ပြည်ထောင်စုရာထူးဝန်အဖွဲ့

ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ၊ နည်းဥပဒေများ၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊

နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ ဝန်ထမ်းရေးရာ ကိစ္စရပ်များ


Search
Generic filters
Filter by Lawbook Names
နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ
နိုင်ငံ့ဝန်ထမ်းဥပဒေ
ပြည်ထောင်စုရာထူးဝန်အဖွဲ့နည်းဥပဒေများ
ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ
ဝန်ထမ်းရေးရာကိစ္စရပ်များ

ဤစကားလုံးများဖြင့်ရှာဖွေနိုင်သည်။ ပုဒ်မ(၁)နည်းဥပဒေ(၁)အပိုဒ်(၁)အခန်း(၁)rule(1)article(1)section(1)chapter(1)

၁။ ခန့်ထားရေး


နည်းဥပဒေ ၄ ပါ ပြဋ္ဌာန်းချက်အရ ဝန်ထမ်းတစ်ဦးကို ဖွဲ့စည်းပုံပါရာထူးတစ်ခု၌ အတည်ပြု ခန့်ထားရာတွင်-

  • (က) ရာထူးသည် အမြဲတမ်းလစ်လပ်သည့် ရာထူးဖြစ်ရမည်။
  • ( ခ ) တစ်ချိန်တည်း၌ ဝန်ထမ်းတစ်ဦးထက်ပို၍ ခန့်ထားခြင်းမပြုရ။
  • ( ဂ ) ဝန်ထမ်းတစ်ဦး၏ ရာထူးအနွယ် ပိုင်ဆိုင်ခွင့်ရှိထားသည့်ရာထူး၌ အခြားဝန်ထမ်း တစ်ဦးကို အတည်ပြုခန့်ထားခြင်းမပြုရ။ သို့ရာတွင် အငြိမ်းစားယူရန် ကြိုတင် ပြင်ဆင်ခွင့် ခံစားနေသည့် ဝန်ထမ်း၏ရာထူးနေရာ၌ အခြားဝန်ထမ်းတစ်ဦးအား ခန့်ထားခြင်းနှင့် သက်ဆိုင်ခြင်း မရှိစေရ။
  • (ဃ) ဝန်ထမ်းသည် အသက် ၁၈ နှစ်ပြည့်ပြီးဖြစ်ရမည်။
  • ( င ) ပြင်ပပုဂ္ဂိုလ်ဖြစ်ပါက ကျန်းမာကြောင်းဆေးလက်မှတ်နှင့် သက်ဆိုင်ရာ မြို့နယ် ရဲစခန်း၏ ပြစ်မှုကင်းရှင်းကြောင်း ထောက်ခံစာမူရင်းတို့ကို တင်ပြနိုင်သူဖြစ်ရမည်။ မီးဖွားပြီး ရက်သတ္တပတ် ဆယ့်နှစ်ပတ်ပြည့်သည့်အခါမှသာ ခန့်ထားမည်ဖြစ်ကြောင်း အသိပေး၍ ကိုယ်ဝန်ရှိသူများကို ရွေးချယ်ထားနိုင်သည်။

နည်းဥပဒေ ၄၊ နည်းဥပဒေခွဲငယ် (ဂ) ပါ ပြဋ္ဌာန်းချက်အရ ဝန်ထမ်းတစ်ဦး၏ ရာထူးအနွယ် ပိုင်ဆိုင်ခွင့်ရှိထားသည့်ရာထူး၌ အခြားဝန်ထမ်းတစ်ဦးကို အတည်ပြုခန့်ထားခြင်းမပြုရသော်လည်း အငြိမ်းစားယူရန် ကြိုတင်ပြင်ဆင်ခွင့်ခံစားနေသည့်ဝန်ထမ်း၏ရာထူးနေရာ၌ အခြားဝန်ထမ်းတစ်ဦးအား ခန့်ထားခွင့်ရှိမည်ဖြစ်ပါသည်။

နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၄၊ နည်းဥပဒေခွဲ (ဃ) ပါပြဋ္ဌာန်းချက်အရ နိုင်ငံ့ဝန်ထမ်းအဖြစ် ခန့်ထားရာတွင် ဝန်ထမ်းသည် အသက် (၁၈) နှစ်ပြည့်ပြီးသူဖြစ်ရမည်။

နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၄၊ နည်းဥပဒေခွဲ (င) ပါပြဋ္ဌာန်းချက်အရ နိုင်ငံ့ ဝန်ထမ်းအဖြစ် ပြင်ပပုဂ္ဂိုလ်အားခန့်ထားရာတွင် ကျန်းမာကြောင်းဆေးလက်မှတ်နှင့် သက်ဆိုင်ရာ မြို့နယ်ရဲစခန်း၏ ပြစ်မှုကင်းရှင်းကြောင်း ထောက်ခံစာမူရင်းတို့ တင်ပြနိုင်ရပါမည်။

နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၄၊ နည်းဥပဒေခွဲ (င) အရ ပြင်ပပုဂ္ဂိုလ်ဖြစ်သော ကိုယ်ဝန်ရှိသည့် အမျိုးသမီးများအား မီးဖွားပြီး ရက်သတ္တပတ် ဆယ့်နှစ်ပတ်ပြည့်သည့်အခါမှသာ ခန့်ထားမည်ဖြစ်ကြောင်း အသိပေး၍ ကိုယ်ဝန်ရှိသူများကို ရွေးချယ်ခန့်ထားနိုင်ပါသည်။

နည်းဥပဒေ ၅ ပါ ပြဋ္ဌာန်းချက်အရ အတည်ပြုခန့်ထားခြင်းခံရသော ဝန်ထမ်းသည် နိုင်ငံတော်၏ အကျိုးအတွက် လိုအပ်လျှင် အချိန်ပြည့်တာဝန်ထမ်းဆောင်ရမည်ဖြစ်ပြီး မူလတာဝန်အပြင် အခြား လိုအပ်သော တာဝန်များကိုပေးအပ်ပါက ထမ်းဆောင်ရမည်။

နည်းဥပဒေ ၆ ပါပြဋ္ဌာန်းချက်အရ အတည်ပြုခန့်ထားခြင်းခံရသည့် ဝန်ထမ်းတစ်ဦးသည် ရာထူးဆိုင်ရာတာဝန်ဝတ္တရားများ စတင်ထမ်းဆောင်သည့်နေ့မှစ၍ သတ်မှတ်ထားသည့်လစာနှင့် စရိတ်များကို ခံစားခွင့်ရှိသည်။ ပြည်ပတွင်တာဝန်ဖြင့် ရောက်ရှိနေစဉ် အချိန်တွင်လည်းကောင်း၊ ပညာသင်ကြားနေစဉ်အချိန်တွင်လည်းကောင်း ရာထူးတိုးမြှင့်ခန့်ထားခြင်းခံရပါက တိုးမြှင့်ခန့်ထား သည့်နေ့ရက်မှစ၍ ယင်းရာထူးလစာကို ခံစားခွင့်ရှိသည်။ ပြင်ပဝန်ထမ်းစည်းကမ်းချက်ဖြင့် ပြည်တွင်း၊ ပြည်ပတာဝန်ထမ်းဆောင်နေချိန်အတွင်း ရာထူးတိုးမြှင့်ခံရပါက ယင်းကာလပြီးဆုံး၍ မိခင်ဌာနတွင် ပြန်လည်တာဝန်ထမ်းဆောင်ချိန်မှသာ တိုးမြှင့်ခန့်ထားသည့်ရာထူး၏လစာကို ခံစားခွင့်ရှိမည်ဖြစ်ပါ သည်။

နည်းဥပဒေ ၇ ပါပြဋ္ဌာန်းချက်အရ ဝန်ထမ်းတစ်ဦးသည် အောက်ပါအချိန်ကာလများတွင် မူလရာထူး၌ ရာထူးအနွယ်ပိုင်ဆိုင်ခွင့် ဆက်လက်တည်ရှိပါသည်-

  • (က)      အမြဲတမ်းရာထူးတစ်ခုတွင် အချိန်ပြည့်တာဝန်ထမ်းဆောင်နေသည့်ကာလ၊
  • ( ခ )      ပြည်တွင်း၊ ပြည်ပ၌ ဌာန၏ခွင့်ပြုချက်ဖြင့် ပညာလေ့လာဆည်းပူးနေသည့်ကာလ၊
  • ( ဂ )      အခြားရာထူးတစ်ခု၌ ခေတ္တပြောင်းရွှေ့ တာဝန်ထမ်းဆောင်နေသည့်ကာလ၊
  • (ဃ)      ပြင်ပဝန်ထမ်းစည်းကမ်းချက်ဖြင့် ပြည်တွင်း၊ ပြည်ပတွင် လွှဲပြောင်းတာဝန်ထမ်းဆောင် နေသည့်ကာလ၊
  • ( င )      ရာထူးတစ်ခုမှတစ်ခုသို့ ပြောင်းရွှေ့သည့်အခါ ကူးပြောင်းချိန်အတွင်း၌ ရှိနေသည့် ကာလ၊
  • ( စ )      ခွင့်ခံစားနေသည့်ကာလ၊
  • (ဆ)      တာဝန်မှယာယီရပ်ဆိုင်းခြင်းခံထားရသည့်ကာလ။

နည်းဥပဒေ ၈ ပါ ပြဋ္ဌာန်းချက်အရ ဝန်ထမ်းတစ်ဦးသည် အခြားရာထူးအနွယ်တစ်ခုကို ပိုင်ဆိုင်ခွင့်ရရှိလျှင် ယင်းသို့ရရှိသည့် နေ့ရက်မှစ၍ မူလရရှိထားသော ရာထူးအနွယ်ပိုင်ဆိုင်ခွင့်သည် အလိုအလျောက်ရပ်စဲပြီးဖြစ်ရမည်။

နည်းဥပဒေ ၉ ပါ ပြဋ္ဌာန်းချက်အရ ရာထူးအနွယ်ပိုင်ဆိုင်ခွင့်ကို ရပ်ဆိုင်းခြင်းခံရသည့် ဝန်ထမ်းတစ်ဦး၏ရာထူးနေရာတွင် အခြားဝန်ထမ်းတစ်ဦးဦးကို အစားထိုးခန့်ထားနိုင်သည်။ ယင်းသို့ ခန့်ထားခြင်းခံရသည့် ဝန်ထမ်းသည် ထိုရာထူး၏ရာထူးအနွယ်ပိုင်ဆိုင်ခွင့်ကို ရရှိမည်ဖြစ်သည်။ သို့ရာတွင် မူလဝန်ထမ်းအား အဆိုပါ ရာထူး၌ပြန်လည်ခန့်ထားသည့်အခါ အစားထိုးခန့်ထားခြင်းခံရသည့် ဝန်ထမ်းသည် ထိုရာထူး၌ ရရှိထားခဲ့သည့် ရာထူးအနွယ်ပိုင်ဆိုင်ခွင့်ကို စွန့်လွှတ်ရမည်။

နည်းဥပဒေ ၁၀ ပါပြဋ္ဌာန်းချက်အရ ပြစ်ဒဏ်တစ်ရပ်အဖြစ် အဆင့်နိမ့်ရာထူးသို့ ကာလ သတ်မှတ်ချက်ဖြင့် ပြောင်းရွှေ့တာဝန်ထမ်းဆောင်ရသည့်ကိစ္စတွင် ယင်းဝန်ထမ်း၏ရာထူးအနွယ်သည် မူလရာထူး၌သာရှိပြီး အဆင့်နိမ့်ရာထူး၏ ရာထူးအနွယ်ပိုင်ဆိုင်ခွင့်ကို မရရှိစေရ။

နည်းဥပဒေ ၁၁ ပါ ပြဋ္ဌာန်းချက်အရ ဝန်ထမ်းတစ်ဦးကို လက်ရှိရာထူးမှ အဆင့်နိမ့်သော ရာထူးသို့ လုပ်ရည်ကိုင်ရည်ညံ့ဖျင်းခြင်း၊ မလျော်ကန်သည့် အပြုအမူပြုလုပ်ကြောင်း ခိုင်လုံသည့် အထောက်အထားရှိခြင်း၊ ဝန်ထမ်းကိုယ်တိုင်က လစာနည်းသောရာထူးသို့ ပြောင်းရွှေ့ပေးရန် စာဖြင့် တောင်းခံခြင်းစသည့်အခြေအနေများတွင် ပြောင်းရွှေ့ခန့်ထားနိုင်မည်ဖြစ်ပါသည်။ အဆိုပါ ကိစ္စရပ်တွင် ရာထူးတစ်ခုကိုဖျက်သိမ်းသည့်အတွက် ယင်းရာထူး၌တာဝန်ထမ်းဆောင်နေသောဝန်ထမ်းကို အခြား ရာထူးတစ်ခုသို့ လွှဲပြောင်းနေရာချထားခြင်းနှင့် ဝန်ထမ်းစည်းကမ်းထိန်းသိမ်းရေးဆိုင်ရာပြစ်ဒဏ် ဖြစ်သည့် လက်ရှိရာထူးမှ အဆင့်နိမ့်ရာထူးသို့ ကာလကန့်သတ်ချက်ဖြင့် ခေတ္တပြောင်းရွှေ့ တာဝန် ထမ်းဆောင်ခြင်းတို့သည် အကျုံးမဝင်ပါ။

နည်းဥပဒေ ၁၂ ပါ ပြဋ္ဌာန်းချက်အရ ဝန်ထမ်းတစ်ဦးသည် ပြင်ပဝန်ထမ်းစည်းကမ်းချက် များဖြင့် လွှဲပြောင်းတာဝန်ထမ်းဆောင်နေသည့်အခါမှတစ်ပါး ခွင့်ဖြင့်ဖြစ်စေ၊ ခွင့်မဲ့ဖြစ်စေ အလုပ်ခွင်မှ တစ်ဆက်တည်း ငါးနှစ်ကင်းကွာလျှင် ကင်းကွာသည့်ကာလ ငါးနှစ်ပြည့်သည့်နေ့၏ နောက်နေ့မှစ၍ ဝန်ထမ်းအဖြစ်မှ အလိုအလျောက် ရပ်စဲပြီးဖြစ်သည်။

နည်းဥပဒေ ၁၃ ပါပြဋ္ဌာန်းချက်အရ ဝန်ထမ်းအဖြစ်မှ အလိုအလျောက်ရပ်စဲသော ဝန်ထမ်း နှင့်ပတ်သက်၍ ရာထူးဝန်အဖွဲ့က  ခိုင်လုံသောအကြောင်းများရှိသည်ဟု ယူဆလျှင် ဝန်ထမ်းအဖြစ်မှ ရပ်စဲသွားခြင်းကို ပယ်ဖျက်နိုင်မည်ဖြစ်ပြီး ဤပြဋ္ဌာန်းချက်သည် တာဝန်မှယာယီရပ်ဆိုင်းခြင်းခံရ သဖြင့် အလုပ်ခွင်မှကင်းကွာနေသောဝန်ထမ်းနှင့် မသက်ဆိုင်စေရ။

နည်းဥပဒေ ၁၄ ပါပြဋ္ဌာန်းချက်အရ ဝန်ထမ်းအဖွဲ့အစည်းအသီးသီးရှိ ပြန်တမ်းဝင်အရာရှိ အဆင့်ရာထူးနှင့်စပ်လျဉ်း၍ –

  • (က)      ရာထူးဝန်အဖွဲ့က စတင်ရွေးချယ်ပေးရမည့်အဆင့်ရာထူးအဖြစ် သတ်မှတ်ပြီး ရွေးချယ် ပေးရမည်။
  • ( ခ )      ရာထူးလစ်လပ်မှုရှိသဖြင့် ပြင်ပပုဂ္ဂိုလ်ကိုရွေးချယ်ရန် လိုအပ်ပါက သက်ဆိုင်ရာ ဝန်ထမ်းအဖွဲ့အစည်းသည် ရာထူးဝန်အဖွဲ့သို့ အဆိုပြုညှိနှိုင်း၍ သဘောတူညီချက် ရယူရမည်။
  • ( ဂ )      ဝန်ထမ်းအဖွဲ့အစည်းများသည် မိမိတို့အဖွဲ့အစည်းအတွင်းရှိဝန်ထမ်းများကို ပြန်တမ်းဝင် အရာရှိအဆင့်ရာထူးသို့ တိုးမြှင့်ခန့်အပ်လိုပါက ရာထူးဝန်အဖွဲ့သို့ အဆိုပြုညှိနှိုင်း၍ သဘောတူညီချက်ရယူရမည်။

နည်းဥပဒေ ၁၅ ပါပြဋ္ဌာန်းချက်အရ အောက်ပါရာထူးအဆင့်များကို ဝန်ကြီးဌာနများနှင့်ဝန်ထမ်း အဖွဲ့အစည်းများက ပြင်ပပုဂ္ဂိုလ်များအား စတင်ခန့်အပ်နိုင်သည် –

  • (က)      အကူဝန်ထမ်းအဆင့် (၁)၊
  • ( ခ )      စာရေးဝန်ထမ်းအဆင့် (၁)၊
  • ( ဂ )      ကျွမ်းကျင်ဝန်ထမ်းအဆင့် (၁)၊ အဆင့် (၂)နှင့် အဆင့် (၄)၊
  • (ဃ)      ပညာရှင်အဆင့် (၁)၊အဆင့် (၂)နှင့် အဆင့်(၃)၊
  • ( င )      စီမံခန့်ခွဲရေးဝန်ထမ်း (စီးပွားရေး) အဆင့် (၁) နှင့် အဆင့် (၂)၊
  • ( စ )      စီမံခန့်ခွဲရေးဝန်ထမ်း (အုပ်ချုပ်ရေး၊ လူမှုရေး) အဆင့် (၁)။

နည်းဥပဒေ ၁၆ ပါပြဋ္ဌာန်းချက်အရ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ဝန်ထမ်းအဖွဲ့အစည်း များသည် ကျွမ်းကျင်ဝန်ထမ်းအဆင့် (၃) ရာထူးအဆင့်တွင် လုပ်ငန်းသဘာဝအရဖြစ်စေ၊ ရာထူး အဆင့်အတွက် သတ်မှတ်ထားသည့် အရည်အချင်းအရဖြစ်စေ ပြင်ပပုဂ္ဂိုလ်အား ရွေးချယ်ခန့်အပ်ရန် လိုအပ်သည့်ကိစ္စတွင် ခန့်အပ်လိုသည့် ကျွမ်းကျင်ဝန်ထမ်းအဆင့် (၃) ရာထူးကို ကျောထောက် နောက်ခံပြု၍ ကျွမ်းကျင်ဝန်ထမ်းအဆင့် (၂) ရာထူးတွင် အလုပ်သင်ဦးစွာခန့်ထား၍ လုပ်ငန်း ဆောင်ရွက်မှုကို ကျေနပ်မှုရှိပါက ကျောထောက်နောက်ခံပြုထားသည့် ကျွမ်းကျင်ဝန်ထမ်းအဆင့် (၃) ရာထူးတွင် ခန့်ထားရမည်။

နည်းဥပဒေ ၁၇ ပါပြဋ္ဌာန်းချက်အရ ဝန်ထမ်းအဖြစ် စတင်ခန့်ထားရာတွင် ခန့်ထားမည့် ရာထူးအဆင့်အတွက် သတ်မှတ်ထားသော အရည်အချင်းနှင့် ပြည့်စုံသူများကို ယှဉ်ပြိုင်ရွေးချယ် သည့်စနစ်ဖြင့် နည်းဥပဒေများနှင့်အညီ ရွေးချယ်ခန့်ထားရမည်။

နည်းဥပဒေ ၁၈ ပါပြဋ္ဌာန်းချက်အရ ဝန်ကြီးဌာနများနှင့် ဝန်ထမ်းအဖွဲ့အစည်းများသည် ပြင်ပ ပုဂ္ဂိုလ်များအား နည်းဥပဒေ ၁၅ ပါ စတင်ခန့်ရာထူးအဆင့်များတွင် ရွေးချယ်ခန့်ထားရန်လိုအပ်ပါက ဝန်ထမ်းအဖွဲ့အစည်းအတွင်းမှ သင့်လျော်မည့်ပုဂ္ဂိုလ်များပါဝင်သော ရွေးချယ်ရေးအဖွဲ့ကို ဝန်ကြီးဌာန နှင့် အဖွဲ့အစည်းအကြီးအမှူး သို့မဟုတ် ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးက ဖွဲ့စည်းရမည်။

နည်းဥပဒေ ၁၉ ပါ ပြဋ္ဌာန်းချက်အရ-
အကူဝန်ထမ်းအဆင့် (၁)နှင့် စာရေးဝန်ထမ်း အဆင့် (၁) ရာထူးများလစ်လပ်မှုရှိသဖြင့် ပြင်ပမှပုဂ္ဂိုလ်များကို ခေါ်ယူရွေးချယ်ခန့်အပ်ရန်ရှိလျှင် သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ဝန်ထမ်းအဖွဲ့အစည်းများသည် –
(က)
  • (၁)  လစ်လပ်သည့်ရာထူးအတွက် သတ်မှတ်ချက်များနှင့်အညီ အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အလုပ်အကိုင်နှင့် အလုပ်သမား ရှာဖွေရေးရုံးများတွင် မှတ်ပုံတင်ထားသူများအနက်မှ သတ်မှတ်အရည်အချင်း ပြည့်မီသူတို့၏ အမည်စာရင်းတောင်းယူရမည်။
  • (၂)  နည်းဥပဒေ ၁၈ အရ ဖွဲ့စည်းသော ရွေးချယ်ရေးအဖွဲ့သည် –
    • (ကက)  အမည်စာရင်းပါပုဂ္ဂိုလ်များအား လူတွေ့စစ်ဆေးခြင်းနှင့် လိုအပ်ပါက ရေးဖြေစစ်ဆေးခြင်း၊ ကျွမ်းကျင်မှုစစ်ဆေးခြင်း ပြုလုပ်ရမည်။
    • (  ခခ )  လူတွေ့စစ်ဆေးခြင်း၊ ရေးဖြေစစ်ဆေးခြင်း၊ ကျွမ်းကျင်မှုစစ်ဆေးခြင်း များမှ ရရှိသောအမှတ်များအပေါ် မူတည်၍ အရည်အချင်းအလိုက် အမှတ်စဉ်ပြီး ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူး သို့မဟုတ် ရာထူး ခန့်အပ်ပိုင်ခွင့်ရှိသူထံသို့ တင်ပြရမည်။
  • (၃)  ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူး သို့မဟုတ် ရာထူးခန့်အပ်ပိုင်ခွင့်ရှိသူသည် စစ်ဆေးရွေးချယ်ထားသူများအား အရည်အချင်းအလိုက်အမှတ်စဉ်အရ လစ်လပ် ရာထူးများတွင် ဖြည့်စွက်ခန့်ထားရမည်။

( ခ ) အကူဝန်ထမ်းအဆင့် (၁) နှင့် စာရေးဝန်ထမ်းအဆင့် (၁) ရာထူးများတွင် ပြင်ပမှ ပုဂ္ဂိုလ်များအား ရွေးချယ်ခန့်အပ်ခြင်းကို နည်းဥပဒေခွဲ(က)ပါအတိုင်း ဆောင်ရွက်၍ ကျန်အဆင့်များခန့်အပ်ခြင်းကို ရာထူးတိုးမြှင့်ပေးသည့်အစီအစဉ်ဖြင့်သာ ဆောင်ရွက် ရမည်။

နည်းဥပဒေ ၂၀ ပါ ပြဋ္ဌာန်းချက်အရ –
  • (က)  ကျွမ်းကျင်ဝန်ထမ်းအဆင့် (၁)နှင့် ကျွမ်းကျင်ဝန်ထမ်းအဆင့်(၂)ရာထူးများ လစ်လပ် မှုရှိသဖြင့် ပြင်ပမှပုဂ္ဂိုလ်များကို ခေါ်ယူရွေးချယ်ခန့်အပ်ရန်ရှိလျှင် နည်းဥပဒေ ၁၉၊ နည်းဥပဒေခွဲ (က) တွင် ဖော်ပြထားသည့်ရာထူးများကို ရွေးချယ်ခန့်အပ်သည့် နည်းလမ်းများအတိုင်း စီစဉ်ဆောင်ရွက်ရမည်။
  • ( ခ )  နည်းဥပဒေ ၁၆ ပါ ကျွမ်းကျင်ဝန်ထမ်းအဆင့် (၃) ရာထူး လစ်လပ်မှုရှိသဖြင့် ပြင်ပမှ ပုဂ္ဂိုလ်များကိုခေါ်ယူ၍ အလုပ်သင်အဆင့်တွင် ရွေးချယ်ခန့်အပ်ရန် လိုအပ်လျှင် ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးက ဖွဲ့စည်းထားသော ရွေးချယ်ရေးအဖွဲ့သည် အလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေရေးရုံးများတွင် မှတ်ပုံတင်ထားသူများအနက်မှ သတ်မှတ်အရည်အချင်း ပြည့်မီသူတို့၏ အမည်စာရင်းတောင်းယူခြင်း၊ လူတွေ့ စစ်ဆေးခြင်း၊ ရေးဖြေစစ်ဆေးခြင်းနှင့်ကျွမ်းကျင်မှုစစ်ဆေးခြင်းတို့ကို ဆောင်ရွက်ပြီး ရမှတ်များပေါ်မူတည်၍ အရည်အချင်းအလိုက် အမှတ်စဉ်ပြီး ဝန်ထမ်းအဖွဲ့အစည်း အကြီးအမှူး သို့မဟုတ် ရာထူးခန့်အပ်ပိုင်ခွင့်ရှိသူထံ တင်ပြရမည်။
  • ( ဂ ) ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူး သို့မဟုတ် ရာထူးခန့်အပ်ပိုင်ခွင့်ရှိသူသည် စစ်ဆေး ရွေးချယ်ထားသူများအား အရည်အချင်းအလိုက် အမှတ်စဉ်အတိုင်း လစ်လပ်ရာထူး တွင် ဖြည့်စွက်ခန့်ထားရမည်။
  • (ဃ) ကျွမ်းကျင်ဝန်ထမ်းအဆင့် (၂) နှင့် ကျွမ်းကျင်ဝန်ထမ်းအဆင့် (၄) ရာထူးနေရာများ လစ်လပ်မှုရှိလျှင် ဌာနတွင်းရှိ သတ်မှတ်သည့်အရည်အချင်းနှင့် ပြည့်စုံသူဝန်ထမ်း များကို ရာထူးတိုးမြှင့်ပေးသည့် အစီအစဉ်ဖြင့်ဖြစ်စေ၊ ပြင်ပမှပုဂ္ဂိုလ်များကို ခေါ်ယူ ရွေးချယ်သည့် အစီအစဉ်ဖြင့်ဖြစ်စေ ဖြည့်စွက်ခန့်ထားခြင်းပြုနိုင်သည်။
  • ( င ) ကျွမ်းကျင်ဝန်ထမ်းအဆင့် (၄) ရာထူးနေရာများ လစ်လပ်မှုရှိသဖြင့် ပြင်ပမှပုဂ္ဂိုလ် များကိုခေါ်ယူရွေးချယ်ခန့်ထားရန်ရှိလျှင်-
    • (၁) ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းအကြီးအမှူးက ရွေးချယ်ရေးအဖွဲ့ကို ဖွဲ့စည်းရမည်။
    • (၂) ရွေးချယ်ရေးအဖွဲ့သည် ရွေးချယ်ခန့်အပ်ရန်ရှိသည့် ရာထူးနေရာများအတွက် လိုအပ်သော ပညာအရည်အချင်း၊ လိုအပ်သော ကျွမ်းကျင်မှုလိုအပ်သော ကျား၊ မ အရေအတွက်စသည့် သတ်မှတ်ချက်များကိုပြုစု၍ ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းအကြီးအမှူးထံ တင်ပြအတည်ပြုချက်ရယူရမည်။
    • (၃) သတ်မှတ်သည့်အရည်အချင်းနှင့်ပြည့်စုံသူများ ယှဉ်ပြိုင်အရွေးခံနိုင်ရန် လျှောက်လွှာ ခေါ်ယူသည့် ကြော်ငြာစာကို တစ်လထက်မနည်း အချိန်ပေး၍ သတင်းစာများ တွင် ထည့်သွင်းကြော်ငြာရမည်။
    • (၄) အခြားဝန်ထမ်းအဖွဲ့အစည်းများမှ လျှောက်ထားသူများသည် သက်ဆိုင်ရာ ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းအကြီးအမှူး၏ ခွင့်ပြုချက်ဖြင့် လျှောက်ထားရမည်။
    • (၅) ရွေးချယ်ရေးအဖွဲ့သည် ရရှိသောလျှောက်လွှာများကို စိစစ်ပြီးနောက် ရေးဖြေ စစ်ဆေးခြင်း၊ လူတွေ့စစ်ဆေးခြင်းနှင့် လိုအပ်လျှင် ကျွမ်းကျင်မှုစစ်ဆေးခြင်း တို့ကိုပြုလုပ်ရမည်။
    • (၆) ရေးဖြေစစ်ဆေးရာတွင် အောက်ဖော်ပြပါဘာသာရပ်သုံးခုကို ဘာသာရပ်တစ်ခုလျှင် နှစ်နာရီမေးခွန်းလွှာဖြင့် စစ်ဆေးရမည်-
      • (ကက) မြန်မာစာ၊
      • ( ခခ ) အထွေထွေဗဟုသုတ၊
      • ( ဂဂ ) အင်္ဂလိပ်စာ။
    • (၇) ရွေးချယ်ရေးအဖွဲ့သည် ခန့်အပ်ရန်ရှိသည့်ရာထူးဦးရေအပေါ်မူတည်၍ လူတွေ့ စစ်ဆေးရန် သင့်လျော်မည့်ဦးရေကို အောက်ပါအတိုင်း သတ်မှတ်နိုင်သည် –

      ခန့်အပ်ရန်ရှိသည့်ရာထူး လူတွေ့စစ်ဆေးရန်လျာထား
      ဦးရေ သတ်မှတ်သူဦးရေ
      ၁ နေရာမှ ၁၀ နေရာထိ ခန့်အပ်ရန်ရှိသည့် ရာထူး အရေအတွက်၏နှစ်ဆထက် မပိုသောဦးရေ
      ၁၁ နေရာနှင့်အထက် ခန့်အပ်ရန်ရှိသည့်ရာထူး အရေအတွက်၏ ၁.၅ဆ ထက်မပိုသောဦးရေ
    • (၈) ရေးဖြေနှင့် လူတွေ့စစ်ဆေးခြင်းများမှ ရရှိသောအမှတ်အများအနည်းအလိုက်၊ အရည်အချင်းအလိုက် အမှတ်စဉ်၍ လိုအပ်သည့် ဝန်ထမ်းများကို ရွေးချယ် ခန့်အပ်ရန် ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းအကြီးအမှူးထံ တင်ပြရမည်။ ထိုသို့ တင်ပြရာတွင် လိုအပ်ပါက ရွေးချယ်ခန့်အပ်ရန်ရှိသည့် ဝန်ထမ်းဦးရေ၏ သင့်လျော်သောအရေအတွက်ကို အရန်အဖြစ် စာရင်းထည့်သွင်းရမည်။
    • (၉) ကြော်ငြာခေါ်ယူထားသော ရာထူးနေရာအတွက် အရည်အချင်းအလိုက် အမှတ်စဉ်ကို အတည်ပြုပြီး နောက်ထပ်မံရွေးချယ်ခန့်အပ်ရန် ပေါ်ပေါက် လာလျှင်အရည်အချင်းအလိုက်အမှတ်စဉ်အတိုင်း အရန်စာရင်းတွင် ထည့်သွင်း ထားသူများအနက်မှ ရွေးချယ်ခန့်အပ်နိုင်သည်။
    • (၁၀) ကျွမ်းကျင်ဝန်ထမ်းအဆင့် (၁) ၊ ကျွမ်းကျင်ဝန်ထမ်းအဆင့် (၂) နှင့် ကျွမ်းကျင် ဝန်ထမ်းအဆင့်(၄)ရာထူးများတွင် ပြင်ပမှပုဂ္ဂိုလ်များအား ရွေးချယ်ခန့်အပ်ခြင်း များကို ဤနည်းဥပဒေ ၂၀ တွင် ဖော်ပြသည့်အတိုင်း ဆောင်ရွက်၍ ကျန် အဆင့်များတွင် ခန့်အပ်ခြင်းကို ရာထူးတိုးမြှင့်ပေးသည့် အစီအစဉ်ဖြင့်သာ ဆောင်ရွက်ရမည်။

နည်းဥပဒေ ၂၁ ပါ ပြဋ္ဌာန်းချက်အရ-

  • (က)      ပညာရှင်အဆင့် (၁)နှင့် အဆင့် (၂)ရာထူးများလစ်လပ်မှုရှိသဖြင့် ပြင်ပမှပုဂ္ဂိုလ်များ အား ရွေးချယ်ခန့်အပ်ရန်ရှိလျှင် နည်းဥပဒေ ၁၉၊ နည်းဥပဒေခွဲ (က) တွင် ဖော်ပြ ထားသည့် နည်းလမ်းများအတိုင်း ဆောင်ရွက်ရမည်။
  • ( ခ )      ပညာရှင်အဆင့် (၃) ရာထူးများ လစ်လပ်မှုရှိသဖြင့် ပြင်ပမှပုဂ္ဂိုလ်များကို ခေါ်ယူ ရွေးချယ်ခန့်အပ်ရန်ရှိလျှင် နည်းဥပဒေ ၂၀၊ နည်းဥပဒေခွဲ (င) တွင်ဖော်ပြထားသည့် နည်းလမ်းများအတိုင်း ဆောင်ရွက်ရမည်။
  • ( ဂ )      ကျန်အဆင့်များတွင် ခန့်အပ်ခြင်းကို ရာထူးတိုးမြှင့်ပေးသည့် အစီအစဉ်ဖြင့်သာ ဆောင်ရွက်ရမည်။ သို့ရာတွင် ပြန်တမ်းဝင်အရာရှိအဆင့်ဖြစ်သော ပညာရှင်အဆင့် (၄)ရာထူးသို့ တိုးမြှင့်ခန့်အပ်သည့်ကိစ္စများတွင် ရာထူးဝန်အဖွဲ့နှင့် ညှိနှိုင်းဆောင်ရွက် ရမည်။

နည်းဥပဒေ ၂၂ ပါ ပြဋ္ဌာန်းချက်အရ –

  • (က)      စီမံခန့်ခွဲရေးဝန်ထမ်း (စီးပွားရေး) အဆင့် (၁)၊ အဆင့် (၂)နှင့် စီမံခန့်ခွဲရေးဝန်ထမ်း (အုပ်ချုပ်ရေး၊ လူမှုရေး) အဆင့်(၁)ရာထူးများ လစ်လပ်မှုရှိသဖြင့် ပြင်ပမှပုဂ္ဂိုလ်များ အား ခေါ်ယူရွေးချယ်ခန့်အပ်ရန်ရှိလျှင် နည်းဥပဒေ ၂၀၊ နည်းဥပဒေခွဲ (င) တွင် ဖော်ပြသည့် နည်းလမ်းများအတိုင်း ဆောင်ရွက်ရမည်။
  • ( ခ )      ကျန်အဆင့်များတွင် ခန့်အပ်ခြင်းကို ရာထူးတိုးမြှင့်ပေးသည့် အစီအစဉ်ဖြင့်သာ ဆောင်ရွက်ရမည်။ သို့ရာတွင် ပြန်တမ်းဝင်အရာရှိအဆင့်ဖြစ်သော စီမံခန့်ခွဲရေး ဝန်ထမ်း (စီးပွားရေး) အဆင့် (၃) နှင့် စီမံခန့်ခွဲရေးဝန်ထမ်း (အုပ်ချုပ်ရေး၊ လူမှုရေး) အဆင့်(၂)ရာထူးများသို့ တိုးမြှင့်ခန့်အပ်သည့်ကိစ္စများတွင် ရာထူးဝန်အဖွဲ့နှင့်ညှိနှိုင်း ဆောင်ရွက်ရမည်။

 

နည်းဥပဒေ ၂၃ ပါ ပြဋ္ဌာန်းချက်အရ –

  • (က)      ဝန်ကြီးဌာနနှင့် ဝန်ထမ်းအဖွဲ့အစည်းတစ်ခုခုမှ ပြန်တမ်းဝင်အရာရှိတစ်ဦးဦးကို အခြား ဝန်ကြီးဌာနနှင့်ဝန်ထမ်းအဖွဲ့အစည်းတစ်ခုသို့ ပြောင်းရွှေ့ခန့်ထားလိုပါက သတ်မှတ် ထားသည့် အရည်အချင်းနှင့်ပြည့်စုံလျှင် သက်ဆိုင်ရာ ဝန်ထမ်းအဖွဲ့အစည်းသည် ရာထူးဝန်အဖွဲ့နှင့် ညှိနှိုင်းရမည်။
  • ( ခ )      ရာထူးဝန်အဖွဲ့သည် နည်းဥပဒေခွဲ (က) အရ ညှိနှိုင်းချက်ကို စိစစ်ပြီး အောက်ပါ အတိုင်းဆောင်ရွက်ရမည် –
    • (၁)        သက်ဆိုင်ရာဝန်ကြီးဌာနနှင့် အဖွဲ့အစည်းတို့ညှိနှိုင်းလျက် အရာထမ်းကို ပြောင်းရွှေ့ ခေါ်ယူလိုသော ဝန်ကြီးဌာန၊ အဖွဲ့အစည်း သို့မဟုတ် ပြောင်းရွှေ့ရန် ကိုယ်တိုင် ဆန္ဒပြုသည့် အရာထမ်း၏ ဝန်ကြီးဌာန၊ အဖွဲ့အစည်းက သဘောထား တောင်းခံခြင်း၊
    • (၂)         ရာထူးဝန်အဖွဲ့က ပြည်ထောင်စုအစိုးရအဖွဲ့ရုံးမှတစ်ဆင့် နိုင်ငံတော်သမ္မတ၏ လမ်းညွှန်မှုခံယူခြင်း၊ တင်ပြခြင်း၊
    • (၃)        နိုင်ငံတော်သမ္မတ၏ခွင့်ပြုချက်ရရှိလျှင် အရာထမ်းကို ပြောင်းရွှေ့ခေါ်ယူလိုသော ဝန်ကြီးဌာန၊ အဖွဲ့အစည်း သို့မဟုတ် ပြောင်းရွှေ့ရန် ကိုယ်တိုင်ဆန္ဒပြုသည့် အရာထမ်း၏ ဝန်ကြီးဌာန၊ အဖွဲ့အစည်းက အမှာစာပြုစု၍ ပြည်ထောင်စု အစိုးရအဖွဲ့သို့ တင်ပြပြီး အတည်ပြုချက်ရယူခြင်း။

နည်းဥပဒေ ၂၄ ပါ ပြဋ္ဌာန်းချက်အရ ရာထူးဝန်အဖွဲ့သို့ သဘောထားတောင်းခံညှိနှိုင်းရာတွင် အောက်ပါစာရွက်စာတမ်းများ ပြည့်စုံစွာပါရှိရမည်-

  • (က) ပြောင်းရွှေ့မည့်ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းတို့၏ အကြီးအမှူးကိုယ်တိုင် လက်မှတ် ရေးထိုးထားသည့်အမှာစာ၊
  • ( ခ ) ပြောင်းရွှေ့မည့်ဝန်ထမ်း၏ အချက် ၅၃ ချက်ပါ ကိုယ်ရေးမှတ်တမ်းပုံစံတစ်စုံ၊ ပုံစံ(၁)
  • ( ဂ ) ဌာနကူးပြောင်း တာဝန်ထမ်းဆောင်မည့် ဝန်ထမ်းသည် ဝန်ထမ်းစည်းကမ်းဆိုင်ရာ ပြစ်မှုကျူးလွန်ခဲ့ဖူးခြင်း ရှိ မရှိမှတ်တမ်း၊
  • (ဃ) ကာကွယ်ရေးဝန်ကြီးဌာနမှ အရာရှိများပြောင်းရွှေ့ခန့်အပ်လိုမှုအတွက်-
    • (၁) တာဝန်ထမ်းဆောင်ဆဲအရာရှိဖြစ်ပါက စစ်ရေးချုပ်ရုံး၏ ပြစ်မှုကင်းရှင်းခြင်း ရှိ မရှိမှတ်တမ်း၊
    • (၂) အငြိမ်းစားယူပြီးသူအရာရှိဖြစ်ပါက စစ်ရေးချုပ်ရုံး၏ ပြစ်မှုကင်းရှင်းခြင်း ရှိ မရှိ မှတ်တမ်းနှင့် စစ်ရာထူးခန့်ချုပ်ရုံးမှ အရာရှိနှင့်ပတ်သက်၍ နောက်ဆုံး ထုတ်ပြန်ခဲ့သော စစ်ရာထူးခန့်အမိန့်။
  • ( င ) ပြောင်းရွှေ့လာမည့်အရာထမ်းကို မည်သည့်အဆင့်ရာထူး၊ လစာနှုန်းထားတွင် တာဝန် ပေးခန့်အပ်မည်ဖြစ်ကြောင်းနှင့် ဖွဲ့စည်းပုံတွင် နေရာလစ်လပ်မှု ရှိ မရှိ လက်ခံ ရယူမည့်ဝန်ကြီးဌာနနှင့် အဖွဲ့အစည်း၏ အမှာစာ၌ ဖော်ပြချက်။

မှတ်ချက်။

  • (၁) နိုင်ငံတော်သမ္မတနှင့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးသို့ တင်ပြရမည်ဖြစ် သဖြင့် နည်းဥပဒေခွဲ (က) တွင် ဖော်ပြပါအမှာစာတို့ကို သက်ဆိုင်ရာ ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းအကြီးအမှူးတို့ကိုယ်တိုင် လက်မှတ် ရေးထိုးရမည်။
  • (၂) နိုင်ငံတော်သမ္မတရုံး၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၊ လွှတ်တော်ရုံးတို့၏ ဌာနကူးပြောင်းရေးကိစ္စရပ်များဖြစ်ပါက ညွှန်ကြားရေးမှူးချုပ်အဆင့် ထက်မနိမ့်သူ သို့မဟုတ် သက်ဆိုင်ရာအကြီးအမှူး၏ အခွင့်အာဏာ လွှဲအပ်ထားသူက အမှာစာတွင် လက်မှတ်ရေးထိုးနိုင်သည်။

နည်းဥပဒေ ၂၅ ပါ ပြဋ္ဌာန်းချက်အရ ရာထူးဝန်အဖွဲ့သည် နည်းဥပဒေ ၂၄ အရ ညှိနှိုင်း အဆိုပြုချက်များအပေါ် အသေးစိတ်စိစစ်ပြီး ပြည်ထောင်စုအစိုးရအဖွဲ့ရုံးသို့ ဆက်လက်ထောက်ခံ တင်ပြခြင်း သို့မဟုတ် သတ်မှတ်ထားသည့် အရည်အချင်းနှင့် ပြည့်စုံခြင်းမရှိသောကိစ္စများတွင် ငြင်းပယ်ခြင်းပြုနိုင်သည်။

my_MMMY