ပြည်ထောင်စုရာထူးဝန်အဖွဲ့

ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ၊ နည်းဥပဒေများ၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊

နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ ဝန်ထမ်းရေးရာ ကိစ္စရပ်များ


Search
Generic filters
Filter by Lawbook Names
နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ
နိုင်ငံ့ဝန်ထမ်းဥပဒေ
ပြည်ထောင်စုရာထူးဝန်အဖွဲ့နည်းဥပဒေများ
ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ
ဝန်ထမ်းရေးရာကိစ္စရပ်များ

ဤစကားလုံးများဖြင့်ရှာဖွေနိုင်သည်။ ပုဒ်မ(၁)နည်းဥပဒေ(၁)အပိုဒ်(၁)အခန်း(၁)rule(1)article(1)section(1)chapter(1)

၇။ အငြိမ်းစားယူခြင်းကိစ္စ


နည်းဥပဒေ ၂၃၁ အရ ဝန်ထမ်းတစ်ဦးသည် ဝန်ထမ်းစည်းကမ်းဆိုင်ရာပြစ်မှုတစ်ရပ်ရပ် သို့မဟုတ် ဥပဒေတစ်ရပ်ရပ်ကိုကျူးလွန်ခြင်းကြောင့် တာဝန်မှယာယီရပ်ဆိုင်းထားခြင်း သို့မဟုတ် စုံစမ်းစစ်ဆေးခြင်းခံနေရစဉ်ကာလအတွင်း  အငြိမ်းစားယူရမည့် အသက်ပြည့်သော်လည်း စုံစမ်း စစ်ဆေးခြင်းနှင့်စပ်လျဉ်း၍ အပြီးသတ်အမိန့်မချမှတ်ရသေးမီ အငြိမ်းစားယူခွင့်မပြုရ။

နည်းဥပဒေ ၂၃၃၊ နည်းဥပဒေခွဲ(က)အရ ဝန်ထမ်းသည် တည်ဆဲဥပဒေတစ်ရပ်ရပ်ပါပြဋ္ဌာန်း ချက်များအရ သီးခြားသတ်မှတ်သည့်ကိစ္စမှတစ်ပါး အသက် ၆၀ နှစ်ပြည့်သောအခါ သတ်မှတ်ချက် များနှင့်အညီ သက်ပြည့်ပင်စင်ခံစားခွင့်ရှိသည်။

နည်းဥပဒေ ၂၃၃၊ နည်းဥပဒေခွဲ (ခ) အရ ဝန်ထမ်းသည် လုပ်သက်နှစ် (၃၀) ပြည့်လျှင် နှစ်ပြည့်ပင်စင် ခံစားခွင့်ရှိသည်။

နည်းဥပဒေ ၂၃၃၊ နည်းဥပဒေခွဲ (ဂ) အရ လုပ်သက် ၁၀ နှစ်နှင့် အထက်ရှိသည့် ဝန်ထမ်း သည်မကျန်းမာ၍ တာ၀န်ကို ဆက်လက်မထမ်းဆောင်နိုင်သည့်အခါတွင် သတ်မှတ်ထားသော ဆေးအဖွဲ့၏ ထောက်ခံချက်ဖြင့် နာမကျန်းပင်စင်ခံစားခွင့်ရှိသည်။

နည်းဥပဒေ ၂၃၃၊ နည်းဥပဒေခွဲ (ဃ) အရ “ရာထူးတစ်ခုကို ဖျက်သိမ်းလိုက်သည့်အခါ ယင်းရာထူး၌ ခန့်ထားသည့်ဝန်ထမ်းကို အခြားရာထူးတစ်ခုသို့ ပြောင်း‌ရွှေ့နေရာချထားခြင်း မပြုနိုင်လျှင်သော်လည်းကောင်း၊ ယင်းဝန်ထမ်းမှ ပြောင်းရွှေ့တာဝန်ထမ်းဆောင်ရန် ဆန္ဒမပြုလျှင် သော်လည်းကောင်း လျော်ကြေးပင်စင်ခံစားခွင့်ပြုရမည်။” ကို ဆိုလိုသည်။

နည်းဥပဒေ ၂၃၃၊ နည်းဥပဒေခွဲ (င) အရ “ဝန်ထမ်းသည် တာဝန်ထမ်းဆောင်မှုကို အကြောင်းပြု၍ ရောဂါရရှိသည့်အခါတွင်ဖြစ်စေ၊ ထိခိုက်အနာတရဖြစ်သည့်အခါတွင်ဖြစ်စေ၊ မသန်စွမ်း ဖြစ်သည့်အခါတွင်ဖြစ်စေ သတ်မှတ်ထားသောဆေးအဖွဲ့၏ထောက်ခံချက်ဖြင့် အထူးပင်စင်ခံစားခွင့် ရှိသည်။” ကို ဆိုလိုသည်။

နည်းဥပဒေ ၂၃၃၊ နည်းဥပဒေခွဲ (စ) အရ ဝန်ထမ်းသည် တာဝန်ထမ်းဆောင်နေဆဲအချိန်တွင် ဖြစ်စေ၊ အငြိမ်းစားယူပြီးနောက်မှဖြစ်စေ ကွယ်လွန်ခဲ့လျှင် ကျန်ရစ်သူမိသားစုအတွက် မိသားစု ပင်စင်ကို သတ်မှတ်ချက်များနှင့်အညီ ခံစားခွင့်ရှိသည်။

နည်းဥပဒေ ၂၃၃၊ နည်းဥပဒေခွဲ (ဆ) အရ “အသက်  ၅၅  နှစ်ပြည့်ပြီးဖြစ်သော ဝန်ထမ်းသည် လုပ်သက်နှစ် ၂၀ ကျော်လွန်လျှင်သော်လည်းကောင်း၊ အသက် ၅၀ နှစ်ပြည့်ပြီးသော ဝန်ထမ်းသည် လုပ်သက်  ၂၅ နှစ် ကျော်လွန်လျှင်သော်လည်းကောင်း  လျှော့ပေါ့ပင်စင်ခံစားခွင့်ရှိသည်။ သို့ရာတွင် နိုင်ငံတော်၏လိုအပ်ချက်အရ ဖော်ပြပါသတ်မှတ်ချက်များမပြည့်မီသော်လည်း လျှော့ပေါ့ပင်စင် ခွင့်ပြုနိုင်သည်” ကို ဆိုလိုသည်။

နည်းဥပဒေ ၂၃၄ အရ ဝန်ထမ်းတစ်ဦး ပင်စင်အကျိုးခံစားခွင့်ရှိသည့် အများဆုံး လုပ်သက် ကန့်သတ်ချက်သည် အသက်  ၁၈  နှစ်ပြည့်ချိန်မှ အမှန်တကယ် ပင်စင်ယူသည့်အချိန်အထိ ကာလများ ဖြစ်သည်။ ဝန်ထမ်း၏ အသက်  ၁၈ နှစ်ပြည့်ပြီးနောက်ပိုင်း လုပ်သက်အနက်မှ ရာထူးတွင် တာဝန် ထမ်းဆောင်လျက်ရှိသည့်ကာလများအပြင်   အောက်ပါကာလများကိုလည်း ပင်စင်အကျိုးခံစားခွင့်  တွက်ချက်ရာတွင် ထည့်သွင်းရေတွက်သည် –
  • (က)        လစာရအလုပ်သင်ကာလ၊
  • ( ခ )        အစမ်းခန့်ကာလ၊
  • ( ဂ )       ကူးပြောင်းချိန်ကာလ၊
  • (ဃ)        တာဝန်ချိန်အဖြစ်သတ်မှတ်ခြင်းခံရသော တာဝန်မှယာယီရပ်ဆိုင်းထားသည့်ကာလ၊
  • ( င )        တာဝန်ချိန်အဖြစ် မသတ်မှတ်သော်လည်း ပင်စင်ခံစားခွင့်ရှိသောကာလဟု သတ်မှတ်သည့် တာဝန်မှယာယီရပ်ဆိုင်းထားသည့်ကာလ၊
  • ( စ )       တာဝန်ချိန်ဟုသတ်မှတ်သည့် အခြားကိစ္စရပ်များအတွက် ကာလများ။

 

နည်းဥပဒေ ၂၃၅ အရ အောက်ပါခွင့်ကာလများကို ပင်စင်အကျိုးခံစားခွင့် တွက်ချက် ရာတွင် ထည့်သွင်းရေတွက်သည် –

  • (က)        လုပ်သက်ခွင့်ကာလ၊
  • ( ခ )        အထူးမသန်စွမ်းခွင့်ကာလ၊
  • ( ဂ )       ပညာလေ့လာဆည်းပူးခွင့်ကာလ၊
  • (ဃ)        မီးဖွားခွင့်ကာလ၊
  • ( င )        သောင်းကျန်းမှုများကြောင့် ခွင့်ပြုခဲ့သည့် အထူးခွင့်ကာလ၊
  • ( စ )       သင်္ဘောသားနာမကျန်းခွင့်ကာလ၊
  • (ဆ)        ပျမ်းမျှလစာရရှိသောဆေးရုံခွင့်ကာလ၊
  • ( ဇ )       ဆေးလက်မှတ်ခွင့်ကာလ။

နည်းဥပဒေ ၂၃၆ အရ ဝန်ထမ်း၏ ယခင်ဝန်ကြီးဌာနများတွင် တာဝန်ထမ်းဆောင် ခဲ့သည့်လုပ်သက်များကို ပင်စင်အကျိုးခံစားခွင့်အလို့ငှာ ပေါင်းစပ်ရေတွက်နိုင်ရေးအတွက် ယခင် လုပ်သက်သည် အနည်းဆုံးတစ်နှစ်ရှိရမည်။

နည်းဥပဒေ ၂၃၈ အရ လျော်ကြေးပင်စင်ရရှိသည့်ဝန်ထမ်းတစ်ဦးသည် လျော်ကြေး ပင်စင် လစာများ ထုတ်ယူခံစားပြီး ပြတ်တောက်ကာလရှိပြီးမှ တာဝန်ပြန်လည်ထမ်းဆောင်ရာတွင် ယင်း ထမ်းဆောင်ခဲ့သည့်နေ့မှစ၍ ပင်စင်လစာထုတ်ယူခြင်းကိုရပ်ဆိုင်းခဲ့လျှင် ယခင်လုပ်သက်ကို ပေါင်းစပ် ထည့်သွင်းတွက်ချက်ရမည်။

နည်းဥပဒေ ၂၃၉ အရ အငြိမ်းစားယူပြီးသော ဝန်ထမ်းသည် တာဝန်ပြန်လည်ထမ်းဆောင် သည့်နေ့မှစ၍ ယခင်ပင်စင်လစာကို ရပ်ဆိုင်းရမည်။ တာဝန်ပြန်လည်ထမ်းဆောင်သည့်နေ့မှစ၍ သုံးလအတွင်း ပင်စင်လစာကို ရပ်ဆိုင်းခြင်းမပြုခဲ့ပါက ယခင် အမှုထမ်းသက်ကို ပြန်လည်တာဝန် ထမ်းဆောင်သော အမှုထမ်းသက်နှင့် ပင်စင်ကိစ္စအလို့ငှာ ဆက်စပ်ခွင့်မရှိပါ။

နည်းဥပဒေ ၂၄၀ အရ နာမကျန်းပင်စင်ရရှိခံစားနေသော အငြိမ်းစားတစ်ဦးကို ကျန်းမာရေး အခြေအနေ ပြန်လည်ကောင်းမွန်လာ၍ နိုင်ငံ့တာဝန်ပြန်လည်ထမ်းဆောင်ခြင်းအား တားမြစ်ခြင်း မရှိသော်လည်း နာမကျန်းပင်စင်ယူစဉ်က ဝန်ထမ်း၏ မကျန်းမာမှုသည် တာဝန်ထမ်းဆောင်စဉ် ဖြစ်ပေါ်နေသော အခြေအနေကြောင့် ခွင့်ပြုခြင်းဖြစ်ကြောင်း ဖော်ပြထားလျှင် ယင်းဝန်ထမ်းတာဝန် ပြန်လည်ထမ်းဆောင်သည့်အခါ မူလထမ်းဆောင်ခဲ့သည့်ဌာနတွင် ပြန်လည်တာဝန်ထမ်းဆောင်ခွင့် မရှိပါ။ သို့ရာတွင် အခြားနေရာဌာနများ၌ တာဝန်ထမ်းဆောင်နိုင်ခွင့်ရှိသည်။

နည်းဥပဒေ ၂၄၁ အရ အသက် ၁၈ နှစ်ပြည့်သည့်နေ့မှစ၍ ထမ်းဆောင်ခဲ့သော စစ်မှုထမ်း သက်များကို ပင်စင်ခွင့်ပြုပိုင်ခွင့်ရှိသူက မြို့ပြဝန်ထမ်းအမှုထမ်းသက်များနှင့် ပေါင်းစပ်ရေတွက် ခွင့်ပြုနိုင်သည်။ သို့ရာတွင်-
  • (က)        စစ်မှုထမ်းသက်သည် ကျေနပ်ဖွယ်ရာရှိရမည့်ပြင် စစ်ဘက်ဆိုင်ရာပင်စင်နည်းဥပဒေ များအရ ပင်စင်ခံစားနိုင်ခွင့်ရှိ သော အမှုထမ်းသက်ဖြစ်ရမည်။
  • (ခ)          ပင်စင်လစာခံစားခွင့်မရရှိဘဲ လုပ်သက်ဆုငွေကိုသာ ခံစား ခဲ့ရပြီး ယင်းဆုငွေများကို နိုင်ငံတော်သို့ ပြန်လည်ပေးသွင်းပါက အမှုထမ်းသက်ကိုပေါင်းစပ်ထည့်သွင်းတွက်ချက် ရမည်။
  • (ဂ)          ရရှိနေသောပင်စင်လစာကို ထုတ်ယူခြင်းမှရပ်ဆိုင်းပြီး အမှုထမ်းသက်မှန်ကန်ကြောင်း နှင့်ပင်စင်နှင့်ဆုငွေ မည်မျှရရှိကြောင်းတို့ကို ကာကွယ်ရေးဝန်ကြီးဌာန ငွေစာရင်းရုံး၏ ထောက်ခံချက်ပါရှိပါက အမှုထမ်းသက်ကို ပေါင်းစပ်ထည့်သွင်းတွက်ချက်ရမည်။

နည်းဥပဒေ ၂၄၁၊ နည်းဥပဒေခွဲ (ဂ) အရ စစ်မှုထမ်းခြင်းမှအငြိမ်းစားယူခဲ့သော ဝန်ထမ်း သည် ၎င်းရရှိနေသော ပင်စင်လစာကို ထုတ်ယူခြင်းမှ ရပ်ဆိုင်းပြီး အမှုထမ်းသက်မှန်ကန်ကြောင်းနှင့် ပင်စင်နှင့် ဆုငွေမည်မျှရရှိကြောင်းတို့ကို ကာကွယ်ရေးဝန်ကြီးဌာန ငွေစာရင်းရုံး၏ ထောက်ခံချက် ပါရှိပါက အမှုထမ်းသက်ကို ပေါင်းစပ်ထည့်သွင်းတွက်ချက်ရမည်။

နည်းဥပဒေ ၂၄၄ အရ ပင်စင်အကျိုးခံစားခွင့်ကို တွက်ချက်သည့်အခါ ယင်းအကျိုးခံစားခွင့် ရှိသည့် နှစ်ပြည်သော လုပ်သက်ကိုသာ ရေတွက်ရပြီး လစွန်းရက်စွန်းများကိုပယ်ရမည်။ သို့ရာတွင် သက်ပြည့်ပင်စင်၊ နာမကျန်းပင်စင်နှင့်လျော်ကြေးပင်စင်ယူသည့်ကိစ္စများ၌ ဝန်ထမ်း၏လုပ်သက်သည် ကျေနပ်ဖွယ်ရှိလျှင် ထိုလစွန်းရက်စွန်းများတွင် နှစ်ပြည့်ရန်လိုနေသည့်ကာလကို –
  • (က)        ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးက ခြောက်လအထိ ဖြည့်စွက်ခွင့်ပြုနိုင်သည်။
  • ( ခ )        ဝန်ကြီးဌာနနှင့်အဖွဲ့အစည်းအကြီးအမှူးက  ၁၂ လ အထိ ဖြည့်စွက်ခွင့်ပြုနိုင်သည်။

နည်းဥပဒေ ၂၄၄၊ နည်းဥပဒေခွဲ (က) အရ သက်ပြည့်ပင်စင် သို့မဟုတ် နာမကျန်းပင်စင် သို့မဟုတ်  လျော်ကြေးပင်စင်ခံစားမည့် ဝန်ထမ်း၏    လုပ်သက်တွင် နှစ်ပြည့်ရန်လိုနေသည့်(၆) လကို ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးက ဖြည့်စွက်ခွင့်ပြုနိုင်သည်။

နည်းဥပဒေ ၂၄၄၊ နည်းဥပဒေခွဲ (ခ) အရ သက်ပြည့်ပင်စင် သို့မဟုတ် နာမကျန်းပင်စင် သို့မဟုတ်  လျော်ကြေးပင်စင်ခံစားမည့် ဝန်ထမ်း၏    လုပ်သက်တွင် နှစ်ပြည့်ရန်လိုနေသည့် (၆) လကို ဝန်ကြီးဌာနနှင့်အဖွဲ့အစည်းအကြီးအမှူး၏ ခွင့်ပြုချက်ဖြင့် ဖြည့်စွက်ခွင့်ပြုနိုင်သည်။

နည်းဥပဒေ ၂၄၅ အရ အောက်ပါကိစ္စများ၌ ပင်စင်အကျိုးခံစားခွင့်ရှိသည့် လုပ်သက်၏ လစွန်း ရက်စွန်းများတွင် နှစ်ပြည့်ရန်လိုနေသည့်ကာလကို ဖြည့်စွက်ရေတွက်ခွင့်မပြုရ-
  • (က)        လုပ်သက်ဆုငွေ ခံစားခွင့်ရှိသည့် လုပ်သက်တွင်  ငါးနှစ်ပြည့်ရန်လိုသည့်ကာလ၊
  • ( ခ )        ပင်စင်အကျိုးခံစားခွင့်ရှိသည့် လုပ်သက်တွင်  ၁၀ နှစ် ပြည့်ရန်လိုသည့်ကာလ၊
  • ( ဂ )       လုပ်သက် နှစ်  ၂၀ ပြည့် လျှော့ပေါ့ပင်စင်ခံစားခွင့်အတွက် လိုသည့်ကာလ၊
  • (ဃ)        လုပ်သက်  ၂၅  နှစ်ပြည့် လျှော့ပေါ့ပင်စင်ခံစားခွင့်အတွက် လိုသည့်ကာလ၊
  • ( င )        လုပ်သက် နှစ်  ၃၀  ပြည့် နှစ်ပြည့်ပင်စင်ခံစားခွင့်အတွက် လိုသည့်ကာလ။

နည်းဥပဒေ ၂၄၆ (က) (၁) အရ လုပ်သက်ဆုငွေခံစားခွင့်ရှိသည့် လုပ်သက် (၅) နှစ် မပြည့်သည့်ကိစ္စအတွက် လုပ်သက် ဆုငွေတွက်ချက်ရာတွင် လုပ်သက်နှစ် ×  နောက်ဆုံးထုတ်လစာ × ၁၀၀%  နှင့်တွက်ချက်၍ လုပ်သက်ဆုငွေရပါသည်။

လုပ်သက် (၁၀)နှစ်နှင့် အထက်ရှိသည်ကိစ္စနှင့် နှစ်ပြည့်ပင်စင် လျော့ပေါ့ပင်စင်ယူသည့်ကိစ္စ မျိုးတွင် ပင်စင်နှင့် လုပ်သက်ဆုငွေကို မည်သို့တွက်ချက်သနည်း။

နည်းဥပဒေ ၂၄၆ (ခ) (၁) အရ သက်ပြည့်ပင်စင်၊ နာမကျန်းပင်စင်၊ လျော်ကြေးပင်စင် ယူရာတွင် ပင်စင်အကျိုးခံစားခွင့်ရှိသည့် လုပ်သက် ၁၀ နှစ် နှင့်အထက်ရှိသည့်ကိစ္စနှင့် နှစ်ပြည့်ပင်စင်၊ လျှော့ပေါ့ပင်စင်ယူသည့်ကိစ္စများတွင် ပင်စင်လစာနှင့် လုပ်သက်ဆုငွေကို အောက်ပါအတိုင်း တွက်ချက်ခွင့်ပြုသည် –

  • (၁)          လုပ်သက်နှစ် × နောက်ဆုံးထုတ်လစာ × ၁.၅%  = ပင်စင်လစာ
  • (၂)           လုပ်သက်နှစ် × နောက်ဆုံးထုတ်လစာ × ၅၀% =  လုပ်သက်ဆုငွေ

နည်းဥပဒေ ၂၄၇ အရ ဝန်ထမ်း၏ မိသားစုဆိုရာတွင်အောက်ပါပုဂ္ဂိုလ်များပါဝင်သည် –
  • (က)        အမျိုးသားဝန်ထမ်းဖြစ်လျှင် တရားဝင်ဇနီးနှင့် တရားဝင်သားသမီးများ၊
  • ( ခ )        အမျိုးသမီးဝန်ထမ်းဖြစ်လျှင် တရားဝင်ခင်ပွန်းနှင့် တရားဝင်သားသမီးများ၊
  • ( ဂ )       တရားဝင်သားသမီးများဆိုရာတွင် တရားဥပဒေနှင့်အညီ မွေးစားထားသော သားသမီး များနှင့် လင်ပါ မယားပါသားသမီးများလည်းပါဝင်သည်၊
  • (ဃ)        မြေးများ၊
  • ( င )        မိဘအရင်းများ၊ ညီ အစ်ကိုအရင်းများ၊ ညီမ အစ်မအရင်းများ။

နည်းဥပဒေ ၂၄၈ (က) အရ မိသားစုပင်စင်ကို ခံစားမည့်သူ သက်ရှိထင်ရှားရှိနေသည့်အခါ အောက်ပါဦးစားပေးအစီအစဉ်အတိုင်း ခံစားခွင့်ပြုရမည်-
  • (၁)          ကွယ်လွန်သူ၏ ကျန်ရစ်သူတရားဝင်ပထမဇနီး သို့မဟုတ် တရားဝင်ခင်ပွန်း၊
  • (၂)           တရားဝင်ဇနီး သို့မဟုတ် တရားဝင်ခင်ပွန်းမရှိခဲ့သော် အသက် ၁၈ နှစ် မပြည့် သေးသည့် အိမ်ထောင်မပြုရသေးသော တရားဝင်သားသမီး သို့မဟုတ် အသက် ၁၈ နှစ် ပြည့်ပြီးဖြစ်သော်လည်း တက္ကသိုလ်၊ ကောလိပ်၊ ကျောင်းတစ်ခုခုတွင် အချိန်ပြည့် ပညာသင်ကြားလျက်ရှိသော အိမ်ထောင်မပြုရသေးသည့် တရားဝင် သားသမီး၊
  • (၃)          နည်းဥပဒေခွဲငယ် (၂) ပါ ပုဂ္ဂိုလ်များမရှိခဲ့သော် အိမ်ထောင်မပြုရသေးသည့် သမီး သို့မဟုတ် မုဆိုးမဖြစ်နေသောသမီး၊
  • (၄)          နည်းဥပဒေခွဲငယ် (၃) ပါပုဂ္ဂိုလ်များမရှိခဲ့သော် အိမ်ထောင်လည်း မပြုရသေးသည့် အပြင် အသက်လည်း  ၁၈  နှစ် မပြည့်သေးသည့် အဖမဲ့မြေး သို့မဟုတ် အသက်  ၁၈ နှစ် ပြည့်ပြီးဖြစ်သော်လည်း တက္ကသိုလ်၊ ကောလိပ်၊ ကျောင်းတစ်ခုခုတွင် အချိန်ပြည့် ပညာသင်ကြားလျက်ရှိသော အိမ်ထောင်မပြုရသေးသော အဖမဲ့မြေး။

နည်းဥပဒေ ၂၄၈ (ခ)အရ နည်းဥပဒေခွဲ (က)တွင် ဖော်ပြခဲ့သည့်အတိုင်း မိသားစုပင်စင်ကို ခံစားမည့်သူမရှိခဲ့ပါက အောက်ပါပုဂ္ဂိုလ်များကို ကွယ်လွန်သူဝန်ထမ်းနှင့်အတူ မှီခိုနေထိုင်ခဲ့ရသူ ဖြစ်ကြောင်း ခိုင်လုံသည့်အထောက်အထားကို တင်ပြနိုင်မှသာ ခံစားခွင့်ပြုရမည်-
  • (၁)          အမိအဖအရင်း၊
  • (၂)           အမိအဖမရှိပါက ဝန်ထမ်း၏အသက်  ၁၈  နှစ်မပြည့်သေးသည့် ညီ သို့မဟုတ် ညီမ သို့မဟုတ် အသက် ၁၈  နှစ်ပြည့်ပြီးဖြစ်သော်လည်း တက္ကသိုလ်၊ ကောလိပ် ကျောင်းတစ်ခုခုတွင် အချိန်ပြည့်ပညာသင်ကြားလျက်ရှိသည့် ညီ သို့မဟုတ် ညီမ၊
  • (၃)          နည်းဥပဒေခွဲငယ် (၂) ပါ ပုဂ္ဂိုလ်များမရှိပါက ဝန်ထမ်း၏အိမ်ထောင်မပြုသေးသည့် ညီမ သို့မဟုတ် အစ်မ သို့မဟုတ် မုဆိုးမဖြစ်နေသည့် ညီမ သို့မဟုတ် အစ်မ၊
  • (၄)          နည်းဥပဒေခွဲငယ် (၃) ပါ ပုဂ္ဂိုလ်များ မရှိပါက ဝန်ထမ်း၏အခြားသော ညီ သို့မဟုတ် အစ်ကို သို့မဟုတ် ညီမ သို့မဟုတ် အစ်မ။

နည်းဥပဒေ ၂၄၉ အရ မိသားစုပင်စင်ကို အောက်ပါအခြေအနေတစ်ရပ်ရပ်တွင် ဆက်လက် ခံစားခွင့်မရှိစေရ-
  • (က)        ကျန်ရစ်သူတရားဝင်ခင်ပွန်း သို့မဟုတ် ဇနီးသည် နောက်အိမ်ထောင်ပြုခြင်း၊
  • ( ခ )        ဝန်ထမ်း၏မိသားစုဝင် အိမ်ထောင်မပြုရသေးသည့် အမျိုးသား၊ အမျိုးသမီးတစ်ဦးသည် အိမ်ထောင်ပြုခြင်း၊
  • ( ဂ )       ဝန်ထမ်း၏ မိသားစုဝင်မဟုတ်သူ။

နည်းဥပဒေ ၂၅၀ (က)(၁) အရ လုပ်သက်တစ်နှစ်ပြည့်ပြီး ၅ နှစ်မပြည့်သော ဝန်ထမ်းသည် အငြိမ်းစားမယူမီ ကွယ်လွန်သွားပါက ဝန်ထမ်း၏ တရားဝင်ဇနီး သို့မဟုတ် တရားဝင်ခင်ပွန်းနှင့် အခြားမိသားစုဝင်တို့သည် ယင်းဝန်ထမ်းတာဝန်ထမ်းဆောင်ခဲ့သောလုပ်သက်သည် ၅ နှစ်မပြည့်သည့် အတွက် နောက်ဆုံးထုတ်လစာ၏တစ်လစာနှင့်ညီမျှသော လုပ်သက်ဆုငွေကို ခံစားခွင့်ရှိသည်။

နည်းဥပဒေ ၂၅၀(က)(၂) အရ လုပ်သက် ၅ နှစ်ပြည့်ပြီး ၁၀ နှစ်မပြည့်သော ဝန်ထမ်းသည် အငြိမ်းစားမယူမီ ကွယ်လွန်သွားပါကဝန်ထမ်း၏ တရားဝင်ဇနီး သို့မဟုတ် တရားဝင်ခင်ပွန်းနှင့် အခြားမိသားစုဝင်တို့သည် ယင်းဝန်ထမ်းတာဝန်ထမ်းဆောင်ခဲ့သောလုပ်သက်သည် ၁၀ နှစ်မပြည့်သည့် အတွက် နောက်ဆုံးထုတ်လစာ၏  ၁၂  ဆနှင့် ညီမျှသော လုပ်သက်ဆုငွေကို ခံစားခွင့်ရှိသည်။

နည်းဥပဒေ ၂၅၀ (က) (၃) အရ လုပ်သက် ၁၀ နှစ်နှင့်အထက်ရှိသော ဝန်ထမ်းသည် အငြိမ်းစားမယူမီ ကွယ်လွန်သွားပါကဝန်ထမ်း၏ တရားဝင်ဇနီး သို့မဟုတ် တရားဝင်ခင်ပွန်းသည် ဝန်ထမ်းကွယ်လွန်သည့်နေ့ရက်၏ နောက်နေ့ရက်၌ ဝန်ထမ်းသက်ပြည့်ပင်စင်ယူခဲ့သည်ရှိသော် ရရှိမည့် ပင်စင်လစာ၏ ၄ ပုံ ၃ ပုံကို မိသားစုပင်စင်လစာအဖြစ် ခံစားခွင့်ရှိသည်။ ထို့အပြင် လုပ်သက် တစ်နှစ်လျှင် နောက်ဆုံးထုတ်လစာ၏ ၃/၄    နှင့်ညီမျှသော လုပ်သက်ဆုငွေကိုလည်း ခံစားခွင့်ရှိသည်။ ယင်းလုပ်သက်ဆုငွေသည် နောက်ဆုံး ထုတ်လစာ၏ ၁၂  ဆ အောက်မလျော့နည်းစေရ။

နည်းဥပဒေ ၂၅၀(က)(၃) အရ ကွယ်လွန်သူဝန်ထမ်း၏ဇနီး သို့မဟုတ် ခင်ပွန်း၏ မိသားစုပင်စင်လစာခံစားခွင့်ရှိသည့်ကာလမှာ ဝန်ထမ်းကွယ်လွန်သည့်နေ့ရက်၏ နောက်နေ့ရက်မှ စ၍ ဇနီး သို့မဟုတ် ခင်ပွန်း ကွယ်လွန်သည်အထိဖြစ်သည်။

နည်းဥပဒေ ၂၅၀ (က) (၄) အရ မိသားစုပင်စင် အကျိုးခံစားခွင့်ရှိသူသည် ဝန်ထမ်း၏ ဇနီး သို့မဟုတ် မဟုတ်ခင်ပွန်းမဟုတ်ဘဲ အခြားမိသားစုဝင်ဖြစ်ခဲ့လျှင် ဝန်ထမ်းကွယ်လွန်သည့်နေ့ရက်၏ နောက်နေ့ရက်၌ ဝန်ထမ်းသက်ပြည့်ပင်စင်ယူခဲ့သည်ရှိသော် ရရှိမည့် ပင်စင်လစာ၏  ၂ ပုံ ၁ ပုံကို မိသားစုပင်စင်လစာအဖြစ် ခံစားခွင့်ရှိသည်။

နည်းဥပဒေ ၂၅၀(က)(၄) အရ ကွယ်လွန်သူဝန်ထမ်း၏ဇနီး သို့မဟုတ် ခင်ပွန်းမဟုတ်ဘဲ အခြားမိသားစုဝင်ဖြစ်ပါက ပင်စင်လစာခံစားခွင့်ရှိသည့် ကာလမှာ ဝန်ထမ်းကွယ်လွန်သည့် နေ့ရက်၏ နောက်နေ့ရက်မှစ၍  ၁၅  နှစ်အထိဖြစ်သည်။

နည်းဥပဒေ ၂၅၀ (ခ)(၂) အရ ဝန်ထမ်းအဖြစ်မှ အငြိမ်းစားယူပြီးနောက် ကွယ်လွန်ခဲ့သော် ဝန်ထမ်း၏ဇနီး သို့မဟုတ် ခင်ပွန်းသည် ဝန်ထမ်းအငြိမ်းစားယူချိန်၌ ရရှိခဲ့သည့်ပင်စင်လစာ၏  ၄ ပုံ ၃ ပုံကို အငြိမ်းစားဝန်ထမ်းကွယ်လွန်သည့်နေ့ရက်၏နောက်နေ့ရက်မှစ၍ မိသားစုပင်စင်လစာအဖြစ် ခံစားခွင့်ရှိသည်။ ထိုပင်စင်ကို ခံစားခွင့်ရှိသည့်ကာလမှာ ဇနီး သို့မဟုတ် ခင်ပွန်း ကွယ်လွန်သည် အထိဖြစ်သည်။

နည်းဥပဒေ ၂၅၀(ခ)(၃) အရ ဝန်ထမ်းအဖြစ်မှ အငြိမ်းစားယူပြီးနောက် ကွယ်လွန်ခဲ့သော် ဝန်ထမ်း၏ဇနီး သို့မဟုတ် ခင်ပွန်းမဟုတ်ဘဲ အခြားမိသားစုဝင်ဖြစ်ပါက ဝန်ထမ်းကွယ်လွန်သည့် နေ့ရက်၏ နောက်နေ့ရက်၌ ဝန်ထမ်းသက်ပြည့်ပင်စင်ယူခဲ့သည်ရှိသော် ရရှိမည့် ပင်စင်လစာ၏  ၂ ပုံ ၁ ပုံကို မိသားစုပင်စင်လစာအဖြစ်ခံစားခွင့်ရှိသည်။ ထိုပင်စင်လစာခံစားခွင့်ရှိသည့်ကာလမှာ အငြိမ်းစား ဝန်ထမ်းအငြိမ်းစားယူခဲ့သည့်နေ့မှစ၍  ၁၅  နှစ်အထိဖြစ်သည်။

နည်းဥပဒေ ၂၅၀ (ခ)(၄) အရ           အငြိမ်းစားဝန်ထမ်းမကွယ်လွန်မီက ပင်စင် လစာ၏ တစ်စိတ် တစ်ဒေသ ကို တစ်လုံးတည်း ပင်စင် လစာအဖြစ်  လဲလှယ်ခဲ့သည့်ကိစ္စတွင်   မိသားစု ပင်စင် ခံစားခွင့် ရှိသူသည် –

(ကက)   ကွယ်လွန်သူအငြိမ်းစား၏ဇနီး သို့မဟုတ် ခင်ပွန်းဖြစ်လျှင် လက်ကျန် ပင်စင်လစာ ၏ ၃/၄ ကို မိသားစုပင်စင်လစာအဖြစ် ခံစားခွင့်ရှိသည်။ ခံစားခွင့်ရှိသည့် ကာလ မှာ ဇနီး သို့မဟုတ် ခင်ပွန်း ကွယ်လွန် သည် အထိဖြစ်သည်။

( ခခ )     ကွယ်လွန်သူအငြိမ်းစား၏  ဇနီး  သို့မဟုတ် ခင်ပွန်းမဟုတ်ဘဲ အခြားမိသားစုဝင်ဖြစ်ခဲ့ လျှင် တစ်လုံးတည်း လဲလှယ်ခြင်းမပြုမီက ပင်စင်လစာကို ထက်ဝက်ပြုပြီးနောက် ယင်းထက်ဝက်အနက်မှ တစ်လုံးတည်း လဲလှယ်ခဲ့သည့် ပင်စင်လစာ၏ အစိတ် အပိုင်းကို နုတ်ရမည်။ ယင်းသို့ နုတ်ပြီးနောက် ကျန်ငွေကိုမိသားစုပင်စင်လစာ အဖြစ် ခံစားခွင့်ရှိသည်။ ခံစားခွင့်ရှိသည့် ကာလမှာ အငြိမ်းစားဝန်ထမ်း အငြိမ်းစား ယူခဲ့သည့်နေ့၏ နောက်နေ့ရက်မှစ၍ ၁၅  နှစ်အထိဖြစ်သည်။

နည်းဥပဒေ ၂၅၁ အရ ရာထူးမှနုတ်ထွက်သည့်ဝန်ထမ်းသည် ယင်းတာဝန်ထမ်းဆောင် ခဲ့သည့် လုပ်သက်အတွက် ပင်စင်လစာကိုဖြစ်စေ၊ လုပ်သက်ဆုငွေကိုဖြစ်စေ ခံစားခွင့်ရှိမည် မဟုတ်ပါ။

နည်းဥပဒေ ၂၅၂(ဂ) အရ အငြိမ်းစားယူပြီးသောဝန်ထမ်းအား ဝန်ထမ်းများအတွက် ပြဋ္ဌာန်းထားသည့် နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများပါပြဋ္ဌာန်းချက်အရ အရေးယူအပြစ်ပေး၍ မရပါ။ သို့ရာတွင် အငြိမ်းစားသည် နည်းဥပဒေ ၁၆၃၊ နည်းဥပဒေခွဲ (ပ) နှင့် နည်းဥပဒေခွဲ (ဖ) ပါ အပြုအမူတစ်ရပ်ရပ်ကို ကျူးလွန်ခဲ့သော် ယင်းအငြိမ်းစား၏ပင်စင်လစာတစ်စိတ်တစ်ဒေသကိုဖြစ်စေ သို့မဟုတ် အားလုံးကိုဖြစ်စေ လျှော့ချခြင်း၊ ရပ်ဆိုင်ခြင်း၊ ပြန်လည်ရုပ်သိမ်းခြင်းပြုနိုင်သည်။

နည်းဥပဒေ ၂၅၂(ဃ) အရ  အငြိမ်းစားတစ်ဦးအတွက် ခွင့်ပြုပြီးဖြစ်သည့် ပင်စင်လစာကို အငြိမ်းစားမယူမီက ကျူးလွန်ခဲ့သော ပြစ်မှုတစ်ရပ်ရပ်ကို အကြောင်းပြု၍ ရပ်ဆိုင်းထားခြင်းကို ဖြစ်စေ၊ လျှော့ခြင်းကိုဖြစ်စေ မပြုရ။

နည်းဥပဒေ ၂၅၂ (င) အရ   အငြိမ်းစားတစ်ဦး၌ တင်ရှိသည့် ကြွေးမြီများအတွက် ပင်စင် လစာကို တရားရုံး၏ အမိန့်ဒီဂရီအရ သိမ်းဆည်းခြင်း သို့မဟုတ် ဝရမ်းကပ်ခြင်းမပြုရပါ။

နည်းဥပဒေ ၂၅၂ (ဆ) အရ အမြဲတမ်းရာထူးတစ်ခုကို ဖျက်သိမ်းရာ၌ ထိုရာထူးတွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းအား အခြားအလုပ်အကိုင်တစ်ခုခုကို မပေးလျှင် ရာထူးမှ ထွက်ခွာရမည့်နေ့ မတိုင်မီ (၃) လ ကြိုတင်၍ အကြောင်းကြားရမည်။

နည်းဥပဒေ ၂၅၂ (ဌ) အရ ပင်စင်စားကွယ်လွန်ခဲ့လျှင် ပင်စင်လစာ ကျန်ငွေများကို ပင်စင်စား၏ တရားဝင်အမွေစားအမွေခံများအား ထုတ်ပေးနိုင်သည်။ ပင်စင်ဦးစီးဌာနသည် လိုအပ် သလို စိစစ်၍ အမွေစားအမွေခံအား ထုတ်ပေးနိုင်ရန် ဘဏ် သို့မဟုတ် ငွေတိုက်ခွဲသို့ သီးခြားအမိန့် စာဖြင့် ငွေထုတ်ပေးခွင့်ပြုမိန့် ထုတ်ပေးရမည်။

နည်းဥပဒေ ၂၅၂ (ဏ) အရ ပင်စင်စားထောင်ကျခံရပါက ပင်စင်ခံစားခွင့်ကို ရပ်ဆိုင်း ထားရမည်။ ပြစ်ဒဏ်ကျခံရခြင်းမှ လွတ်မြောက်လာပါက ၎င်း၏ ပင်စင်ကို ပြန်လည်ခွင့်ပြုရမည်။ သို့ရာတွင် ပြစ်ဒဏ်ကျခံရသောကာလအတွက် ပင်စင်လစာကို ပြန်လည်ခွင့်မပြုရ။

နည်းဥပဒေ ၂၅၄(က) အရ ဒဏ်ရာအနာတရဖြစ်စေခြင်းဆိုသည်မှာ ဝန်ထမ်းကို တစ်စုံ တစ်ယောက်က အောက်ပါအခြေအနေတစ်ရပ်ရပ်တွင် အနာတရဖြစ်ခြင်းကိုဆိုသည်-
  • (၁)          တာဝန်မထမ်းဆောင်နိုင်စေခြင်းငှာ ကိုယ်ထိလက်ရောက်ကျူးလွန်ခြင်းကြောင့်ဖြစ်စေ၊ ခုခံဆန့်ကျင်ခြင်းကြောင့်ဖြစ်စေ အနာတရဖြစ်ခြင်း၊
  • (၂)          ဝန်ထမ်း၏ တာဝန်အရ ဆောင်ရွက်ချက်ကြောင့်ဖြစ်စေ၊ ဆောင်ရွက်ရန် အားထုတ်မှု ကြောင့်ဖြစ်စေ အနာတရဖြစ်ခြင်း၊
  • (၃)          ရာထူးတာဝန်ကို အကြောင်းပြု၍ အနာတရဖြစ်ခြင်း။

နည်းဥပဒေ ၂၅၄ (ခ) အရ  မတော်တဆဖြစ်မှုဆိုသည်မှာ ဝန်ထမ်းတာဝန်ထမ်းဆောင်ရာ တွင် နည်းဥပဒေခွဲ (က) ကြောင့်မဟုတ်ဘဲ အောက်ပါအခြေအနေတစ်ရပ်ရပ်ကြောင့် အနာတရ ဖြစ်ခြင်းကို ဆိုသည်-
  • (၁)          ရုတ်တရက်မလွှဲမရှောင်သာဖြစ်ပေါ်လာသည့်အကြောင်းကြောင့် အနာတရ ဖြစ်ခြင်း၊
  • (၂)          အရေးတကြီးပေါ်ပေါက်သည့်ကိစ္စများတွင် တာဝန်ကို အထူးကျေပွန်စွာ ထမ်းဆောင် ခြင်းကြောင့် အနာတရဖြစ်ခြင်း။

နည်းဥပဒေ ၂၅၄ (ဂ) အရ ရောဂါဆိုသည်မှာ “ဝန်ထမ်းတစ်ဦးက တာဝန်ထမ်းဆောင် ရာတွင် လုပ်ငန်းခွင်အတွင်း မတော်တဆဖြစ်မှုကိုအကြောင်းပြု၍ဖြစ်စေ၊ ပတ်ဝန်းကျင်၏ ဆိုးကျိုး တစ်ရပ်ရပ်ကြောင့်ဖြစ်စေ ဖြစ်ပေါ်ခံစားရသော ရောဂါတစ်မျိုးမျိုးကိုဆိုသည်။” ကို ဆိုလိုသည်။

နည်းဥပဒေ ၂၅၄(ဃ) အရ လုပ်ငန်း၏အထူးဘေးအန္တရာယ်ဆိုသည်မှာ-
  • (၁)          နည်းဥပဒေခွဲ (က) ကြောင့် အနာတရဖြစ်စေနိုင်သည့် အန္တရာယ်၊
  • (၂)           သာမန်အားဖြင့် တာဝန်ထမ်းဆောင်မှု၌ အနာတရဖြစ်ရန် အလားအလာရှိသည်ထက် ထိုအလားအလာကို ပိုမိုစေနိုင်သော တာဝန်တစ်ရပ်ရပ်ကို ထမ်းဆောင်နေစဉ်ဖြစ်စေ၊ ထိုတာဝန်ထမ်းဆောင်ခဲ့ခြင်းကို အကြောင်းပြု၍ဖြစ်စေ မတော်တဆ အနာတရ ဖြစ်စေနိုင်သည့်အန္တရာယ်၊
  • (၃)          ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတစ်ဦးသည် ကူးစက်ရောဂါ သို့မဟုတ် သွေးအဆိပ် ဖြစ်သည့်ရောဂါ သို့မဟုတ် အခြားရောဂါဖြစ်နေသည့်လူနာကို တာဝန်အရ ကုသမှု ပြုရခြင်း၊ လူသေအလောင်းကို ခွဲစိတ်စစ်ဆေးရခြင်းတို့ကြောင့်ဖြစ်စေ ရောဂါရစေ နိုင်သည့်အန္တရာယ်။” ကို ဆိုလိုသည်။

နည်းဥပဒေ ၂၅၄ (င) အရ လုပ်ငန်း၏ ဘေးအန္တရာယ်ဆိုသည်မှာ “ဝန်ထမ်းသည် မိမိ၏ လုပ်ငန်းတာဝန်ကို ထမ်းဆောင်နေစဉ်ဖြစ်စေ၊ ထိုတာဝန်ကိုထမ်းဆောင်ခဲ့ခြင်းကို အကြောင်းပြု၍ ဖြစ်စေ လုပ်ငန်း၏အထူးဘေးအန္တရာယ်မဟုတ်သော မတော်တဆဖြစ်စေနိုင်သည့် အန္တရာယ် သို့မဟုတ် ရောဂါရရှိစေနိုင်သည့် အန္တရာယ်ကိုဆိုလိုသည်။ သို့ရာတွင် သာမန်အားဖြင့် လူတိုင်း တွေ့ကြုံနိုင်သော အန္တရာယ်မျိုးဖြစ်ပါက ထိုအန္တရာယ်သည် လုပ်ငန်းသဘာဝ၊ တာဝန်အရ မလွှဲရှောင် နိုင်သည့်အခြေအနေ၊ တာဝန်နှင့်ဆက်နွှယ် နေသည့်အကြောင်းခြင်းရာတို့ကြောင့် သိသိသာသာ ကြီးမားလာခြင်းမရှိလျှင် ထိုအန္တရာယ်မျိုးကို လုပ်ငန်း၏ဘေးအန္တရာယ်ဟူ၍ မှတ်ယူခြင်းမပြုရ။” ကို ဆိုလိုသည်။

နည်းဥပဒေ ၂၅၄ (စ) အရ အနာတရဖြစ်သည့်နေ့ရက်ဆိုသည်မှာ “အောက်ပါတို့ကို ဆိုလိုသည် –
  • (၁)          မတော်တဆဖြစ်မှု သို့မဟုတ် နည်းဥပဒေခွဲ (က) ကြောင့် အနာတရဖြစ်သည့်ကိစ္စတွင် အနာတရဖြစ်ခဲ့သည့်နေ့ရက်၊
  • (၂)           ရောဂါရရှိသည့်ကိစ္စတွင် ဆေးအဖွဲ့က အစီရင်ခံသည့်နေ့ရက်။

နည်းဥပဒေ ၂၅၄ (ဆ) အရ               အထူးပင်စင်ဆိုသည့်စကားရပ်တွင် အနာတရအမြဲတမ်းပင်စင်၊ ယာယီအထူးပင်စင်၊ မိသားစုအထူးပင်စင်ဆိုသည့် စကားရပ်များလည်း ပါဝင်သည်။

နည်းဥပဒေ ၂၅၅ အရ အထူးပင်စင်ခံစားခွင့်ပြုခြင်းကို ဝန်ကြီးဌာနနှင့်အဖွဲ့အစည်း အကြီးအမှူး သို့မဟုတ် ခွင့်ပြုပိုင်ခွင့်လွှဲအပ်ထားသည့် အဖွဲ့ကသာခွင့်ပြုနိုင်သည်။ အထူးပင်စင် ခွင့်ပြုရေးတွင် ဝန်ထမ်းဘက်မှ တာဝန်ပျက်ကွက်မှု သို့မဟုတ် ပေါ့ဆမှု၏ အတိုင်းအတာကိုလည်း  ထည့်သွင်းစဉ်းစားရမည်။

နည်းဥပဒေ ၂၅၆ အရ ခွင့်ပြုပိုင်ခွင့်လွှဲအပ်ထားခြင်းခံရသည့်အဖွဲ့သည် အောက်ဖော်ပြပါ အခြေအနေမျိုးတွင် ရာထူးဝန်အဖွဲ့နှင့်ညှိနှိုင်းရမည် –
  • (က)        ဤနည်းဥပဒေများနှင့်မကိုက်ညီသော်လည်း အထူးပင်စင်ခံစားခွင့်ပြုရန် လိုအပ်သော ထူးခြားသည့်ကိစ္စများရှိခြင်း၊
  • ( ခ )        ဤနည်းဥပဒေများတွင်ပါရှိသည့် ခံစားခွင့်နှုန်းများထက်ပို၍ဖြစ်စေ၊ ခံစားခွင့် အမျိုးအစားကိုပြောင်းလဲ၍ဖြစ်စေ ခံစားခွင့်ပြုရန် လိုအပ်သောအခြေအနေရှိခြင်း။

နည်းဥပဒေ ၂၅၈ အရ အောက်ပါကိစ္စများတွင် အထူးပင်စင်ခံစားခွင့်မပြုရ-
  • (က)        အနာတရဖြစ်ခဲ့ပြီးနောက် ငါးနှစ်ကျော်မှ အထူးပင်စင်ခံစားခွင့်ပြုရန် လျှောက်လွှာ တင်သွင်းသည့်ကိစ္စ၊
  • ( ခ )        အကြမ်းဖက်မှုကြောင့်ဖြစ်စေ၊ မတော်တဆမှုကြောင့်ဖြစ်စေ၊ အနာတရဖြစ်ပြီးနောက် ခုနှစ် နှစ်ကျော်မှ သေဆုံးသည့်ကိစ္စ၊
  • ( ဂ )       ရောဂါရရှိခဲ့၍ ဆေးအဖွဲ့က တာဝန်ပြန်လည်ထမ်းဆောင်နိုင်သည့် အခြေအနေ မရှိတော့ကြောင်း အစီရင်ခံပြီးသည့်နောက်  ခုနှစ် နှစ်ကျော်မှ ယင်းရောဂါကြောင့် သေဆုံးသည့်ကိစ္စ။

နည်းဥပဒေ ၂၅၉ အရ အနာတရဖြစ်မှုများကို အနာတရဖြစ်မှု အဆင့် (၃) မျိုး ခွဲခြား သတ်မှတ်ထားရှိပါသည်။

နည်းဥပဒေ ၂၆၄ အရ အောက်ပါကိစ္စများတွင် ယာယီအထူးပင်စင်ကို အနာတရ အမြဲတမ်းပင်စင်အဖြစ် ပြောင်းလဲ ခွင့်ပြုနိုင်သည်-
  • (က)        အနာတရဖြစ်မှုအတွက် ယာယီအထူးပင်စင်ရရှိခဲ့သည့်ဝန်ထမ်းသည် ယင်းအနာတရ ဖြစ်မှုကြောင့် နာမကျန်းပင်စင်ယူခဲ့ရခြင်း၊
  • ( ခ )        ယာယီအထူးပင်စင်ကို  ငါးနှစ်ထက်မနည်းသော ကာလအတွက် ခွင့်ပြုခဲ့ခြင်း၊
  • ( ဂ )       ဝန်ထမ်း၏မသန်စွမ်းဖြစ်မှုသည်သိသာထင်ရှားစွာယုတ်လျော့သွားရန်မရှိကြောင်း ဆေးအဖွဲ့က ဆေးမှတ်ချက်ပြုခြင်း။

နည်းဥပဒေ ၂၆၅ အရ ကွယ်လွန်သူဝန်ထမ်း၏ဇနီး သို့မဟုတ် ခင်ပွန်း၊ သားသမီးများအား အောက်ပါအတိုင်း  မိသားစုအထူးပင်စင်ကို ခံစားခွင့်ပြုရမည်-
  • (က)        ဝန်ထမ်းသည် လုပ်ငန်း၏ အထူးဘေးအန္တရာယ်ကြောင့် သူတစ်ပါး၏ ပယောဂဖြင့် သေဆုံးသည့်ကိစ္စ သို့မဟုတ် လုပ်ငန်း၏ အထူးဘေးအန္တရာယ်ကြောင့် အနာတရ ဖြစ်ပြီး ထိုအနာတရဖြစ်မှုကြောင့် သေဆုံးရသည့်ကိစ္စတွင် ခံစားခွင့်ရှိသည့်ဆုငွေနှင့် ပင်စင်ကို ဇယား (၈) နှင့် (၉) တို့၌ ဖော်ပြထားသည့်နှုန်းထက်မပိုသော မိသားစု အထူးပင်စင်၊
  • ( ခ )        ဝန်ထမ်းသည် လုပ်ငန်း၏ဘေးအန္တရာယ်ကြောင့် သူတစ်ပါး၏ ပယောဂဖြင့် သေဆုံးသည့်ကိစ္စ သို့မဟုတ် လုပ်ငန်း၏ဘေးအန္တရာယ်ကြောင့် အနာတရဖြစ်ပြီး ယင်းအနာတရဖြစ်မှုကြောင့် သေဆုံးရသည့်ကိစ္စတွင် ဇယား (၈) နှင့် (၉) တို့၌ ပါရှိသည့် နှုန်းထက်မပိုသော မိသားစုအထူးပင်စင်။

နည်းဥပဒေ ၂၆၆ အရ ကွယ်လွန်သူဝန်ထမ်းတွင် ဇနီး သို့မဟုတ် ခင်ပွန်း မကျန်ရစ်ခဲ့ပါက နည်းဥပဒေ ၂၆၅၊ နည်းဥပဒေခွဲ (က) အရ ခွင့်ပြုသည့်ဆုငွေကို ဝန်ထမ်း၏သားသမီးများအား တစ်ဦးချင်းဖြစ်စေ၊ ပူးတွဲ၍ဖြစ်စေ ခံစားခွင့်ပြုနိုင်သည်။

နည်းဥပဒေ ၂၆၈ အရ ကွယ်လွန်သူဝန်ထမ်းတွင်  ဇနီး သို့မဟုတ် ခင်ပွန်းဖြစ်စေ၊ သားသမီး ဖြစ်စေ  မကျန်ရစ်ခဲ့ပါက ယင်းဝန်ထမ်းအတွက် ခံစားခွင့်ရှိသော မိသားစုအထူးပင်စင်ကို –
  • (က)        ဝန်ထမ်း၏ မိခင်နှင့်ဖခင်တို့ကို တစ်ဦးချင်းဖြစ်စေ၊ ပူးတွဲ၍ဖြစ်စေ ခံစားခွင့်ပြုနိုင်သည်။ ယင်းသို့ခွင့်ပြုငွေသည် ဇယား(၈)ပါ သတ်မှတ်ချက်များအရ ခံစားခွင့်ရှိသည့်နှုန်းထက် မပိုစေရ၊
  • ( ခ )        မိခင်နှင့်ဖခင်မရှိလျှင် ဝန်ထမ်း၏အရွယ်မရောက်သေးသော ညီငယ်ညီမငယ်များကို ခံစားခွင့်ပြုနိုင်သည်။ ယင်းညီငယ် ညီမငယ်များသည် ဝန်ထမ်းကို အဓိကအားဖြင့် မှီခိုပြီး အတူနေ မှီခိုနေသူများဖြစ်ရမည်။ ယင်းတို့ကို တစ်ဦးချင်းဖြစ်စေ၊ စုပေါင်း၍ ဖြစ်စေ ခံစားခွင့်ပြုနိုင်သည်။ သို့ရာတွင် ယင်းသို့ခွင့်ပြုသည့် မိသားစုအထူးပင်စင် စုစုပေါင်းသည် နည်းဥပဒေ ၂၆၅ တွင် ဖော်ပြထားသည့် ဝန်ထမ်း၏ဇနီး သို့မဟုတ် ခင်ပွန်းအတွက် ခံစားခွင့်ရှိသော မိသားစုအထူးပင်စင်၏ ထက်ဝက်နှုန်းထက် မပိုစေရ။ ထို့အပြင် ညီငယ် ညီမငယ်တစ်ဦးစီအတွက် ခွဲဝေခွင့်ပြုသည့် မိသားစု အထူးပင်စင်သည် မိခင်ရှိသော ကလေးအတွက် ဇယား (၉) ပါ ခံစားခွင့်ရှိသည့် နှုန်းထက် မပိုစေရ။

နည်းဥပဒေ ၂၆၉ အရ မိသားစုအထူးပင်စင်ကဝန်ထမ်းကွယ်လွန်သည့်နေ့ရက်၏ နောက်နေ့ရက် သို့မဟုတ် သက်ဆိုင်ရာဝန်ထမ်းအဖွဲ့အစည်းက  သတ်မှတ်သည့်နေ့ရက်မှစတင်၍  ခံစားခွင့်ပြုရမည်။

နည်းဥပဒေ ၂၆၉ အရ မိသားစုအထူးပင်စင်ခံစားခွင့်ရှိသည့်ကာလ သတ်မှတ်ချက်မှာ အောက်ပါအတိုင်းဖြစ်သည် –
  • (က)        ကွယ်လွန်သူဝန်ထမ်း၏ ဇနီး သို့မဟုတ် ခင်ပွန်း၊ မိခင် သို့မဟုတ် ဖခင်ကို ခွင့်ပြုသည့်ကိစ္စတွင် ခံစားခွင့်ရရှိသူ သေဆုံးသည့်နေ့ရက် သို့မဟုတ် ထပ်မံ အိမ်ထောင်ပြုသည့်နေ့ရက် (ထိုနေ့ရက်နှစ်ခု အနက် စောရာနေ့ရက်) အထိ၊
  • ( ခ )        အရွယ်မရောက်သေးသည့် သား သို့မဟုတ် အရွယ်မရောက်သေးသည့် ညီကို ခွင့်ပြု သည့်ကိစ္စတွင် ခံစားခွင့်ရရှိသူ အသက်  ၁၈  နှစ်ပြည့်သည့်နေ့ရက်အထိ၊
  • ( ဂ )       အိမ်ထောင်မပြုရသေးသည့် သမီး သို့မဟုတ် အရွယ်မရောက်သေးသည့် ညီမကို ခွင့်ပြုသည့်ကိစ္စတွင် ခံစားခွင့်ရရှိသူ အိမ်ထောင်ပြုသည့်နေ့ရက် သို့မဟုတ် အသက် ၂၁ နှစ်ပြည့်သည့်နေ့ရက် (ထိုနေ့ရက်နှစ်ခုအနက် စောရာနေ့ရက်) အထိ။

နည်းဥပဒေ ၂၇၀ အရ ဝန်ထမ်း၏ကျန်ရစ်သူတရားဝင် ဇနီးကို ခွင့်ပြုသည့် မိသားစု အထူးပင်စင်သည် ယင်းထပ်မံ အိမ်ထောင်ပြုသည့်အခါတွင် ရပ်စဲသွားစေရမည်။ သို့ရာတွင် ဒုတိယအိမ်ထောင်ပြုပြီး ခင်ပွန်းဖြစ်သူကွယ်လွန်သည့်အခါ၌ ငွေကြေးကျပ်တည်းသည့် အခြေ အနေမျိုးရှိနေသည်ဟု ဝန်ကြီးဌာနနှင့်အဖွဲ့အစည်းအကြီးအမှူး သို့မဟုတ် ခွင့်ပြုပိုင်ခွင့်ရှိသည့် ပုဂ္ဂိုလ်က ယုံကြည်ပါက မိသားစုအထူးပင်စင် တစ်ရပ်လုံးကိုဖြစ်စေ၊ တစ်စိတ်တစ်ဒေသကိုဖြစ်စေ ပြန်လည်ခွင့်ပြုနိုင်သည်။

နည်းဥပဒေ ၂၇၁ အရ အထူးပင်စင် သို့မဟုတ် မိသားစုအထူးပင်စင်တောင်းခံရန် အကြောင်း ပေါ်ပေါက်သည့်အခါတွင် အနာတရဖြစ်သည့်ဝန်ထမ်း သို့မဟုတ် သေဆုံးသည့်ဝန်ထမ်း တာဝန်ထမ်းဆောင် ခဲ့သည့်ဝန်ထမ်းအဖွဲ့အစည်းသည် အထူးပင်စင်တောင်းခံလွှာကို ဝန်ကြီး ဌာနနှင့်အဖွဲ့အစည်းထံသို့ အောက်ပါစာရွက်စာတမ်းများနှင့်အတူ ပေးပို့ရပါမည်-
  • (က)        အနာတရဖြစ်ခဲ့ရသည့် အကြောင်းခြင်းရာ သို့မဟုတ် ရောဂါရရှိခဲ့သည့် အကြောင်း ခြင်းရာ သို့မဟုတ် သေဆုံးခဲ့ရသည့် အကြောင်းခြင်းရာ အပြည့်အစုံကို ဖော်ပြသည့် အစီရင်ခံစာ၊
  • ( ခ )        အထူးပင်စင် (အနာတရပင်စင်) အတွက် ပင်စင်ဦးစီးဌာန၏ သတ်မှတ်ပုံစံ(က)  သို့မဟုတ် မိသားစုအထူးပင်စင်အတွက် သတ်မှတ်ပုံစံ (ခ) တို့တွင် ဖြည့်သွင်းထား သည့်လျှောက်လွှာ၊
  • ( ဂ )       အနာတရဖြစ်သည့်ဝန်ထမ်း သို့မဟုတ် ရောဂါရရှိခဲ့သည့် ဝန်ထမ်း၏ကိစ္စတွင် ဆေးအဖွဲ့၏ အစီရင်ခံစာ၊
  • (ဃ)       သေဆုံးသည့်ဝန်ထမ်း၏ကိစ္စတွင် သေဆုံးရခြင်းအကြောင်းကို ဖော်ပြသည့် ဆေးအဖွဲ့ ၏ အစီရင်ခံစာ၊
  • ( င )        ဆေးအဖွဲ့၏ အစီရင်ခံစာမရရှိနိုင်သည့် အကြောင်းခြင်းရာများဖြင့် သေဆုံးခဲ့ရသည့် ဝန်ထမ်း၏ကိစ္စတွင် ဝန်ထမ်းမည်ကဲ့သို့သေဆုံးခဲ့ရကြောင်း ဖော်ပြသည့်အထောက် အထား၊
  • ( စ )       အနာတရဖြစ်မှု၏ ပြင်းထန်မှုအတိုင်းအတာနှင့်ပတ်သက်၍ ဆေးအဖွဲ့၏ အစီရင်ခံစာ ရယူရန် မဖြစ်နိုင်သည့်ကိစ္စမျိုးတွင် ယင်းအစီရင်ခံစာအစား မြို့နယ်ဆရာဝန်ကြီး၏ အစီရင်ခံစာ သို့မဟုတ် အခြားယုံကြည်စိတ်ချသော အထောက်အထားကို ပြုစုပေးရန် လုပ်ပိုင်ခွင့်လွှဲအပ်ထားသည့် အဖွဲ့အစည်း၏အစီရင်ခံစာ၊
  • (ဆ)        အထူးပင်စင်ခံစားခွင့် ရှိ မရှိ  ခံစားခွင့်ရှိပါက မည်သည့်အတိုင်းအတာအထိ ခံစားခွင့်ရှိသည်တို့ကို ဖော်ပြသည့် ပင်စင်ဦးစီးဌာနသို့ ပေးပို့ရမည့်အစီရင်ခံစာ။

နည်းဥပဒေ ၂၇၂(က) အရ သက်ပြည့်အငြိမ်းစား ဝန်ထမ်း တစ်ဦး၏ တတ်ကျွမ်းမှု ပညာကို ရယူရန်လိုအပ်သဖြင့် ကျွမ်းကျင်သူအဖြစ် စာချုပ်ချုပ်ဆို၍ ခန့်အပ်သည့်ကိစ္စရပ်ကို  သက်ဆိုင်ရာဝန်ထမ်းအဖွဲ့အစည်းသည် ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြ၍ အဆုံးအဖြတ် ရယူဆောင်ရွက်ရပါမည်။

နည်းဥပဒေ ၂၇၃ (ဃ) အရ ကျွမ်းကျင်သူအဖြစ်ခန့်ထားခြင်းခံရသော အငြိမ်းစား ဝန်ထမ်းသည် အလုပ်ခွင်သို့ လာရောက်ရန်ပျက်ကွက်ပါက ပျက်ကွက်သည့်နေ့ရက်အတွက် ချီးမြှင့်ငွေမှ အချိုးကျဖြတ်တောက်ခြင်းခံရမည်။

နည်းဥပဒေ ၂၇၃ (ဂ) အရ ကျွမ်းကျင်သူအဖြစ်ခန့်ထားခြင်းခံရသော အငြိမ်းစား ဝန်ထမ်းသည်ရက်သတ္တပတ်အလုပ်ပိတ်ရက်နှင့် အများပြည်သူအလုပ်ပိတ်ရက်များအပြင် ပြက္ခဒိန်နှစ်   တစ်နှစ်လျှင် ရှောင်တခင်ခွင့်  ၁၀ ရက်နှင့် လုပ်သက်ခွင့်ကို တာဝန်ထမ်းကာလ၏   ၁/၁၁   နှုန်းဖြင့် စာချုပ်ဖြင့်ခန့်ထားသည့်ကာလအတွင်း လုပ်ခမပျက်ခံစားခွင့်ရှိသည်။ ယင်းကာလအတွင်း ခွင့်ခံစား ခြင်းမပြုပါက အဆိုပါခွင့်သည် ပျက်ပြယ်စေရမည်။

my_MMMY