ပြည်ထောင်စုရာထူးဝန်အဖွဲ့

ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ၊ နည်းဥပဒေများ၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊

နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ ဝန်ထမ်းရေးရာ ကိစ္စရပ်များ


Search
Generic filters
Filter by Lawbook Names
နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ
နိုင်ငံ့ဝန်ထမ်းဥပဒေ
ပြည်ထောင်စုရာထူးဝန်အဖွဲ့နည်းဥပဒေများ
ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ
ဝန်ထမ်းရေးရာကိစ္စရပ်များ

ဤစကားလုံးများဖြင့်ရှာဖွေနိုင်သည်။ ပုဒ်မ(၁)နည်းဥပဒေ(၁)အပိုဒ်(၁)အခန်း(၁)rule(1)article(1)section(1)chapter(1)

(၃) ဆောင်ရွက်မည့်လုပ်ငန်းစဉ်များ

အခန်း(၃)
ဆောင်ရွက်မည့်လုပ်ငန်းစဉ်များ

အကဲဖြတ်သုံးသပ်ခြင်း

၅။ ပြန်တမ်းဝင်အရာရှိအဆင့် (ဦးစီးအရာရှိနှင့်အဆင့်တူရာထူး) ၏ တစ်ဆင့်နိမ့် ဝန်ထမ်း များအား အကဲဖြတ်သုံးသပ်ခြင်းပြုလုပ်နိုင်ရန် လူတွေ့စစ်ဆေးခြင်းကို ဆောင်ရွက်ရမည်။

အကဲဖြတ်သုံးသပ်ရမည့်အချိန်

၆။ လွန်ခဲ့သော ပြက္ခဒိန်နှစ်အတွက် အကဲဖြတ်သုံးသပ်မှုကို ဇန်နဝါရီလတွင် ဆောင်ရွက် ရမည့်အပြင် နောင်လာမည့်တစ်နှစ်တာအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များကိုလည်း ဇန်နဝါရီလ၌ပင် သတ်မှတ်ဆောင်ရွက်ရပါမည်။

အကဲဖြတ်သုံးသပ်မှုပြုလုပ်ရန်ကြိုတင်ပြင်ဆင်ခြင်း

၇။ ကနဦးအကဲဖြတ်သူအရာရှိအနေဖြင့် စွမ်းဆောင်ရည်အကဲဖြတ်သုံးသပ်မှုအတွက် အောက်ပါ လုပ်ငန်းစဉ်များကို ကြိုတင်ပြင်ဆင်လျာထားရမည်-

  • (က) အကဲဖြတ်မည့်နေ့ရက်နှင့် အချိန်ကိုသတ်မှတ်ပြီး ရက်သတ္တ သုံးပတ်ခန့်ကြိုတင်၍ အကဲဖြတ်ခံဝန်ထမ်းကို အသိပေးခြင်း၊
  • ( ခ ) နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၃၅ (ဆ) နှင့် ပြည်ထောင်စုရာထူးဝန် အဖွဲ့၏ အမိန့်ကြော်ငြာစာအမှတ်၊ ၄/၂၀၂၀ ပါ သတ်မှတ်ချက်များနှင့်အညီ အကဲဖြတ်ခြင်း၊
  • ( ဂ ) ဝန်ထမ်း၏ တိုးတက်မှုများနှင့်စပ်လျဉ်း၍ မိမိအမြင်နှင့် အကြံပြုချက်များကို စွမ်းဆောင်ရည်အကဲဖြတ်သည့်ပုံစံတွင် ရေးသားခြင်း၊
  • (ဃ) ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်တစ်ခုချင်းစီအတွက် ဆောင်ရွက်ခဲ့သည့် စွမ်းဆောင်ရည်များကို ဝန်ထမ်းကိုယ်တိုင် အကဲဖြတ်သုံးသပ်၍ မှတ်တမ်းပြုလုပ် ထားရန် ဝန်ထမ်းများကို မှာကြားခြင်း၊
  • (င) ပြက္ခဒိန်နှစ်အတွင်း ပြောင်းရွှေ့တာဝန်ထမ်းဆောင်ရပါက မိမိအကဲဖြတ်ရသည့် အကဲဖြတ်ခံဝန်ထမ်းများ၏ ဆောင်ရွက်ချက်များကို ရေးမှတ်ထားသည့် မှတ်တမ်းအား ၎င်း၏ရာထူးနေရာသို့ လွှဲပြောင်းတာဝန်ထမ်းဆောင်မည့်အရာရှိ သို့မဟုတ် အထက် အဆင့်အရာရှိထံသို့ စနစ်တကျလွှဲပြောင်းပေးခြင်း၊
  • (စ) ပြက္ခဒိန်နှစ်အတွင်း အကဲဖြတ်ခံဝန်ထမ်း ပြောင်းရွှေ့ရပါက သက်ဆိုင်ရာဌာနအနေဖြင့် ဝန်ထမ်းမှတ်တမ်းစာအုပ်နှင့်အတူ ဝန်ထမ်းအပေါ် အကဲဖြတ်ထားသည့် မှတ်တမ်းကို ပြောင်းရွှေ့မည့်ဌာနသို့ တစ်ပါတည်း ပူးတွဲပေးပို့ခြင်း။

၈။ အကဲဖြတ်ခံဝန်ထမ်းအနေဖြင့် စွမ်းဆောင်ရည်အကဲဖြတ်သုံးသပ်မှုအတွက် အောက်ပါ လုပ်ငန်းစဉ်များကို ကြိုတင်ပြင်ဆင်လျာထားရမည်-

  • (က) တစ်နှစ်တာလုံးအတွက် မိမိဆောင်ရွက်ခဲ့သည့် လုပ်ငန်းတာဝန်များနှင့် လုပ်ငန်း စွမ်းဆောင်ရည်များကို နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၃၅ (ဆ) နှင့် ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ အမိန့်ကြော်ငြာစာအမှတ် ၄/၂၀၂၀ ပါ သတ်မှတ်ချက် များနှင့်အညီ ပြန်လည်သုံးသပ်ခြင်း၊
  • ( ခ ) လုပ်ငန်းတာဝန်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ပိုမိုလွယ်ကူစေသည့် နည်းလမ်း သို့မဟုတ် ပိုမိုခက်ခဲစေသည့် အကြောင်းတရားများ ရှိ/မရှိ သုံးသပ်ခြင်း၊
  • ( ဂ ) လုပ်ငန်းတာဝန်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ရရှိခဲ့သော တိုးတက်မှုများ၊ စိန်ခေါ်မှုများ၊ ဖြေရှင်းဆောင်ရွက်ခဲ့မှုများကို မှတ်စုရေးမှတ်ခြင်း၊
  • (ဃ) မိမိ၏ လေ့လာသင်ယူခဲ့မှုများသည် ထိရောက်မှု ရှိ၊ မရှိ ပြန်လည်သုံးသပ်ခြင်း။

လုပ်ငန်းစွမ်းဆောင်ရည် အကဲဖြတ်သုံးသပ်ခြင်း

၉။ လုပ်ငန်းစွမ်းဆောင်ရည် အကဲဖြတ်သုံးသပ်ခြင်းကို လူတွေ့စစ်ဆေးမည့် နည်းလမ်းဖြင့် ဆောင်ရွက်ပါက အကဲဖြတ်သူအရာရှိသည် အကဲဖြတ်ခံဝန်ထမ်း၏ လုပ်ငန်းစွမ်းဆောင်ရည်အပေါ် သက်ရောက်မှုရှိသည့် အကြောင်းတရားများကို သိရှိနိုင်မည်ဖြစ်သောကြောင့် ပိုမိုထိရောက်မှုရှိမည် ဖြစ်ပါသည်။

လုပ်ငန်းစွမ်းဆောင်ရည် အကဲဖြတ်သုံးသပ်မှုတွင် အသုံးပြုသင့်သည့် မေးခွန်းများ

၁၀။ ဝန်ထမ်းမှပွင့်လင်းစွာပြောဆိုလာစေရန် အကဲဖြတ်သူအရာရှိအနေဖြင့် ပြင်ဆင်ထား သင့်သည့် မေးခွန်းအချို့ကို နမူနာအဖြစ် အောက်ပါအတိုင်းဖော်ပြထားပါသည် –

  • (က) တစ်နှစ်တာအတွင်း ဆောင်ရွက်ခဲ့သည့် လုပ်ငန်းတာဝန်တွေကဘာတွေလဲ။
  • ( ခ ) ဘယ်လုပ်ငန်းတာဝန်တွေကိုအဆင်ပြေပြေစွမ်းဆောင်နိုင်ခဲ့သလဲ။
  • ( ဂ ) ဘယ်လုပ်ငန်းတာဝန်ကအခက်အခဲရှိသလဲ။
  • (ဃ) ဘယ်လုပ်ငန်းတာဝန်ကစိန်ခေါ်မှုအကြီးမားဆုံးလဲ။
  • ( င ) မအောင်မြင်ခဲ့သည့် လုပ်ငန်းတာဝန်ရှိပါသလား/ ဘယ်နှစ်ခုလဲ။
  • ( စ ) မိမိဂုဏ်အယူရဆုံးကဘာလဲ။
  • (ဆ) တစ်နှစ်တာအတွင်းအခက်အခဲရှိခဲ့တဲ့ လုပ်ငန်းတာဝန်တွေအပေါ် ရလဒ်ကောင်းတွေ ရရှိအောင် ဘယ်လိုလုပ်သင့်သလဲ။
  • ( ဇ ) တစ်နှစ်တာအတွင်း သတ်မှတ်ထားသည့်လုပ်ငန်းတာဝန်ကို ပြီးဆုံးအောင် မဆောင်ရွက် နိုင်ခဲ့သည့် အကြောင်းအရင်းမှာ ဘာတွေလဲ။
  • (ဈ) အဲဒီလိုအဆင်မပြေခြင်းကို ပြောင်းလဲသွားအောင် ဘယ်လိုလုပ်နိုင်မယ်လို့ ထင်သလဲ/ ဘယ်လိုအကူအညီမျိုးထောက်ပံ့ပေးရန် လိုအပ်သလဲ။

အကဲဖြတ်သုံးသပ်မှုတွင် တုံ့ပြန်အကြံပြုခြင်းအခန်းကဏ္ဍ

၁၁။ လုပ်ငန်းစွမ်းဆောင်ရည် အကဲဖြတ်သုံးသပ်မှု၏ အဓိကရည်ရွယ်ချက်မှာ အကဲဖြတ်ခံ ဝန်ထမ်းသည် ၎င်း၏ အကဲဖြတ်သူအရာရှိထံမှ တုံ့ပြန်အကြံပြုမှုများကို လက်ခံရရှိနိုင်ရန်နှင့် ၎င်း၏ လုပ်ငန်းစွမ်းဆောင်ရည်အပေါ် အကဲဖြတ်သူ၏ ထင်မြင်ယူဆချက်၊ သဘောထားကိုသိရှိနိုင်ရန် ဖြစ်ပါသည်။ အကဲဖြတ်သုံးသပ်မှုတွင် ဝေဖန်ထောက်ပြမှုနှင့် ချီးကျူးပြောဆိုမှုများကို မျှမျှတတ ဆောင်ရွက်ရန်ဖြစ်၍ အကဲဖြတ်သူအရာရှိအနေဖြင့် ဝန်ထမ်းများ၏အားသာချက်၊ အားနည်းချက် များကို မှန်ကန်စွာထုတ်ဖော်ပြီး လုပ်ငန်းလုပ်ဆောင်ရာတွင် အားသာချက်များကို အလေးပေး ဆောင်ရွက်စေပြီး အားနည်းချက်များကိုလည်း ဝေဖန်ထောက်ပြ၍ အားသာချက် ဖြစ်လာစေရန် လေ့ကျင့်ပျိုးထောင် တိုက်တွန်းပေးခြင်းကို ဆောင်ရွက်နိုင်ရန်ဖြစ်ပါသည်။ ဝန်ထမ်းအား ဝေဖန် ထောက်ပြခြင်း သို့မဟုတ် တည့်မတ်အကြံပြုခြင်းတို့ကို အောက်ပါနည်းလမ်းအတိုင်း ဆောင်ရွက် နိုင်ပါသည်-

အကဲဖြတ်သုံးသပ်ခြင်းအနှစ်ချုပ်

၁၂။ အကဲဖြတ်သူအရာရှိသည် တွေ့ဆုံမှုပြီးဆုံးချိန်တွင် အကဲဖြတ်ခံဝန်ထမ်းအတွက် ၎င်းတို့၏ တုံ့ပြန်အကြံပြုချက်များကို အောက်ဖော်ပြပါအတိုင်း ပြန်လည်အနှစ်ချုပ်ပေးသင့်ပါသည် –

  • (က) ထိရောက်အောင်မြင်မှုရှိ၍ ဆက်လုပ်စေချင်သည့် (keep doing) အရာများမှာ အဘယ်နည်း။
  • ( ခ ) အထောက်အကူမဖြစ်၍ ဆက်မလုပ်စေချင်သည့် (stop doing) အရာများမှာ အဘယ်နည်း။
  • ( ဂ ) ပိုမိုထိရောက်မှုရှိစေမည်ဖြစ်၍ စလုပ်စေချင်သည့် (start doing) အရာများမှာ အဘယ်နည်း။

မှတ်တမ်းတင်ရမည့်အချက်များ

၁၃။ အကဲဖြတ်ခံဝန်ထမ်း၏ တိုးတက်မှုအခြေအနေ သို့မဟုတ် စွမ်းဆောင်ရည်ပြည့်မီခြင်း ရှိ/မရှိ နှင့်စပ်လျဉ်းသည့် အကဲဖြတ်သူအရာရှိ၏ မှတ်ချက်ကို လုပ်ငန်းစွမ်းဆောင်မှု အစီအစဉ်ပုံစံတွင် ဖော်ပြထားပါသည်။ အကဲဖြတ်သူအရာရှိသည် စွမ်းဆောင်ရည်အကဲဖြတ်သုံးသပ်မှုတွင် အကဲဖြတ်ခံ ဝန်ထမ်းဘက်မှ ရှင်းလင်းဆွေးနွေးရန် ရှိသည်များကို နားထောင်ရခြင်း မရှိသေးမီ ၎င်းတို့၏ မှတ်ချက် များကို ကြိုတင်ရေးသားခြင်း သို့မဟုတ် စွမ်းဆောင်ရည်အဆင့်ကို အပြီးသတ် သတ်မှတ်ခြင်းများ မပြုလုပ်သင့်ပါ။

စွမ်းဆောင်ရည်အဆင့်သတ်မှတ်ချက်များနှင့် ထည့်သွင်းစဉ်းစားရမည့်အချက်များ

၁၄။ ဝန်ထမ်း၏ လုပ်ငန်းတာဝန်များစွမ်းဆောင်မှုအပေါ် အဆင့်သတ်မှတ်ရာတွင် နိုင်ငံ့ဝန်ထမ်း နည်းဥပဒေများ၊ နည်းဥပဒေ ၃၅၊ နည်းဥပဒေခွဲ (ဇ) ပါ ပြဋ္ဌာန်းချက်နှင့်အညီ သာမန်အောက်၊ သာမန်၊ သာမန်အထက်၊ထူးချွန်အဆင့်ဟူ၍ အဆင့်(၄)ဆင့်သတ်မှတ်ရမည်။ အကဲဖြတ်သူအရာရှိသည် တစ်နှစ်တာအတွင်း လုပ်ငန်းစွမ်းဆောင်မှုများအားလုံးကိုခြုံငုံ၍ အဆင့်သတ်မှတ်ချက်တစ်ခုကိုသာ ပေးရပါမည်။ အကဲဖြတ်ခံဝန်ထမ်းအား လုပ်ငန်းတာဝန်များ ဆောင်ရွက်ခဲ့မှုအပေါ် တိုးတက်မှုရှိ-မရှိကို အသိပေး၍ တိုးတက်အောင်ဆောင်ရွက်နိုင်မည့် အစီအစဉ်ကို ရေးဆွဲရမည်။

my_MMMY