ပြည်ထောင်စုရာထူးဝန်အဖွဲ့

ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ၊ နည်းဥပဒေများ၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊

နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ ဝန်ထမ်းရေးရာ ကိစ္စရပ်များ


Search
Generic filters
Filter by Lawbook Names
နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ
နိုင်ငံ့ဝန်ထမ်းဥပဒေ
ပြည်ထောင်စုရာထူးဝန်အဖွဲ့နည်းဥပဒေများ
ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ
ဝန်ထမ်းရေးရာကိစ္စရပ်များ

ဤစကားလုံးများဖြင့်ရှာဖွေနိုင်သည်။ ပုဒ်မ(၁)နည်းဥပဒေ(၁)အပိုဒ်(၁)အခန်း(၁)rule(1)article(1)section(1)chapter(1)

အမိန့်ကြော်ငြာစာ အမှတ် ၄/၂၀၂၀

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ပြည်ထောင်စုရာထူးဝန်အဖွဲ့

အမိန့်ကြော်ငြာစာအမှတ် ၄/၂၀၂၀

၁၃၈၁ ခုနှစ်၊ ပြာသိုလဆန်း ၁၅ ရက်

(၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၉ ရက် )

ပြည်ထောင်စုရာထူးဝန်အဖွဲ့သည် နိုင်ငံ့ဝန်ထမ်းဥပဒေပုဒ်မ ၇၆၊ ပုဒ်မခွဲ (ခ) အရ အပ်နှင်းထားသောလုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ နိုင်ငံ့ဝန်ထမ်းများ၏ အရည်အချင်းနှင့် လုပ်ငန်းစွမ်းဆောင်ရည်ကို အခြေပြု၍ ရာထူးတိုးမြှင့်ခန့်ထားနိုင်ရန် အကဲဖြတ်အမှတ်ပေးရာတွင် တစ်ပြေးညီလိုက်နာကျင့်သုံး နိုင်ရေးအတွက် အရည်အချင်းသတ်မှတ်ချက်တစ်ခု စီ အလိုက် အသေးစိတ်အချက်များကိုသတ်မှတ်သည့် ဤအမိန့်ကြော်ငြာစာကို ထုတ်ပြန်လိုက်သည်။

၁။ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၏ နည်းဥပဒေ ၃၅၊ နည်းဥပဒေခွဲ (ဆ) အရစိစစ်အကဲဖြတ်အမှတ်ပေးရာတွင် အောက်ပါအချက်များကို အခြေခံရမည်-

  • (က) ပေးအပ်သောတာဝန်နှင့် ဝတ္တရားများကိုကျေပွန်အောင်ထမ်းရွက်ခြင်း    ၁၀ မှတ်
    • (၁) ပေးအပ်သောတာဝန်ကိုလိုလားစွာအလေးအနက်ခံယူဆောင်ရွက်ခြင်း
    • (၂) ပြီးမြောက်အောင်မြင်သည်အထိ ထိုးထွင်းကြံဆ၍ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခြင်း၊
    • (၃) အချိန်နှင့်တစ်ပြေးညီမှန်ကန်ပြီးမြောက်အောင်ဆောင်ရွက်နိုင်ခြင်း။
  • (ခ) လုပ်ငန်းကျွမ်းကျင်မှုရှိခြင်း    ၁၀ မှတ်
    • (၁) မိမိရာထူးအဆင့်အလိုက် ထမ်းဆောင်ရမည့်လုပ်ငန်းတာဝန်များကို ကျွမ်းကျင်စွာဆောင်ရွက်နိုင်ခြင်း၊ လုပ်ဖော်ကိုင်ဖက်များကိုလုပ်ငန်း ကျွမ်းကျင်မှုရှိစေရန်ပံ့ပိုးကူညီနိုင်ခြင်း၊
    • (၂) မိမိဌာန/ အဖွဲ့အစည်း၏ အမိန့်နှင့်ညွှန်ကြားချက်များ၊ မူဝါဒများကို အကောင်အထည်ဖော်စွမ်းဆောင်နိုင်ခြင်း၊
    • (၃) ပေးအပ်သော လုပ်ငန်းတာဝန်များအပေါ် ကြီးကြပ်ကွပ်ကဲမှု အနည်းဆုံးဖြင့် မှန်ကန်မြန်ဆန်စွာဆောင်ရွက်နိုင်ခြင်း၊
    • (၄) လုပ်ငန်းနယ်ပယ်အလိုက် လိုအပ်သည့် ကွန်ပျူတာပညာရပ်နှင့် ဘာသာစကားကျွမ်းကျင်မှုရှိခြင်း၊
    • (၅) မိမိဌာန/အဖွဲ့အစည်းက စီမံခန့်ခွဲသည့် ဥပဒေ၊ နည်းဥပဒေများ၊ အမိန့် ညွှန်ကြားချက်များ၊ ရုံးလုပ်ငန်းဆိုင်ရာလုပ်ထုံးလုပ်နည်းများနှင့်စည်းမျဉ်း၊ စည်းကမ်းများကို သိရှိလိုက်နာဆောင်ရွက်နိုင်ခြင်း။
  • (ဂ) ယုံကြည်စိတ်ချရခြင်း      ၁၀ မှတ်
    • (၁) လုံခြုံမှုအဆင့်ရှိသည့် စာရွက်စာတမ်းနှင့်သတင်းအချက် အလက်များပေါက်ကြားမှုမရှိစေရန် သတိပြုဆောင်ရွက်နိုင်ခြင်း၊
    • (၂) ကိုယ်ကျင့်တရားနှင့် ကိုယ်ကျင့်သိက္ခာကောင်းမွန်ခြင်း၊
    • (၃) လုပ်ငန်းတာဝန်များကိုအမှားအယွင်းမရှိ တိကျသေချာစွာ အလေးအနက်ထား ဆောင်ရွက်နိုင်ခြင်း၊
    • (၄) အထက်အကြီးအမှူးများက ယုံကြည်စိတ်ချစွာအပြည့်အဝ တာဝန်ပေးလွှဲအပ်နိုင်ခြင်း၊
    • (၅) နိုင်ငံတော်၊ ဌာန/ အဖွဲ့အစည်း၊ အကြီးအကဲနှင့်လုပ်ဖော် ကိုင်ဖက်များအပေါ် သစ္စာရှိခြင်း၊
  • (ဃ) လေ့လာဆည်းပူးခြင်း   ၁၀မှတ်
    • (၁)ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ ဖွင့်လှစ်သည့်သင်တန်းများ တက်ရောက်ပြီးခြင်း၊
    • (၂) ဌာန/အဖွဲ့အစည်းဆိုင်ရာလုပ်ငန်းခွင်သင်တန်းများ တက်ရောက်ပြီးခြင်း၊လုပ်ငန်းတာဝန်နှင့်ဌာနအတွက် အထောက်အကူပြုပညာရပ်များစဉ်ဆက်မပြတ်လေ့လာဆည်းပူးခြင်းနှင့် ပြန်လည်မျှဝေနိုင်ခြင်း၊
    • (၃) မိမိဌာန/အဖွဲ့အစည်း၏ မူလလုပ်ငန်းတာဝန်များအပြင် အခြားသောဌာန/ အဖွဲ့အစည်းများနှင့်ဆက်စပ်ဆောင်ရွက်နိုင်ခြင်း၊
    • (၄) ဝန်ကြီးဌာန၊ အဖွဲ့အစည်း၏ရည်ရွယ်ချက်ကို သိရှိပြီး ပေးအပ်သော လုပ်ငန်းတာဝန်များ ကျွမ်းကျင်စေရန် စဉ်ဆက်မပြတ် လေ့လာဆည်းပူး ဆောင်ရွက်နိုင်ခြင်း။
  • (င) ကြိုးစားမှုရှိခြင်း     ၁၀မှတ်
    • (၁) ပေးအပ်သော တာဝန်များကို ဇွဲ၊ လုံ့လ၊ ဝီရိယ၊ ဉာဏ်ပညာတို့ဖြင့် ပြီးမြောက်အောင် ဆောင်ရွက်နိုင်ခြင်း၊
    • (၂) သင်တန်းများတွင် ထူးချွန်ဆုရရှိခြင်း၊
    • (၃) အရည်အချင်းပြည့်ဝနေစေရန် စဉ်ဆက်မပြတ်လေ့လာမှတ်သားဆောင်ရွက်ခြင်း၊
    • (၄) မိမိတာဝန်နှင့် ဆက်စပ်နေသည့် ဘာသာရပ်၊ ပညာရပ်ဆိုင်ရာလုပ်ငန်းများကို ကိုယ်တိုင်ဆောင်ရွက်နိုင်ခြင်း၊
    • (၅) ဌာန/အဖွဲ့အစည်းမှ ချီးမြှင့်သည့် ဆုတံဆိပ်၊ ဆုလက်မှတ်၊ချီးကျူးဂုဏ်ပြုမှု၊ အသိအမှတ်ပြုမှုများရရှိခြင်း၊
    • (၆) နိုင်ငံတော်က ချီးမြှင့်သည့် ဂုဏ်ထူးဆောင်ဘွဲ့၊ ဂုဏ်ထူးဆောင်တံဆိပ်များရရှိခြင်း။
  • (စ) တီထွင်ကြံဆတတ်ခြင်း   ၁၀ မှတ်
    • (၁) လုပ်ငန်းခွင်အခက်အခဲများကို နည်းလမ်းကောင်းများဖြင့် ထိရောက်အောင်မြင်စွာ ကြံဆဆောင်ရွက်နိုင်ခြင်း၊
    • (၂) သမားရိုးကျမဟုတ်ဘဲ ထိရောက်လျင်မြန်သော နည်းလမ်းဖြင့်ဖြေရှင်းဆောင်ရွက်နိုင်ခြင်း၊
    • (၃) နက်ရှိုင်းကျယ်ပြန့်စွာ ထိုးထွင်းသိမြင်၍ စဉ်းစားတွေးခေါ်ဆောင်ရွက်နိုင်ခြင်း၊
    • (၄) ဖြတ်ထိုးဉာဏ်ကောင်းခြင်းနှင့် ဝေဖန်ပိုင်းခြားတတ်ခြင်း။
  • ‌(ဆ) ရုံး၊ အလုပ်ရုံစည်းကမ်းများကိုလိုက်နာခြင်း ၁၀ မှတ်
    • (၁) ရုံး/လုပ်ငန်းလက်စွဲ၊ အလုပ်ရုံစည်းကမ်းနှင့် လုပ်ထုံးလုပ်နည်းများကို သိရှိလိုက်နာခြင်း၊
    • (၂) ဌာန/အဖွဲ့အစည်း ဆိုင်ရာစည်းမျဉ်း၊ စည်းကမ်းများ၊ အခါအားလျော်စွာထုတ်ပြန်သည့် အမိန့်၊ ညွှန်ကြားချက်များကိုလိုက်နာခြင်း၊
    • (၃) နိုင်ငံ့ဝန်ထမ်းဥပဒေ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများနှင့်ဝန်ထမ်းကျင့်ဝတ်များကို သိရှိလိုက်နာခြင်း၊
    • (၄) နိုင်ငံတော်၏မူဝါဒ၊ ရည်မှန်းချက်၊ လုပ်ငန်းစဉ်နှင့်တည်ဆဲဥပဒေ၊နည်းဥပဒေများ၊ အမိန့်နှင့်ညွှန်ကြားချက်များကို သိရှိလိုက်နာခြင်း၊
    • (၅) စည်းကမ်းနှင့်ပတ်သက်၍ စံနမူနာပြဖြစ်ခြင်း။
  • (ဇ) အများအကျိုးအတွက် စေတနာ့ဝန်ထမ်းဆောင်ရွက်ခဲ့ခြင်း ၁၀ မှတ်
    • (၁) လူမှုအကျိုးပြုလုပ်ငန်းများတွင် စိတ်အားထက်သန်စွာပါဝင်ဆောင်ရွက်ခဲ့ခြင်း၊
    • (၂) ဌာန/အဖွဲ့အစည်းအကျိုးအတွက် လုပ်ငန်းများအောင်မြင်စေရန်လုပ်ဖော်ကိုင်ဖက်များအပေါ် စာနာစိတ်ဖြင့် အနစ်နာခံဆောင်ရွက်ခဲ့ခြင်း၊
    • (၃) လူမှုရေးအဖွဲ့အစည်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ခြင်း၊
    • (၄) အများနှင့်သက်ဆိုင်သည့် လုပ်ငန်းများကို စေတနာထားဆောင်ရွက်ခြင်း၊
    • (၅) အခါအားလျော်စွာ ဌာန/အဖွဲ့အစည်းတွင်း ဝန်ထမ်းများအားတတ်စွမ်းသမှုကူညီပံ့ပိုးခြင်း။
  • (ဈ) ဆက်ဆံရေးပြေပြစ်ခြင်း ၁၀ မှတ်
    • (၁) ဌာန/အဖွဲ့အစည်းတွင်းရှိဝန်ထမ်းများနှင့် လိုက်လျောညီထွေဆက်ဆံဆောင်ရွက်တတ်ခြင်း၊
    • (၂) အခြားဝန်ထမ်းအဖွဲ့အစည်းများ၊ ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းများနှင့် အဆင်ပြေချောမွေ့စွာပေါင်းစပ်ဆောင်ရွက်နိုင်ခြင်း၊
    • (၃) အဖွဲ့အစည်း၏ဂုဏ်သိက္ခာမြင့်မားစေရန် စွမ်းဆောင်နိုင်ခြင်း၊
    • (၄) ပြည်သူကိုရိုသေလေးစားစွာဝန်ဆောင်မှုပေးခြင်း။
  • (ည) ခေါင်းဆောင်မှုပေးနိုင်ခြင်း ၁၀ မှတ်
    • (၁) ပေးအပ်ထားသည့် လုပ်ငန်းတာဝန်များအပေါ် တာဝန်သိမှု၊တာဝန်ရှိမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှု၊ တာဝန်ကျေမှုရှိခြင်း၊
    • (၂) ဦးစားပေးအဆင့်အလိုက် လုပ်ငန်းတာဝန်ကိုခွဲဝေဆောင်ရွက်နိုင်ခြင်း၊
    • (၃) လုပ်ငန်းတာဝန်များကိုကြိုတင်စဉ်းစားတွေးခေါ်ဆောင်ရွက်နိုင်ခြင်း၊
    • (၄) အထက်အရာရှိအား အချိန်နှင့်တစ်ပြေးညီ သတင်းပို့တင်ပြခြင်း၊လမ်းညွှန်မှုခံယူခြင်း၊ လက်အောက်သို့ ညွှန်ကြားပြသပေးခြင်းနှင့် လိုအပ်ပါကကိုယ်တိုင်ပါဝင် ဦးစီးလုပ်ကိုင်ဆောင်ရွက်ခြင်း၊
    • (၅) နိုင်ငံတော်ဘဏ္ဍာငွေနှင့် နိုင်ငံပိုင်ပစ္စည်းများကို လေလွင့်ဆုံးရှုံးမှုမရှိစေရန်စနစ်တကျဆောင်ရွက်နိုင်ခြင်း၊
    • (၆) ဌာန/အဖွဲ့အစည်း၏ ရည်မှန်းချက်၊ လုပ်ငန်းတာဝန်များကိုလက်အောက်မှသိရှိစေရေးရှင်းလင်းပြသခြင်း၊အောင်မြင်အောင် ဆောင်ရွက်လိုစိတ်ဖြစ်ပေါ်လာစေရန် စေ့ဆော်အားပေးနိုင်မှုရှိခြင်း၊
    • (၇) ဝန်ထမ်းများကိုစည်းလုံးညီညွတ်စွာဖြင့် ရည်မှန်းချက်ရောက်ရှိအောင်စည်းရုံးဆောင်ရွက်နိုင်စွမ်းရှိခြင်း၊
    • (၈) လက်အောက်ဝန်ထမ်းများ၏ ယုံကြည်လေးစားအားကိုးထိုက်သူဖြစ်ခြင်း၊
    • (၉) မိမိဦးဆောင်ရသော အဖွဲ့အစည်း/ဌာနကို မည်သည့်အခြေအနေတွင်မဆို စွမ်းဆောင်ရည်အကောင်းဆုံးနှင့်အမြင့်မားဆုံးရရှိစေရန်ဆောင်ရွက်နိုင်စွမ်းရှိခြင်း။

 

၂။ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၄၇ အရ စိစစ်အကဲဖြတ်အမှတ်ပေးရာတွင် အောက်ပါ အချက်များကိုအခြေခံရမည် –

  • (က) ခေါင်းဆောင်မှုပေးနိုင်ခြင်း ၂၀ မှတ်
    • (၁) တာဝန်သိမှု၊ တာဝန်ရှိမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှု၊ တာဝန်ကျေမှုတို့တွင် စံနမူနာပြဖြစ်ခြင်း၊
    • (၂) လုပ်ငန်းပိုင်းဆိုင်ရာများကို တတ်သိကျွမ်းကျင်၍ဦးစားပေးအဆင့်အလိုက် လုပ်ငန်းတာဝန်ကို ခွဲဝေဆောင်ရွက်စေနိုင်ခြင်း၊
    • (၃) ကြိုတင်မျှော်တွေးစဉ်းစားနိုင်ခြင်း၊
    • (၄) အထက်အရာရှိအား သတင်းပို့တင်ပြခြင်း၊ လမ်းညွှန်မှုခံယူခြင်း၊လက်အောက်သို့သင်ကြားပြသပေးခြင်းနှင့် လိုအပ်ပါကကိုယ်တိုင်ပါဝင်ဦးစီးလုပ်ကိုင်ဆောင်ရွက်ခြင်း၊
    • (၅) မှန်ကန်မျှတသည့်ဆုံးဖြတ်ချက်ကို အချိန်ကိုက်ချမှတ်နိုင်ခြင်း၊
    • (၆) နိုင်ငံတော်ဘဏ္ဍာငွေနှင့်နိုင်ငံပိုင်ပစ္စည်းများကို လေလွင့်ဆုံးရှုံးမှုမရှိစေရန် စနစ်တကျဆောင်ရွက်နိုင်ခြင်း၊
    • (၇) စည်းကမ်းနှင့်စပ်လျဉ်း၍ စံနမူနာပြဖြစ်ခြင်း၊
    • (၈) ဝန်ထမ်းများကို စည်းလုံးညီညွတ်စွာဖြင့် ရည်မှန်းချက်ရောက်ရှိအောင်စနစ်တကျစီမံခန့်ခွဲနိုင်ခြင်း၊
    • (၉) မှန်ကန်စွာခေါင်းဆောင်မှုပေးနိုင်ခြင်း၊
    • (၁၀) ကြီးကြပ်ကွပ်ကဲမှုကောင်းမွန်ခြင်း။
  • (ခ) ယုံကြည်စိတ်ချရခြင်း ၂၀ မှတ်
    • (၁) လုံခြုံမှုအဆင့်အတန်းသတ်မှတ်ထားသည့် သတင်းအချက်အလက်များကိုပေါက်ကြားမှုမရှိစေရန် သတိပြုဆောင်ရွက်နိုင်ခြင်း၊
    • (၂) ကိုယ်ကျင့်တရားကောင်းမွန်ခြင်းနှင့်ကျင့်ဝတ်သိက္ခာစောင့်ထိန်းခြင်း၊
    • (၃) အဂတိတရားကင်းရှင်းစွာဆောင်ရွက်ခြင်း၊
    • (၄) လုပ်ငန်းတာဝန်များကို အမှားအယွင်းမရှိ တိကျသေချာစွာအလေးအနက်ထား ဆောင်ရွက်နိုင်ခြင်း၊
    • (၅) နိုင်ငံတော်၊ ဌာန/ အဖွဲ့အစည်း၊ အကြီးအကဲနှင့် လုပ်ဖော်ကိုင်ဖက်များအပေါ် သစ္စာရှိခြင်း၊
    • (၆) ဌာန/အဖွဲ့အစည်းက ယုံကြည်စိတ်ချစွာ တာဝန်ပေးအပ်နိုင်ခြင်း၊
    • (၇) လက်အောက်ဝန်ထမ်းများ၏ ယုံကြည်လေးစားအားကိုးထိုက်သူဖြစ်ခြင်း။
  • (ဂ) လုပ်ငန်းကျွမ်းကျင်မှုရှိခြင်း ၂၀ မှတ်
    • (၁) ဌာန/အဖွဲ့အစည်းဆိုင်ရာသင်တန်းများ၊ ရာထူးဝန်အဖွဲ့မှသတ်မှတ်ထားသော သင်တန်းများတက်ရောက်ပြီးခြင်း၊
    • (၂) လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီမံဆောင်ရွက်ပေးနိုင်ခြင်း၊
    • (၃) ဌာန/ အဖွဲ့အစည်း၏ဂုဏ်သိက္ခာမြင့်မားစေရန် စွမ်းဆောင်နိုင်ခြင်း၊
    • (၄) စီမံအုပ်ချုပ်မှုလုပ်ငန်းများတွင် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်နိုင်ခြင်း၊
    • (၅) ဌာန/အဖွဲ့အစည်း၏ မူဝါဒ၊ လုပ်ငန်းစဉ်၊ အမိန့်နှင့်ညွှန်ကြားချက်များကို အချိန်နှင့်တစ်ပြေးညီအကောင်အထည်ဖော်ဆောင်ရွက်နိုင်ခြင်း၊
    • (၆) ကြီးကြပ်ကွပ်ကဲမှုအနည်းဆုံးဖြင့် ဆောင်ရွက်နိုင်ခြင်း၊
    • (၇) လုပ်ငန်းပိုင်းဆိုင်ရာများကို တတ်သိကျွမ်းကျင်ပြီး ဝန်ထမ်းတစ်ဦးချင်းစီ၏ စွမ်းဆောင်ရည်ပေါ် မူတည်၍ ထိုက်သင့်သည့်တာဝန်များကိုခွဲဝေဆောင်ရွက်နိုင်စွမ်းရှိခြင်း။
  • (ဃ) တာဝန်ကိုလိုလားစွာထမ်းဆောင်ခြင်း ၂၀ မှတ်
    • (၁) ပေးအပ်သောတာဝန်ကိုလိုလားစွာအလေးအနက်ခံယူဆောင်ရွက်ခြင်း၊
    • (၂) လုပ်ငန်းအောင်မြင်မှုရှိရန် နည်းလမ်းကောင်းများကို ကြံဆ၍ဆောင်ရွက်နိုင်ခြင်း၊
    • (၃) မိမိအားပေးအပ်လာမည့် တာဝန်ကိုလက်ခံဆောင်ရွက်ရန်အဆင်သင့်ရှိခြင်း၊
    • (၄) ကိုယ်ရေးကိုယ်တာအနည်းဆုံးဖြင့် ဌာန၏လုပ်ငန်းတာဝန်များအပေါ် ဦးစားပေးဆောင်ရွက်လိုခြင်း၊
    • (၅) လက်အောက်မှတင်ပြချက်များကို အရေးတယူနားထောင်၍အကောင်းမွန်ဆုံးဖြေရှင်းဆောင်ရွက်ပေးလိုခြင်း၊
    • (၆) ပေးအပ်သည့်တာဝန်ကို အချိန်အခါနေရာဒေသမရွေးနိုးကြားတက်ကြွစွာ ဆောင်ရွက်နိုင်ခြင်း။
  • (င) ဆက်ဆံရေးပြေပြစ်ခြင်း ၂၀ မှတ်
    • (၁) လုပ်ငန်းနှင့်ဆက်စပ်လျက်ရှိသော ပြည်တွင်း၊ ပြည်ပပုဂ္ဂလိကအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့်ပူးပေါင်းညှိနှိုင်းဆောင်ရွက်နိုင်ခြင်း၊
    • (၂) အခြားဝန်ထမ်းအဖွဲ့အစည်းများနှင့် အဆင်ပြေချောမွေ့စွာပေါင်းစပ်ဆောင်ရွက်နိုင်ခြင်း၊
    • (၃) ပြည်သူဗဟိုပြုဝန်ဆောင်မှုလုပ်ငန်းများချောမွေ့စေရန် ညှိနှိုင်းဆောင်ရွက်နိုင်ခြင်း၊
    • (၄) ဌာန/အဖွဲ့အစည်းတွင်းရှိ ဝန်ထမ်းများနှင့်လိုက်လျောညီထွေဆက်ဆံဆောင်ရွက်တတ်ခြင်း၊
    • (၅) ပြည်သူလူထုနှင့် ဆက်ဆံရေးပြေပြစ်မှုရှိခြင်း။

၃။ အထက်ဖော်ပြပါ အကဲဖြတ်ပေးရမည့် အရည်အချင်းသတ်မှတ်ချက် တစ်ခုစီအလိုက် အသေးစိတ်အချက်များကို အခြေခံ“စံ”အဖြစ် သတ်မှတ်၍ သက်ဆိုင်ရာဝန်ကြီးဌာန၊ အဖွဲ့အစည်း တို့က တိုးမြှင့်ပေးရမည့် ရာထူးအဆင့်ပေါ်မူတည်ပြီး ဆီလျော်သလို လိုက်နာကျင့်သုံးရန်ဖြစ်သည်။

၄။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ ၁၀-၁-၂၀၁၇ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၃/၂၀၁၇ ကို ဤအမိန့်ကြော်ငြာစာဖြင့် လွှမ်းမိုးပယ်ဖျက်လိုက်သည်။

 

(ဝင်းသိမ်း)
ဥက္ကဋ္ဌ
ပြည်ထောင်စုရာထူးဝန်အဖွဲ့

စာအမှတ်၊ ၈၆ /၂/၃-ဥပဒေ / ၁ /(၆) /ဝထရ – ၂၀၂၀
ရက်စွဲ၊ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၉ ရက်

 

my_MMMY