ပြည်ထောင်စုရာထူးဝန်အဖွဲ့

ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ၊ နည်းဥပဒေများ၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊

နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ ဝန်ထမ်းရေးရာ ကိစ္စရပ်များ


Search
Generic filters
Filter by Lawbook Names
နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ
နိုင်ငံ့ဝန်ထမ်းဥပဒေ
ပြည်ထောင်စုရာထူးဝန်အဖွဲ့နည်းဥပဒေများ
ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ
ဝန်ထမ်းရေးရာကိစ္စရပ်များ

ဤစကားလုံးများဖြင့်ရှာဖွေနိုင်သည်။ ပုဒ်မ(၁)နည်းဥပဒေ(၁)အပိုဒ်(၁)အခန်း(၁)rule(1)article(1)section(1)chapter(1)

နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ

 

{ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများကို ပြင်ဆင်သည့်နည်းဥပဒေများ (၉-၆-၂၀၁၇)၊
နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများကို ဒုတိယအကြိမ်ပြင်ဆင်သည့်
နည်းဥပဒေများ(၂၅-၈-၂၀၁၇)၊ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများကို
တတိယအကြိမ်ပြင်ဆင်သည့် နည်းဥပဒေများ (၂၄-၈-၂၀၂၀)၊ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများကို
စတုတ္တအကြိမ်ပြင်ဆင်သည့် နည်းဥပဒေများ (၃၁-၃-၂၀၂၂)၊ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများကို
ပဥ္စမအကြိမ်ပြင်ဆင်သည့် နည်းဥပဒေများ (၃၀-၁-၂၀၂၃) ပါ
ထုတ်ပြန်ချက်များနှင့် ပြင်ဆင်ဖြည့်စွက်ထားပါသည် }

အမိန့်ကြော်ငြာစာအမှတ် ၁၂ /၂၀၁၄
၁၃၇၅ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၁ ရက်
(၂၀၁၄ ခုနှစ်၊ မတ်လ ၂၆ ရက်)

ပြည်ထောင်စုရာထူးဝန်အဖွဲ့သည် နိုင်ငံ့ဝန်ထမ်းဥပဒေ ပုဒ်မ ၇၆၊ ပုဒ်မခွဲ (က) အရ အပ်နှင်းထားသောလုပ်ပိုင်ခွင့်ကို      ကျင့်သုံး၍ ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ဤနည်းဥပဒေများကိုထုတ်ပြန်လိုက်သည်။

အခန်း(၁)
အမည်နှင့်အဓိပ္ပာယ်ဖော်ပြချက်

၁။ ဤနည်းဥပဒေများကို နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ ဟုခေါ်တွင်စေရမည်။

၂။ ဤနည်းဥပဒေများပါ ပြဋ္ဌာန်းချက်များသည် နိုင်ငံတော်ဘဏ္ဍာရန်ပုံငွေမှ ကျခံ ထုတ်ပေးသည့် လစာနှင့်စရိတ်များကို ခံစားခွင့်ရှိသော ဝန်ထမ်းများနှင့်သက်ဆိုင်သည်။ တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့၀င်များသည် နိုင်ငံ့၀န်ထမ်းများ ဖြစ်သော်လည်း ယင်းတို့၏ လုပ်ငန်းသဘာ၀နှင့် တာ၀န်တို့အရ ဤနည်းဥပဒေ များပါ ကိစ္စရပ်များနှင့် အကျုံး၀င်ခြင်း မရှိစေရ။

၃။ ဤနည်းဥပဒေတွင်ပါရှိသော စကားရပ်များသည် နိုင်ငံ့ဝန်ထမ်းဥပဒေတွင်ပါရှိ သည့်အတိုင်း အဓိပ္ပာယ်သက်ရောက်စေရမည်။ ထို့ပြင် အောက်ပါစကားရပ်များသည်ဖော်ပြပါ အတိုင်း အဓိပ္ပာယ်သက်ရောက်စေရမည်-

  • (က) ဥပဒေဆိုသည်မှာ နိုင်ငံ့ဝန်ထမ်းဥပဒေကိုဆိုသည်။
  • ( ခ ) ၉-၆-၂၀၁၇ ရက်နေ့တွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့ အမိန့်ကြော်ငြာစာ အမှတ်၊ ၃၅/၂၀၁၇ ဖြင့် ပယ်ဖျက်လိုက်သည်။ *၉-၆-၂၀၁၇ ရက်နေ့တွင် ပထမအကြိမ်ပြင်ဆင်သည်။
  • ( ဂ ) အတည်ပြုခန့်ထားခြင်း ဆိုသည်မှာ ဝန်ထမ်းအဖွဲ့အစည်းတစ်ရပ်ရပ်၏ ဖွဲ့စည်းပုံအတွင်း မည်သည့်ဝန်ထမ်းမျှ ရာထူးအနွယ်ပိုင်ဆိုင်ခြင်းမရှိသည့် လစ်လပ်သောရာထူးတွင် အတည်ပြုခန့်ထားခြင်းကို ဆိုသည်။
  • (ဃ)အစမ်းခန့်ခြင်း ဆိုသည်မှာ ဖွဲ့စည်းပုံပါ ရာထူးအမျိုးအစားတစ်မျိုး၏ စတင်ခန့် ရာထူးတွင် ပုဂ္ဂိုလ်တစ်ဦးအား အတည်ပြုခန့်ထားခြင်းမပြုမီ ထိုရာထူးအမျိုးအစား၏ လုပ်ငန်းသဘာဝအရ တတ်မြောက်ကျွမ်းကျင်စေရန်အတွက် ရှေးဦးစွာလေ့ကျင့် ပေးရန်လိုအပ်သောကြောင့် သီးခြားစည်းကမ်းချက်များ သတ်မှတ်လျက် အစမ်းခန့် ကာလထားရှိပြီး ခန့်ထားခြင်းကိုဆိုသည်။*၉-၆-၂၀၁၇ ရက်နေ့တွင် ပထမအကြိမ်ပြင်ဆင်သည်။
  • ( င ) အလုပ်သင်ခန့်ထားခြင်း ဆိုသည်မှာ ဝန်ထမ်းအဖွဲ့အစည်း၏ ဖွဲ့စည်းပုံပါခန့်ထားလိုသောရာထူးကို ကျောထောက်နောက်ခံပြု၍ လုပ်ငန်းတာဝန်နှင့် သက်ဆိုင်သည့် ကျွမ်းကျင်မှုအရည်အချင်းများကို ပြည့်ဝစေရန် ရည်ရွယ်၍ ခန့်ထားခြင်းကိုဆိုသည်။
  • ( စ ) အချိန်ပိုင်းခန့်ထားခြင်း ဆိုသည်မှာ လုပ်ငန်းတစ်ခုခုတွင် အချိန်ပိုင်းသာကန့်သတ်၍ ခန့်ထားခြင်းကိုဆိုသည်။
  • (ဆ) တာဝန်ချိန်ကာလ ဟူသောစကားရပ်တွင် အောက်ပါကာလများပါဝင်သည်-
    • (၁) ရာထူးတစ်ခုတွင် အစမ်းခန့်ဝန်ထမ်းအဖြစ်ဆောင်ရွက်သည့်ကာလ၊
    • (၂) အလုပ်သင်အဖြစ်မှ အမြဲတမ်းဝန်ထမ်းအဖြစ် တစ်ဆက်တည်း အတည်ပြုခန့်ထားခြင်းခံရသည့် အလုပ်သင်ကာလ၊
    • (၃) ကူးပြောင်းချိန်ကာလ၊
    • (၄) ပြည်ပသို့ တာဝန်ဖြင့်စေလွှတ်သောကာလ၊
    • (၅) ဌာန၏ ခွင့်ပြုချက်ဖြင့် ပြည်တွင်း၌လည်းကောင်း၊ ပြည်ပ၌ လည်းကောင်း ပညာလေ့လာဆည်းပူးသည့် ကာလ။
  • ( ဇ ) အလုပ်ချိန် ဆိုသည်မှာ ဝန်ထမ်းများ၏ တစ်နေ့တာအတွက် တာဝန်ထမ်းဆောင်ချိန်အဖြစ် နိုင်ငံတော်အစိုးရက သတ်မှတ်ပေးသော အချိန် နာရီကိုဆိုသည်။
  • ( ဈ )ရာထူးသက် ဆိုသည်မှာ လက်ရှိရာထူးအဆင့်တွင် တာဝန်ထမ်းဆောင်သည့်ကာလကိုဆိုသည်။
  • (ည) လုပ်သက် ဆိုသည်မှာ ဝန်ထမ်းအဖွဲ့အစည်းတစ်ခုတွင် ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကာလကို ဆိုသည်။ ယင်းစကားရပ်တွင် အလုပ်သင်ကာလ၊ အစမ်းခန့်ကာလ၊ လစာမဲ့ခွင့်မှအပ ခွင့်ခံစားနေသော ကာလ၊ တာဝန်ချိန်အဖြစ် သတ်မှတ်ခွင့်ပြုထားသော တာဝန်မှယာယီရပ်ဆိုင်းသည့်ကာလနှင့် တာဝန်ချိန်အဖြစ် သတ်မှတ်ခွင့်ပြုထားသော အခြားတာဝန်ထမ်းဆောင်သည့်ကာလများလည်း အကျုံးဝင်သည်။
  • ( ဋ ) အမြဲတမ်းရာထူး ဆိုသည်မှာ ကာလအကန့်အသတ်မထားဘဲ ဖွဲ့စည်းပုံပါရာထူးကိုဆိုသည်။
  • ( ဌ ) ဖွဲ့စည်းပုံအင်အား ဆိုသည်မှာ ဝန်ထမ်းအဖွဲ့အစည်းတစ်ရပ်အတွင်း၌ ဝန်ထမ်းအမျိုးအစားအလိုက် သီးခြားဖွဲ့စည်းထားသည့် ဝန်ထမ်းအင်အား ကိုဆိုသည်။
  • ( ဍ ) လစာ ဆိုသည်မှာ ဝန်ထမ်းက လစဉ်ရရှိသောဝင်ငွေဖြစ်ပြီး အောက်ပါ အမျိုးအစားများပါဝင်သည်-
    • (၁) အမြဲတမ်းဖြစ်စေ၊ အချိန်ပိုင်းဖြစ်စေ တာဝန်ထမ်းဆောင်လျက်ရှိသည့် ရာထူးအတွက် ခွင့်ပြုထားသည့်လစာ၊
    • (၂) နိုင်ငံတော်အစိုးရက လစာဟူ၍သတ်မှတ်ထားသော အခြားဝင်ငွေများ။
  • ( ဎ ) မူရင်းလစာ ဆိုသည်မှာ ဖွဲ့စည်းပုံပါရာထူးတွင် အတည်ပြုခန့်ထားခြင်းခံရသည့် ရာထူးမှရရှိသည့်လစာကို ဆိုသည်။
  • (ဏ) ချိန်နှုန်းလစာ ဆိုသည်မှာ အနိမ့်ဆုံးအဆင့်၊ အမြင့်ဆုံးအဆင့်၊ နှစ်တိုးဟူ၍ရှိပြီး ထိုသတ်မှတ်ထားသည့် နှစ်တိုးများကို သတ်မှတ်ထားသည့် ကာလအတိုင်း ခွင့်ပြုခြင်းဖြင့် အနိမ့်ဆုံးအဆင့်မှ အမြင့်ဆုံးအဆင့်သို့ ရောက်ရှိသွားသော လစာနှုန်းကိုဆိုသည်။
  • (တ) တူညီသောချိန်နှုန်းလစာ ဆိုသည်မှာ အနိမ့်ဆုံးအဆင့်၊ အမြင့်ဆုံးအဆင့်၊နှစ်တိုးကာလ၊ နှစ်တိုးနှုန်းများ တူညီကြလျှင် တူညီသောချိန်နှုန်းလစာ ဟုခေါ်သည်။
  • (ထ) ပျမ်းမျှလစာ ဆိုသည်မှာ ပျမ်းမျှလစာတွက်ချက်ရန် လိုအပ်သည့် အကြောင်းပေါ်ပေါက်ခဲ့သော လ၏ရှေ့၌ တစ်ဆက်တည်းဖြစ်သော ၁၂ လ အပြည့်ကာလအတွင်း၌ တာဝန်ထမ်းဆောင်ခြင်းဖြင့် ရရှိခဲ့သည့် လစာ စုစုပေါင်း၏ တစ်လအတွက်လစာကို ဆိုသည်။
  • ( ဒ ) ခွင့်လစာ ဆိုသည်မှာ ခွင့်ခံစားနေစဉ် ခံစားခွင့်ရှိသည့် လစာငွေကိုဆိုသည်။
  • ( ဓ ) စားစရိတ်ထောက်ပံ့ငွေ ဆိုသည်မှာ ဝန်ထမ်းအား တာဝန်မှယာယီရပ်ဆိုင်း ထားခြင်းခံနေရစဉ်ကာလအတွင်း စားဝတ်နေရေးအခက်အခဲမရှိစေရန် သတ်မှတ်ထားသည့် လစဉ်ခွင့်ပြုငွေကို ဆိုသည်။
  • ( န ) ဖြည့်စွက်စရိတ်ဆိုသည်မှာ တာဝန်ထမ်းဆောင်ရာတွင် ထူးခြားသောအခြေအနေများ၏လိုအပ်မှုကြောင့် ဝန်ထမ်းအား အမှန်ကုန်ကျခဲ့သော စရိတ်ကို ကာမိစေရန် ခွင့်ပြုသည့်စရိတ်ကိုဆိုသည်။ ဤစကားရပ်တွင် ခရီးစရိတ်ပါဝင်ပါသည်။
  • ( ပ ) ကူးပြောင်းချိန်ကာလ ဆိုသည်မှာ ဒေသတစ်ခုမှတစ်ခုသို့ ပြောင်းရွှေ့ရသည့် ဝန်ထမ်းကို မူလရာထူးရှိရာဒေသမှ ပြောင်းရွှေ့ရမည့်ဒေသသို့ သွားရောက်ရန် ခွင့်ပြုသည့်ကာလကိုဆိုသည်။
  • ( ဖ ) လ ဆိုသည်မှာ ခရစ်နှစ်ပြက္ခဒိန်လ တစ်လကိုဆိုသည်။ ပြက္ခဒိန်လ တစ်လအတွက် ရက်ပေါင်း ၃၀ ကို သတ်မှတ်ရေတွက်ရမည်။
  • ( ဗ ) ပြင်ပဝန်ထမ်းတာဝန်ထမ်းဆောင်ခြင်း ဆိုသည်မှာ ပြည်တွင်း၌ဖြစ်စေ၊ ပြည်ပ၌ ဖြစ်စေ ပြင်ပအဖွဲ့အစည်းတစ်ခုခု၌ ပြည်ထောင်စုအစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် အချိန်ပြည့်လွှဲပြောင်းတာဝန်ထမ်းဆောင်နေပြီး လစာကို နိုင်ငံတော်ဘဏ္ဍာရန်ပုံငွေမှအပဖြစ်သော အခြားဘဏ္ဍာရန်ပုံငွေတစ်ရပ်ရပ်မှ ရယူခံစားခြင်းကို ဆိုသည်။
  • (ဘ) ဌာနဆိုင်ရာအရေးယူခြင်း ဆိုသည်မှာ ဝန်ထမ်း၏ကျင့်ဝတ်ပျက်ယွင်းမှု၊ စည်းကမ်းဖောက်ဖျက်မှု၊ တာဝန်ပျက်ကွက်မှုတို့နှင့်စပ်လျဉ်း၍ ဌာနဆိုင်ရာ စုံစမ်းစစ်ဆေးမှု ပြုလုပ်ခြင်း၊ စီမံခန့်ခွဲရေးဆိုင်ရာအရေးယူ ဆောင်ရွက်ခြင်း တို့ကို ဆိုသည်။
  • ( မ ) ဌာနဆိုင်ရာစုံစမ်းစစ်ဆေးခြင်း ဆိုသည်မှာ ရှေးဦးစုံစမ်းမှုပြုလုပ်ခြင်း၊ဌာနဆိုင်ရာစစ်ဆေးမှုဖွင့်၍ စစ်ဆေးကြားနာခြင်းတို့ကိုဆိုသည်။
  • (ယ) ရှေးဦးစုံစမ်းမှု ဆိုသည်မှာ စွပ်စွဲတိုင်ကြားချက်တစ်ရပ်ရပ်နှင့်စပ်လျဉ်း၍ ဖြစ်စေ၊ ဝန်ထမ်း၏ပြုလုပ်မှု သို့မဟုတ် ပျက်ကွက်မှုတစ်ခုခုနှင့်စပ်လျဉ်း၍ ဖြစ်စေ ဝန်ထမ်းကို အရေးယူရန်လုံလောက်သော အချက်အလက်၊ အထောက်အထားများ ရှိ မရှိ ရှေးဦးစွာစုံစမ်းခြင်းကိုဆိုသည်။
  • ( ရ ) ဌာနဆိုင်ရာစစ်ဆေးမှု ဆိုသည်မှာ စွပ်စွဲတိုင်ကြားချက်တစ်ရပ်ရပ်နှင့် စပ်လျဉ်း၍ဖြစ်စေ၊ ဝန်ထမ်း၏ ပြုလုပ်မှု သို့မဟုတ် ပျက်ကွက်မှုတစ်ခုခုနှင့် စပ်လျဉ်း၍ဖြစ်စေ ဝန်ထမ်းကို ဌာနဆိုင်ရာအရေးယူရန် လုံလောက်သော အချက်အလက်နှင့် အထောက်အထားများရှိသဖြင့် စွဲချက်တင်ပြီး အမှုဖွင့် စစ်ဆေးခြင်းကိုဆိုသည်။
  • (လ) ဝန်ထမ်းဆိုင်ရာပြစ်မှု ဆိုသည်မှာ ဌာနဆိုင်ရာအရေးယူအပြစ်ပေးနိုင်သည့် ဝန်ထမ်း၏ပြုလုပ်မှု သို့မဟုတ် ပျက်ကွက်မှုတစ်ခုခုကိုဆိုသည်။
  • ( ဝ ) ဝန်ထမ်းစည်းကမ်းဆိုင်ရာပြစ်ဒဏ် ဆိုသည်မှာ ဝန်ထမ်းစည်းကမ်းဆိုင်ရာပြစ်မှုတစ်ခုခုအတွက် ဌာနဆိုင်ရာက ချမှတ်နိုင်သည့် ပြစ်ဒဏ်တစ်ရပ်ရပ်ကိုဆိုသည်။
  • (သ) အယူခံမှု ဆိုသည်မှာ ဌာနဆိုင်ရာအရေးယူမှုတွင် ချမှတ်ခဲ့သောပြစ်ဒဏ် သို့မဟုတ် အမိန့် သို့မဟုတ် ဆုံးဖြတ်ချက်ကို မကျေနပ်သဖြင့် ဝန်ထမ်းမှ အယူခံလျှောက်ထားခြင်းကိုဆိုသည်။
  • (ဟ) ပုံစံ ဆိုသည်မှာ ဤနည်းဥပဒေများပါ ပုံစံကိုဆိုလိုသည်။
  • ( ဠ ) ဇယား ဆိုသည်မှာ ဤနည်းဥပဒေများပါ ဇယားကိုဆိုလိုသည်။

အခန်း (၂)
ဝန်ထမ်းခန့်ထားခြင်းဆိုင်ရာသတ်မှတ်ချက်များ

၄။ ဝန်ထမ်းတစ်ဦးကို ဖွဲ့စည်းပုံပါရာထူးတစ်ခု၌ အတည်ပြုခန့်ထားရာတွင် –

  • (က) ရာထူးသည် အမြဲတမ်းလစ်လပ်သည့်ရာထူးဖြစ်ရမည်။
  • ( ခ ) တစ်ချိန်တည်း၌ ဝန်ထမ်းတစ်ဦးထက်ပို၍ ခန့်ထားခြင်းမပြုရ။
  • ( ဂ ) ဝန်ထမ်းတစ်ဦး၏ ရာထူးအနွယ်ပိုင်ဆိုင်ခွင့်ရှိထားသည့် ရာထူး၌ အခြားဝန်ထမ်း တစ်ဦးကို ခန့်ထားခြင်းမပြုရ။ သို့ရာတွင် အငြိမ်းစားယူရန် ကြိုတင်ပြင်ဆင်ခွင့်ခံစားနေသည့် ဝန်ထမ်း၏ ရာထူးနေရာ၌ အခြား ဝန်ထမ်းတစ်ဦးအား ခန့်ထားခြင်းနှင့် သက်ဆိုင်ခြင်းမရှိစေရ**၂၅-၈-၂၀၁၇ ရက်နေ့တွင် ဒုတိယအကြိမ်ပြင်ဆင်သည်။
  • (ဃ) ဝန်ထမ်းသည် အသက် ၁၈ နှစ်ပြည့်ပြီးဖြစ်ရမည်။
  • ( င ) ပြင်ပပုဂ္ဂိုလ်ဖြစ်ပါက ကျန်းမာကြောင်းဆေးလက်မှတ်နှင့် သက်ဆိုင်ရာ မြို့နယ်ရဲစခန်း၏ ပြစ်မှုကင်းရှင်းကြောင်း ထောက်ခံစာမူရင်းတို့ကို တင်ပြနိုင်သူ ဖြစ်ရမည်။ မီးဖွားပြီး ရက်သတ္တပတ်ဆယ့်နှစ်ပတ် ပြည့်သည့်အခါမှသာ ခန့်ထားမည်ဖြစ်ကြောင်း အသိပေး၍ ကိုယ်ဝန်ရှိသူများကို ရွေးချယ်ထားနိုင်သည်။***၂၄-၈-၂၀၂၀ ရက်နေ့တွင် တတိယအကြိမ်ပြင်ဆင်သည်။

၅။ နည်းဥပဒေ ၄ အရ အတည်ပြုခန့်ထားခြင်းခံရသော ဝန်ထမ်းသည် –

  • (က) နိုင်ငံတော်၏အကျိုးအတွက် လိုအပ်လျှင် အချိန်ပြည့် တာဝန်ထမ်းဆောင်ရမည်။
  • ( ခ ) မူလတာဝန်အပြင် အခြားလိုအပ်သော တာဝန်များကို ပေးအပ်ပါကထမ်းဆောင်ရမည်။

၆။ အတည်ပြုခန့်ထားခြင်းခံရသည့် ဝန်ထမ်းတစ်ဦးသည် –

  • (က) ရာထူးဆိုင်ရာတာဝန်ဝတ္တရားများ စတင်ထမ်းဆောင်သည့်နေ့မှစ၍ သတ်မှတ်ထားသည့် လစာနှင့်စရိတ်များကို ခံစားခွင့်ရှိသည်။
  • ( ခ ) ပြည်ပတွင်တာဝန်ဖြင့် ရောက်ရှိနေစဉ်အချိန်တွင်လည်းကောင်း၊ ပညာ သင်ကြားနေစဉ်အချိန်တွင်လည်းကောင်း ရာထူးတိုးမြှင့်ခန့်ထားခြင်းခံရပါက တိုးမြှင့်ခန့်ထားသည့်နေ့ရက်မှစ၍ ယင်းရာထူးလစာကို ခံစား   ခွင့်ရှိသည်။
  • ( ဂ ) ပြင်ပဝန်ထမ်းစည်းကမ်းချက်ဖြင့် ပြည်တွင်း၊ ပြည်ပတာဝန်ထမ်းဆောင် နေချိန်အတွင်း ရာထူးတိုးမြှင့်ခံရပါက ယင်းကာလပြီးဆုံး၍ မိခင်ဌာနတွင် ပြန်လည်တာဝန်ထမ်းဆောင်ချိန်မှသာ တိုးမြှင့်ခန့်ထားသည့်ရာထူး၏ လစာကို ခံစားခွင့်ရှိသည်။

၇။ ဝန်ထမ်းတစ်ဦးသည် အောက်ပါအချိန်ကာလများတွင် မူလရာထူး၌ ရာထူးအနွယ် ပိုင်ဆိုင်ခွင့် ဆက်လက်တည်ရှိသည်-

  • (က) အမြဲတမ်းရာထူးတစ်ခုတွင် အချိန်ပြည့်တာဝန်ထမ်းဆောင်နေသည့်ကာလ၊
  • ( ခ ) ပြည်တွင်း၊ ပြည်ပ၌ ဌာန၏ခွင့်ပြုချက်ဖြင့် ပညာလေ့လာဆည်းပူးနေသည့် ကာလ၊
  • ( ဂ ) အခြားရာထူးတစ်ခု၌ ခေတ္တပြောင်းရွှေ့တာဝန်ထမ်းဆောင်နေသည့်ကာလ၊
  • (ဃ) ပြင်ပဝန်ထမ်းစည်းကမ်းချက်ဖြင့် ပြည်တွင်း၊ ပြည်ပတွင် လွှဲပြောင်းတာဝန် ထမ်းဆောင်နေသည့်ကာလ၊
  • ( င ) ရာထူးတစ်ခုမှ တစ်ခုသို့ ပြောင်းရွှေ့သည့်အခါ ကူးပြောင်းချိန်အတွင်း၌ရှိနေသည့်ကာလ၊
  • ( စ ) ခွင့်ခံစားနေသည့်ကာလ၊
  • (ဆ) တာဝန်မှယာယီရပ်ဆိုင်းခြင်းခံထားရသည့်ကာလ။
  • (ဇ)      ဝန်ထမ်း၏ပြုလုပ်မှု သို့မဟုတ် ပျက်ကွက်မှုကြောင့် မဟုတ်ဘဲ မမျှော်မှန်းနိုင်သည့် အခြေအနေကြောင့် အလုပ်ခွင်မှ ကင်းကွာသည့်ကာလ။*****၃၀-၁-၂၀၂၃ ရက်နေ့တွင် ပဥ္စမအကြိမ်ပြင်ဆင်သည်။

၈။ ဝန်ထမ်းတစ်ဦးသည် အခြားရာထူးအနွယ်တစ်ခုကို ပိုင်ဆိုင်ခွင့်ရရှိလျှင် ယင်းသို့ရရှိသည့် နေ့ရက်မှစ၍ မူလရရှိထားသော ရာထူးအနွယ်ပိုင်ဆိုင်ခွင့်သည် အလိုအလျောက်ရပ်စဲပြီးဖြစ်ရမည်။

၉။ ရာထူးအနွယ်ပိုင်ဆိုင်ခွင့်ကို ရပ်ဆိုင်းခြင်းခံရသည့် ဝန်ထမ်းတစ်ဦး၏ ရာထူးနေရာတွင် အခြားဝန်ထမ်းတစ်ဦးဦးကို အစားထိုးခန့်ထားနိုင်သည်။ ယင်းသို့ ခန့်ထားခြင်းခံရသည့် ဝန်ထမ်းသည် ထိုရာထူး၏ရာထူးအနွယ်ပိုင်ဆိုင်ခွင့်ကို ရရှိမည်ဖြစ်သည်။ သို့ရာတွင် မူလဝန်ထမ်းအား အဆိုပါရာထူး၌ ပြန်လည်ခန့်ထားသည့်အခါ အစားထိုးခန့်ထားခြင်းခံရ  သည့် ဝန်ထမ်းသည် ထိုရာထူး၌ ရရှိထားခဲ့သည့် ရာထူးအနွယ်ပိုင်ဆိုင်ခွင့်ကို စွန့်လွှတ်ရမည်။

၁၀။ ပြစ်ဒဏ်တစ်ရပ်အဖြစ် အဆင့်နိမ့်ရာထူးသို့ ကာလသတ်မှတ်ချက်ဖြင့် ပြောင်းရွှေ့ တာဝန်ထမ်းဆောင်ရသည့်ကိစ္စတွင် ယင်းဝန်ထမ်း၏ရာထူးအနွယ်သည် မူလရာထူး၌သာရှိပြီး အဆင့်နိမ့်ရာထူး၏ ရာထူးအနွယ်ပိုင်ဆိုင်ခွင့်ကို မရရှိစေရ။

my_MMMY