ပြည်ထောင်စုရာထူးဝန်အဖွဲ့နည်းဥပဒေများ(၁၁-၉-၂၀၂၀) နည်းဥပဒေ(၁) (၂)
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ပြည်ထောင်စုရာထူးဝန်အဖွဲ့
အမိန့်ကြော်ငြာစာအမှတ် ၈၁ / ၂၀၂၀
၁၃၈၂ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၉ ရက်
(၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၁၁ ရက်)
ပြည်ထောင်စုရာထူးဝန်အဖွဲ့သည် ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ ပုဒ်မ ၂၇၊ ပုဒ်မခွဲ (က) အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ဤနည်းဥပဒေများကို ထုတ်ပြန်လိုက်သည်။
အခန်း (၁)
အမည်နှင့်အဓိပ္ပာယ်ဖော်ပြချက်
၁။ ဤနည်းဥပဒေများကို ပြည်ထောင်စုရာထူးဝန်အဖွဲ့နည်းဥပဒေများ ဟု ခေါ်တွင်စေရမည်။
၂။ အောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပာယ်သက်ရောက်စေရမည် –
- (က) အရာထမ်း ဆိုသည်မှာ ပြန်တမ်းဝင်အရာရှိအဆင့်နှင့်အထက် ရာထူး အဆင့်ရှိ ဝန်ထမ်းများကိုဆိုသည်။
- (ခ) အမှုထမ်း ဆိုသည်မှာ ပြန်တမ်းဝင်အရာရှိအဆင့်အောက် ရာထူး အဆင့်ရှိ ဝန်ထမ်းများကိုဆိုသည်။
- (ဂ) စတင်ခန့်ရာထူး ဆိုသည်မှာ ဝန်ထမ်းအဖွဲ့အစည်း အသီးသီးရှိ ဝန်ထမ်းအမျိုးအစား အလိုက် စတင် ဝင်ရောက်ရမည့် ရာထူးအဆင့်ကို ဆိုသည်။
- (ဃ) အလုပ်သင်ခန့်ထားခြင်း ဆိုသည်မှာ ဝန်ထမ်းအဖွဲ့အစည်း၏ ဖွဲ့စည်းပုံပါ ခန့်ထားလိုသောရာထူးကို ကျောထောက်နောက်ခံပြု၍ လုပ်ငန်း တာဝန်နှင့်သက်ဆိုင်သည့် ကျွမ်းကျင်မှုအရည်အချင်းများကို ပြည့်ဝစေရန် ရည်ရွယ်၍ ခန့်ထားခြင်းကိုဆိုသည်။
- (င) ရာထူးသက် ဆိုသည်မှာ လက်ရှိရာထူးအဆင့်တွင် တာဝန် ထမ်းဆောင်သည့်ကာလကိုဆိုသည်။
- (စ) လုပ်သက် ဆိုသည်မှာ ဝန်ထမ်းအဖွဲ့အစည်းတစ်ခုတွင် ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကာလကိုဆိုသည်။ ယင်းစကားရပ်တွင် အလုပ်သင်ကာလ၊ အစမ်းခန့်ကာလ၊ လစာမဲ့ခွင့်မှအပ ခွင့်ခံစားနေသော ကာလ၊ တာဝန်ချိန်အဖြစ် သတ်မှတ်ခွင့်ပြုထားသော တာဝန်မှယာယီ ရပ်ဆိုင်းသည့်ကာလနှင့်တာဝန်ချိန်အဖြစ် သတ်မှတ်ခွင့်ပြုထားသော အခြားတာဝန်ထမ်းဆောင်သည့် ကာလများလည်း အကျုံးဝင်သည်။
- (ဆ) ကူးပြောင်းချိန် ဆိုသည်မှာ ဒေသတစ်ခုမှတစ်ခုသို့ ပြောင်းရွှေ့ရသည့် ဝန်ထမ်းကို မူလရာထူးရှိရာဒေသမှ ပြောင်းရွှေ့ရမည့်ဒေသသို့ သွားရောက်ရန် ခွင့်ပြုသည့် ကာလကိုဆိုသည်။
- (ဇ) ပြင်ပဝန်ထမ်း ဆိုသည်မှာ ပြည်တွင်း၌ဖြစ်စေ၊ ပြည်ပ၌ဖြစ်စေ ပြင်ပ အဖွဲ့အစည်းတစ်ခုခု၌ ပြည်ထောင်စုအစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် အချိန်ပြည့်လွှဲပြောင်းတာဝန်ထမ်းဆောင်နေပြီး လစာကို နိုင်ငံတော် ဘဏ္ဍာရန်ပုံငွေမှအပဖြစ်သော အခြားဘဏ္ဍာရန်ပုံငွေ တစ်ရပ်ရပ်မှ ရယူခံစားနေသော ဝန်ထမ်းကိုဆိုသည်။
- (ဈ) ပြင်ပဝန်ထမ်းစည်းကမ်းချက် ဆိုသည်မှာ ပြင်ပဝန်ထမ်းလိုက်နာရန် သက်ဆိုင်ရာ ဝန်ကြီးဌာနနှင့်အဖွဲ့အစည်းက ထုတ်ပြန်သည့် စည်းကမ်းများကိုဆိုသည်။