့်ကြော်ငြာစာ အမှတ် ၂/၂၀၂၂

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ပြည်ထောင်စုရာထူးဝန်အဖွဲ့

အမိန့်ကြော်ငြာစာအမှတ် ၂/၂၀၂၂

၁၃၈၃ ခုနှစ်၊ ပြာသိုလဆန်း ၁၃ ရက်

(၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၁၄ ရက် )

နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၃၇ အရ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများနှင့် ပြည်ထောင်စုအဆင့်ဝန်ကြီးဌာနများက ထူးချွန်သည့်ဝန်ထမ်းများကို ပညာအရည်အချင်းသတ်မှတ်ချက်နှင့် ပြည့်မီခြင်းမရှိသော်လည်း ကြိုးစားမှု၊ လေ့လာမှုထူးကဲသာလွန်သည့် ဝန်ထမ်းများကို ချီးမြှောက်နိုင်ရန်အတွက် ပညာအရည်အချင်း သတ်မှတ်ချက်ကို လျှော့ပေါ့၍ ရာထူးတိုးမြှင့်ခန့်ထားနိုင်ရေး ပြည်ထောင်စု အစိုးရအဖွဲ့သို့ တင်ပြရာတွင် လိုက်နာဆောင်ရွက်ရန် နိုင်ငံ့ဝန်ထမ်းဥပဒေပုဒ်မ ၇၆၊ ပုဒ်မခွဲ (ခ) အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ သတ်မှတ်လိုက်သည်။

၁။ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများနှင့် ပြည်ထောင်စုအဆင့်ဝန်ကြီးဌာနများအနေဖြင့် ပညာအရည်အချင်းသတ်မှတ်ချက်ကိုလျှော့ပေါ့၍ ရာထူးတိုးမြှင့်ခြင်းဆောင်ရွက်ရာတွင် အောက်ဖော်ပြပါ သတ်မှတ်ချက်များနှင့် ကိုက်ညီသည့် ဝန်ထမ်းများကိုသာ ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြရမည်-

  • (က) အရာထမ်းအဆင့်
    • (၁) တိုးမြှင့်ခန့်ထားလိုသည့် ရာထူးအတွက် ပြည်ထောင်စုအစိုးရအဖွဲ့၏ အတည်ပြုချက်ဖြင့် သက်ဆိုင်ရာပြည်ထောင်စုအဆင့် အဖွဲ့အစည်းများနှင့် ပြည်ထောင်စု အဆင့်ဝန်ကြီးဌာနများအလိုက် သတ်မှတ်ထားသော အနည်းဆုံးပညာ အရည်အချင်း သတ်မှတ်ချက်အောက် အနီးစပ်ဆုံး ပညာအရည်အချင်းရှိသူဖြစ်ရမည်။
    • (၂) ဒုတိယညွှန်ကြားရေးမှူးရာထူးနှင့် လစာနှုန်းတူရာထူးအဆင့်ထိသာ အမြင့်ဆုံးတိုးမြှင့်ခန့်ထားရမည်။ သို့ရာတွင် တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီး ဘွဲ့မရရှိသူဖြစ်ပါက ဦးစီးအရာရှိရာထူးနှင့် လစာနှုန်းတူရာထူးအဆင့်ထိသာ အမြင့်ဆုံး ခန့်အပ်ရမည်။
    • (၃) အနည်းဆုံး လက်ရှိရာထူးသက် ၁၀ နှစ် နှင့် စုစုပေါင်းလုပ်သက် ၂၅နှစ် ရှိရမည်။
    • (၄) ဌာန အတွက် ထူးချွန်ပြောင်မြောက်စွာ ဆောင်ရွက်ခဲ့သည့် မှတ်တမ်း အထောက်အထားတင်ပြရမည်။
    • (၅) ဝန်ထမ်းဆိုင်ရာ ပြစ်မှုမှတ်တမ်းမရှိသူဖြစ်ရမည်။ ပြစ်မှုမှတ်တမ်းရှိပါက ပြစ်ဒဏ်ကာလကုန်ဆုံး ပြီး (၂) နှစ်အတွင်း အဆိုပြုတင်ပြခြင်းမပြုရ။
    • (၆) ပြည်ထောင်စုရာထူးဝန်အဖွဲ့က သတ်မှတ်ထားသော သင်တန်းများအနက် အနည်းဆုံးသင်တန်းတစ်ခု တက်ရောက်အောင်မြင်ပြိးသူဖြစ်ရမည်။
    • (၇) ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများနှင့် ပြည်ထောင်စုအဆင့်ဝန်ကြီးဌာနများ အနေဖြင့် တိုးမြှင့်ခန့်ထားမည့် ရာထူး၏ လုပ်ငန်းတာဝန်များကို ကျွမ်းကျင်စွာဆောင်ရွက် နိုင်မည့်သူကိုသာ ပညာအရည်အချင်းသတ်မှတ်ချက်ကို လျှော့ပေါ့၍ ရာထူးတိုးမြှင့်ခန့်ထားရန် တင်ပြရမည်။ ဝန်ထမ်းတစ်ဦးအား အများဆုံး (၂) ကြိမ်အထိသာ ထောက်ခံတင်ပြရမည်။
  • (ခ) အမှုထမ်းအဆင့်
    • (၁) ပညာအရည်အချင်းအနည်းဆုံးအလယ်တန်းအဆင့်ရှိရမည်။
    • (၂) ရုံးအုပ်ရာထူးနှင့် လစာနှုန်းတူရာထူးအဆင့်ထိသာ အမြင့်ဆုံးတိုးမြှင့်ခန့်ထားရမည်။
    • (၃) လက်ရှိရာထူးသက် အနည်းဆုံး ၇ နှစ်နှင့် စုစုပေါင်းလုပ်သက် ၁၅ နှစ်ရှိရမည်။
    • (၄) ဌာနအတွက် ထူးချွန်ပြောင်မြောက်စွာ ဆောင်ရွက်ခဲ့သည့် မှတ်တမ်းအထောက်အထားတင်ပြရမည်။
    • (၅) ဝန်ထမ်းဆိုင်ရာ ပြစ်မှုမှတ်တမ်းမရှိသူဖြစ်ရမည်။ ပြစ်မှုမှတ်တမ်းရှိပါကက ပြစ်ဒဏ်ကာလကုန်ဆုံးပြီး (၂) နှစ်အတွင်း အဆိုပြုတင်ပြခြင်းမပြုရ။
    • (၆) ပြည်ထောင်စုရာထူးဝန်အဖွဲ့က သတ်မှတ်ထားသော သင်တန်းများအနက် အနည်းဆုံးသင်တန်းတစ်ခု တက်ရောက်အောင်မြင်ပြီးသူဖြစ်ရမည်။
    • (၇) ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများနှင့် ပြည်ထောင်စုအဆင့် ဝန်ကြီးဌာနများ အနေဖြင့် တိုးမြှင့်ခန့်ထားမည့် ရာထူး၏ လုပ်ငန်းတာဝန်များကို ကျွမ်းကျင်စွာ ဆောင်ရွက်နိုင်မည့်သူကိုသာ ပညာအရည်အချင်း သတ်မှတ်ချက်ကို လျှော့ပေါ့၍ ရာထူးတိုးမြှင့်ခန့်ထားရန် တင်ပြရမည်။ ဝန်ထမ်းတစ်ဦးအား အများဆုံး (၂) ကြိမ်အထိသာ ထောက်ခံတင်ပြရမည်။

၂။ သက်ဆိုင်ရာ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများနှင့် ပြည်ထောင်စုအဆင့် ဝန်ကြီးဌာနများအနေဖြင့် လူမှုရေးခက်ခဲသော ဒေသများနှင့် လူမှုရေးအခက်ခဲဆုံးဒေသများရှိ ဝန်ထမ်းများအတွက် ပညာအရည်အချင်းသတ်မှတ်ချက်ကို လျှော့ပေါ့၍ ရာထူးတိုးမြှင့်ခန့်ထားနိုင်ရေးနှင့် စပ်လျဉ်း၍ သီးခြားကိစ္စရပ်အနေဖြင့် တင်ပြဆောင်ရွက်ရမည်။

၃။ ပြည်ထောင်စုအစိုးရအဖွဲ့မှ အတည်ပြုထားသည့် ရာထူးအဆင့်အလိုက် အနည်းဆုံး လိုအပ်သော ပညာအရည်အချင်း၊ ကျွမ်ကျင်မှုအရည်အချင်း သတ်မှတ်ချက်များအား ဖွဲ့စည်းပုံပြင်ဆင်ခြင်း၊ အသစ်တင်ပြခြင်း၊ တိုးချဲ့ခြင်းတို့ကြောင့် ပြင်ဆင်ရန်လိုအပ်လာသည့် ကိစ္စရပ်များမှ အပ (၃) နှစ်အတွင်း ပြင်ဆင်ရန် တင်ပြခြင်းမပြုရ။

၄။ ရာထူးအဆင့် အလိုက် အနည်းဆုံး ရှိရမည့် ပညာအရည်အချင်း သတ်မှတ်ချက်ကို လျှော့ပေါ့၍ ရာထူးတိုးမြှင့်ခန့်ထားခြင်းဆိုင်ရာကိစ္စရပ်များကို ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများနှင့် ပြည်ထောင်စု အဆင့်ဝန်ကြီးဌာနများအနေဖြင့် ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ သဘောထားမှတ်ချက်နှင့် အတူ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးသို့ ဧပြီ/ဩဂုတ်/ဒီဇင်ဘာလများ၏ နောက်ဆုံးပတ်များတွင်သာ အဆိုပြုတင်ပြရမည်။

 

သန်းဆွေ

ဥက္ကဋ္ဌ

ပြည်ထောင်စုရာထူးဝန်အဖွဲ့

 

စာအမှတ်၊ ၁၄၇ / ဥပဒေ / ၁ /၂၀၂၂

ရက်စွဲ၊ ၂၀၂၂ ခုနှစ်၊ ဇနန်နဝါရီလ ၁၄ ရက်

my_MMMY