ပြည်ထောင်စုရာထူးဝန်အဖွဲ့

ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ၊ နည်းဥပဒေများ၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊

နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ ဝန်ထမ်းရေးရာ ကိစ္စရပ်များ


Search
Generic filters
Filter by Lawbook Names
နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ
နိုင်ငံ့ဝန်ထမ်းဥပဒေ
ပြည်ထောင်စုရာထူးဝန်အဖွဲ့နည်းဥပဒေများ
ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ
ဝန်ထမ်းရေးရာကိစ္စရပ်များ

ဤစကားလုံးများဖြင့်ရှာဖွေနိုင်သည်။ ပုဒ်မ(၁)နည်းဥပဒေ(၁)အပိုဒ်(၁)အခန်း(၁)rule(1)article(1)section(1)chapter(1)

အမိန့်ကြော်ငြာစာ အမှတ် ၁၁၈/၂၀၂၀

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ပြည်ထောင်စုရာထူးဝန်အဖွဲ့

အမိန့်ကြော်ငြာစာအမှတ် ၁၁၈/၂၀၂၀

၁၃၈၂ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁ ရက်

(၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၃၀ ရက် )

ပြည်ထောင်စုရာထူးဝန်အဖွဲ့သည် နိုင်ငံဝန်ထမ်းဥပဒေပုဒ်မ ၇၆၊ ပုဒ်မခွဲ(ခ) အရ အပ်နှင်းထားသောလုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ ပြန်တမ်းဝင်အရာရှိအဆင့် (ဦးစီးအရာရှိနှင့်အဆင့်တူရာထူး) သို့တိုးမြှင့်ခန့်ထားမည့်ဝန်ထမ်းများကို ၂၀၂၁ခုနှစ်၊ ဇန်နဝါရီလမှစတင်၍ စွမ်းဆောင်ရည်အကဲဖြတ်သည့်စနစ်ဖြင့် ဆောင်ရွက်နိုင်ရန်နှင့် နိုင်ငံဝန်ထမ်းနည်းဥပဒေများ နည်းဥပဒေ ၁၄၊ နည်းဥပဒေခွဲ(ဂ) အရ ပြန်တမ်းဝင်အရာရှိရာထူးသို့ တိုးမြင့်ခန့်အပ်ရန် ပြည်ထောင်စုရာထူးဝန်အဖွဲ့သို့ အဆိုပြုလာသည့် ကိစ္စရပ်များတွင် အဆိုပါအကဲဖြတ်မှတ်တမ်းများကို တစ်ပါတည်း ပူးတွဲပေးပို့နိုင်ရန်အတွက် ပြန်တမ်းဝင်အရာရှိအဆင့် (ဦးစီးအရာရှိနှင့်အဆင့်တူရာထူး) သို့တိုးမြှင့်ခန့်ထားမည့်ဝန်ထမ်းများအတွက် ရလဒ်ကိုအခြေခံသည့် စွမ်းဆောင်ရည်အကဲဖြတ်သည့်စနစ်ကို ဤအမိန့်ကြော်ငြာစာဖြင့်ထုတ်ပြန်လိုက်သည်။

(ဝင်းသိမ်း)

ဥက္ကဋ္ဌ

ပြည်ထောင်စုရာထူးဝန်အဖွဲ့

စာအမှတ်၊   ၃၁၉၃  /   ဥပဒေ   / ၁ / ၂၀၂၀

ရက်စွဲ၊ ၂၀၂၀ ပြည့်နှစ်၊  ဒီဇင်ဘလ ၃၀  ရက်

အခန်း(၁)
နိဒါန်း

၁။ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ နည်းဥပဒေ ၁၄၊ နည်းဥပဒေခွဲ (ဂ) နှင့် ပြည်ထောင်စု ရာထူးဝန်အဖွဲ့နည်းဥပဒေများ နည်းဥပဒေ ၂၂ တို့အရ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများနှင့် ဝန်ကြီးဌာနများ၏ ဝန်ထမ်းအဖွဲ့အစည်းအသီးသီးရှိ ဝန်ထမ်းအမျိုးအစားအလိုက်သတ်မှတ်သည့် ပြန်တမ်းဝင်အရာရှိအဆင့် ရာထူးနှင့်စပ်လျဉ်း၍ ဌာနတွင်းမှဝန်ထမ်းများအား ရာထူးတိုးမြှင့် ခန့်အပ်နိုင်ရန် ပြည်ထောင်စုရာထူးဝန်အဖွဲ့သို့ အဆိုပြုညှိနှိုင်း၍ သဘောတူညီချက်ရယူပြီး ရာထူး တိုးမြှင့်ပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါသည်။

၂။ ယင်းသို့ ပြန်တမ်းဝင်အရာရှိအဖြစ် စတင်ခန့်ထားမည့် ဦးစီးအရာရှိနှင့်အဆင့်တူရာထူး များသည် အမှုထမ်းအဆင့်မှ အရာထမ်းအဆင့်သို့ ကူးပြောင်းမည့် ရာထူးဖြစ်သဖြင့်လည်းကောင်း၊ ပြန်တမ်းဝင်အရာရှိအဖြစ် စတင်ခန့်ထားမည့် ရာထူးဖြစ်သဖြင့်လည်းကောင်း ၎င်းရာထူးများတွင် တာဝန်ထမ်းဆောင်မည့် ဝန်ထမ်းများ၏ စွမ်းဆောင်ရည်ကို မှန်ကန်စွာ အကဲဖြတ်သုံးသပ်နိုင်ရန် အရေးကြီးပါသည်။

၃။  သို့အတွက် ပြန်တမ်းဝင်အရာရှိအဆင့် (ဦးစီးအရာရှိနှင့်အဆင့်တူရာထူး)၏ တစ်ဆင့်နိမ့် ဝန်ထမ်းများအား ၎င်းတို့တာဝန်ထမ်းဆောင်ခဲ့သော ပြက္ခဒိန်နှစ်အတွင်း မည်သည့်လုပ်ငန်းတာဝန် များကိုဆောင်ရွက်ခဲ့သည်၊ မည်မျှစွမ်းဆောင်အောင်မြင်ခဲ့သည်၊ မည်မျှတိုးတက်မှုရရှိခဲ့သည် စသည့် တာဝန်ထမ်းဆောင်မှုဆိုင်ရာ စွမ်းဆောင်ရည်အကဲဖြတ်သုံးသပ်မှုများကို ကနဦးအကဲဖြတ်သူက သုံးသပ်ရန်အတွက် ရလဒ်ကိုအခြေခံသည့်စွမ်းဆောင်ရည်အကဲဖြတ်သည့် စနစ်ကိုရေးဆွဲရခြင်း ဖြစ်ပါသည်။

အခန်း(၂)
ရည်ရွယ်ချက်များ

၄။ ဤစွမ်းဆောင်ရည်အကဲဖြတ်သုံးသပ်သည့် စနစ်ကိုရေးဆွဲရသည့် ရည်ရွယ်ချက်များမှာ အောက်ဖော်ပြပါအတိုင်းဖြစ်ပါသည်-

  • (က) ပြန်တမ်းဝင်အရာရှိအဆင့် (ဦးစီးအရာရှိနှင့်အဆင့်တူရာထူး) သို့ တိုးမြှင့်ခန့်ထားမည့် ဝန်ထမ်းများ၏ စွမ်းဆောင်ရည်အကဲဖြတ်သုံးသပ်ရာ၌ ရလဒ်ကိုအခြေခံသည့် စနစ်ကို ပြောင်းလဲကျင့်သုံးနိုင်စေရန်၊
  • ( ခ ) အဆိုပါအဆင့်သို့ တိုးမြှင့်ခန့်ထားမည့် ရာထူးနေရာများနှင့်အမှန်တကယ် ကိုက်ညီမှုရှိ သည့် ဝန်ထမ်းများကို ရွေးချယ်ခန့်ထားနိုင်စေရန်၊
  • ( ဂ ) စွမ်းဆောင်ရည်ပြည့်ဝပြီး ပိုမိုခိုင်မာအားကောင်းသည့် ဝန်ထမ်းအဖွဲ့အစည်းတစ်ရပ် ပေါ်ထွန်းလာစေရန်။

အခန်း(၃)
ဆောင်ရွက်မည့်လုပ်ငန်းစဉ်များ

အကဲဖြတ်သုံးသပ်ခြင်း

၅။ ပြန်တမ်းဝင်အရာရှိအဆင့် (ဦးစီးအရာရှိနှင့်အဆင့်တူရာထူး) ၏ တစ်ဆင့်နိမ့် ဝန်ထမ်း များအား အကဲဖြတ်သုံးသပ်ခြင်းပြုလုပ်နိုင်ရန် လူတွေ့စစ်ဆေးခြင်းကို ဆောင်ရွက်ရမည်။

အကဲဖြတ်သုံးသပ်ရမည့်အချိန်

၆။ လွန်ခဲ့သော ပြက္ခဒိန်နှစ်အတွက် အကဲဖြတ်သုံးသပ်မှုကို ဇန်နဝါရီလတွင် ဆောင်ရွက် ရမည့်အပြင် နောင်လာမည့်တစ်နှစ်တာအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များကိုလည်း ဇန်နဝါရီလ၌ပင် သတ်မှတ်ဆောင်ရွက်ရပါမည်။

အကဲဖြတ်သုံးသပ်မှုပြုလုပ်ရန်ကြိုတင်ပြင်ဆင်ခြင်း

၇။ ကနဦးအကဲဖြတ်သူအရာရှိအနေဖြင့် စွမ်းဆောင်ရည်အကဲဖြတ်သုံးသပ်မှုအတွက် အောက်ပါ လုပ်ငန်းစဉ်များကို ကြိုတင်ပြင်ဆင်လျာထားရမည်-

  • (က) အကဲဖြတ်မည့်နေ့ရက်နှင့် အချိန်ကိုသတ်မှတ်ပြီး ရက်သတ္တ သုံးပတ်ခန့်ကြိုတင်၍ အကဲဖြတ်ခံဝန်ထမ်းကို အသိပေးခြင်း၊
  • ( ခ ) နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၃၅ (ဆ) နှင့် ပြည်ထောင်စုရာထူးဝန် အဖွဲ့၏ အမိန့်ကြော်ငြာစာအမှတ်၊ ၄/၂၀၂၀ ပါ သတ်မှတ်ချက်များနှင့်အညီ အကဲဖြတ်ခြင်း၊
  • ( ဂ ) ဝန်ထမ်း၏ တိုးတက်မှုများနှင့်စပ်လျဉ်း၍ မိမိအမြင်နှင့် အကြံပြုချက်များကို စွမ်းဆောင်ရည်အကဲဖြတ်သည့်ပုံစံတွင် ရေးသားခြင်း၊
  • (ဃ) ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်တစ်ခုချင်းစီအတွက် ဆောင်ရွက်ခဲ့သည့် စွမ်းဆောင်ရည်များကို ဝန်ထမ်းကိုယ်တိုင် အကဲဖြတ်သုံးသပ်၍ မှတ်တမ်းပြုလုပ် ထားရန် ဝန်ထမ်းများကို မှာကြားခြင်း၊
  • (င) ပြက္ခဒိန်နှစ်အတွင်း ပြောင်းရွှေ့တာဝန်ထမ်းဆောင်ရပါက မိမိအကဲဖြတ်ရသည့် အကဲဖြတ်ခံဝန်ထမ်းများ၏ ဆောင်ရွက်ချက်များကို ရေးမှတ်ထားသည့် မှတ်တမ်းအား ၎င်း၏ရာထူးနေရာသို့ လွှဲပြောင်းတာဝန်ထမ်းဆောင်မည့်အရာရှိ သို့မဟုတ် အထက် အဆင့်အရာရှိထံသို့ စနစ်တကျလွှဲပြောင်းပေးခြင်း၊
  • (စ) ပြက္ခဒိန်နှစ်အတွင်း အကဲဖြတ်ခံဝန်ထမ်း ပြောင်းရွှေ့ရပါက သက်ဆိုင်ရာဌာနအနေဖြင့် ဝန်ထမ်းမှတ်တမ်းစာအုပ်နှင့်အတူ ဝန်ထမ်းအပေါ် အကဲဖြတ်ထားသည့် မှတ်တမ်းကို ပြောင်းရွှေ့မည့်ဌာနသို့ တစ်ပါတည်း ပူးတွဲပေးပို့ခြင်း။

၈။ အကဲဖြတ်ခံဝန်ထမ်းအနေဖြင့် စွမ်းဆောင်ရည်အကဲဖြတ်သုံးသပ်မှုအတွက် အောက်ပါ လုပ်ငန်းစဉ်များကို ကြိုတင်ပြင်ဆင်လျာထားရမည်-

  • (က) တစ်နှစ်တာလုံးအတွက် မိမိဆောင်ရွက်ခဲ့သည့် လုပ်ငန်းတာဝန်များနှင့် လုပ်ငန်း စွမ်းဆောင်ရည်များကို နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၃၅ (ဆ) နှင့် ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ အမိန့်ကြော်ငြာစာအမှတ် ၄/၂၀၂၀ ပါ သတ်မှတ်ချက် များနှင့်အညီ ပြန်လည်သုံးသပ်ခြင်း၊
  • ( ခ ) လုပ်ငန်းတာဝန်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ပိုမိုလွယ်ကူစေသည့် နည်းလမ်း သို့မဟုတ် ပိုမိုခက်ခဲစေသည့် အကြောင်းတရားများ ရှိ/မရှိ သုံးသပ်ခြင်း၊
  • ( ဂ ) လုပ်ငန်းတာဝန်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ရရှိခဲ့သော တိုးတက်မှုများ၊ စိန်ခေါ်မှုများ၊ ဖြေရှင်းဆောင်ရွက်ခဲ့မှုများကို မှတ်စုရေးမှတ်ခြင်း၊
  • (ဃ) မိမိ၏ လေ့လာသင်ယူခဲ့မှုများသည် ထိရောက်မှု ရှိ၊ မရှိ ပြန်လည်သုံးသပ်ခြင်း။

လုပ်ငန်းစွမ်းဆောင်ရည် အကဲဖြတ်သုံးသပ်ခြင်း

၉။ လုပ်ငန်းစွမ်းဆောင်ရည် အကဲဖြတ်သုံးသပ်ခြင်းကို လူတွေ့စစ်ဆေးမည့် နည်းလမ်းဖြင့် ဆောင်ရွက်ပါက အကဲဖြတ်သူအရာရှိသည် အကဲဖြတ်ခံဝန်ထမ်း၏ လုပ်ငန်းစွမ်းဆောင်ရည်အပေါ် သက်ရောက်မှုရှိသည့် အကြောင်းတရားများကို သိရှိနိုင်မည်ဖြစ်သောကြောင့် ပိုမိုထိရောက်မှုရှိမည် ဖြစ်ပါသည်။

my_MMMY