ပြည်ထောင်စုရာထူးဝန်အဖွဲ့

ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ၊ နည်းဥပဒေများ၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊

နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ ဝန်ထမ်းရေးရာ ကိစ္စရပ်များ


Search
Generic filters
Filter by Lawbook Names
နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ
နိုင်ငံ့ဝန်ထမ်းဥပဒေ
ပြည်ထောင်စုရာထူးဝန်အဖွဲ့နည်းဥပဒေများ
ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ
ဝန်ထမ်းရေးရာကိစ္စရပ်များ

ဤစကားလုံးများဖြင့်ရှာဖွေနိုင်သည်။ ပုဒ်မ(၁)နည်းဥပဒေ(၁)အပိုဒ်(၁)အခန်း(၁)rule(1)article(1)section(1)chapter(1)

(၃) ရာထူးတိုးမြှင့်ခြင်း

အခန်း()

ရာထူးတိုးမြှင့်ခြင်း

၂၀။      ဝန်ကြီးဌာနနှင့်အဖွဲ့အစည်းအလိုက် ရာထူးအဆင့်တိုးမြှင့်ခန့်ထားရန် အနည်းဆုံးလိုအပ်သော ပညာအရည်အချင်း၊ ကျွမ်းကျင်မှုအရည်အချင်း၊ ရာထူးသက်နှင့်လုပ်သက်တို့ကို ရာထူး အမျိုးအစားကို မူတည်၍ ပြည်ထောင်စုအစိုးရအဖွဲ့က အတည်ပြုသတ်မှတ်ပေးရမည်။

၂၁။       ဝန်ကြီးဌာနနှင့်အဖွဲ့အစည်းများသည် ရာထူးတိုးမြှင့်ရေးအတွက် အရည်အချင်းစိစစ် အကဲဖြတ်ရာတွင် ဌာန၏ဖွဲ့စည်းပုံအင်အားတွင် ပါဝင်သည့် ဌာနပြင်ပသို့ရောက်ရှိနေသော ဝန်ထမ်း များကိုပါ ထည့်သွင်းစဉ်းစားရမည်။

၂၂။        ဝန်ကြီးဌာနနှင့်အဖွဲ့အစည်းများသည် ပြန်တမ်းဝင်အရာရှိအဆင့် စတင်ခန့်ရာထူးနေရာ လစ်လပ်သဖြင့် ရာထူးတိုးမြှင့်ခန့်ထားရန် လိုအပ်သည့်အခါ သက်ဆိုင်ရာဝန်ကြီးဌာနနှင့်အဖွဲ့ အစည်းက အတည်ပြုရေးဆွဲထားသော တန်းစီဇယားအတွင်းမှ ဝန်ထမ်းများကို အဖွဲ့သို့ အဆိုပြု ညှိနှိုင်း၍ သဘောတူညီချက်ရယူရမည်။

၂၃။       အဖွဲ့သည် နည်းဥပဒေ ၂၂ အရ အဆိုပြုညှိနှိုင်းလာသည့်ကိစ္စနှင့်စပ်လျဉ်း၍ အောက်ဖော်ပြပါ အချက်များကို စိစစ်ဆောင်ရွက်ရမည်-

  • (က)    ရာထူးတိုးမြှင့်ခန့်ထားရေးအတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနနှင့်အဖွဲ့အစည်းက သဘောတူညီထားခြင်းရှိ မရှိ၊
  • ( ခ )    တိုးမြှင့်ခန့်ထားမည့် ရာထူးသည် သက်ဆိုင်ရာ ဝန်ကြီးဌာနနှင့်အဖွဲ့အစည်း၏ ဖွဲ့စည်းပုံတွင် ပါဝင်ခြင်း ရှိ မရှိ၊
  • ( ဂ )    တိုးမြှင့်ခန့်ထားရန် အဆိုပြုသည့် ဝန်ထမ်းများအတွက် လစ်လပ်ရာထူးနေရာ လုံလောက်မှု ရှိ မရှိ၊
  • (ဃ)    သတ်မှတ်ချက်နှင့် ညီညွတ်သည့် ဝန်ထမ်းအားလုံးကို ရေးဖြေနှင့် လက်တွေ့ စစ်ဆေးခြင်း ရှိ မရှိ၊
  • ( င )    ရာထူးသက်၊ လုပ်သက် တွက်ချက်ထားသည့် နေ့ရက်ပါရှိခြင်း ရှိ မရှိ၊
  • ( စ )    တန်းစီဇယား အတည်ပြုသည့်နေ့ရက်ပါရှိခြင်း ရှိ မရှိနှင့် တန်းစီဇယား၏ သက်တမ်းကုန်ဆုံးခြင်း ရှိ မရှိ၊
  • (ဆ)    တန်းစီဇယားတွင် သက်ဆိုင်ရာ ဝန်ကြီးဌာနနှင့်အဖွဲ့အစည်း၏ အရည်အချင်း စစ်ဆေးရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၏ အမည်၊ ရာထူးနှင့် လက်မှတ်များပါရှိခြင်း ရှိ မရှိ၊
  • ( ဇ )    တန်းစီဇယားတွင် စုစုပေါင်းရမှတ်  တူညီနေပါက အမှတ်တူရှင်းလင်းချက် ဖော်ပြ ထားခြင်း ရှိ မရှိ၊
  • (စျ)     အဆိုပြုဝန်ထမ်းများအတွက် ကိုယ်ရေးမှတ်တမ်းများပါရှိခြင်းရှိ မရှိ၊
  • (ည)    အဆိုပြုဝန်ထမ်းများ၏ ရာထူးသက်၊ လုပ်သက်သည် နည်းဥပဒေ ၂၀ အရ သတ်မှတ်ချက်နှင့် ညီညွတ်ခြင်း ရှိ မရှိ၊
  • ( ဋ )    အဆိုပြုဝန်ထမ်း တာဝန်ထမ်းဆောင်နေသည့် ရာထူးအမျိုးအစားနှင့်တိုးမြှင့် ခန့်ထားမည့် ရာထူးအမျိုးအစားတို့ ညီညွတ်ခြင်း ရှိ မရှိ၊
  • ( ဌ )    အဆိုပြုဝန်ထမ်းများသည် အငြိမ်းစားယူရန် ကြိုတင်ပြင်ဆင်ခွင့်ခံစားရမည့်ကာလ ဖြစ်နေပါက ကြိုတင်ပြင်ဆင်ခွင့်ခံစားနေခြင်း ရှိ မရှိနှင့် သက်ဆိုင်ရာဌာနက ယင်းခွင့်ကို ငြင်းပယ်ထားခြင်း ရှိ မရှိ။

၂၄။       အဖွဲ့သည် နည်းဥပဒေ ၂၃ ပါ စိစစ်ချက်များကို အဖွဲ့၏ ပုံမှန်အစည်းအဝေးတွင် ဆွေးနွေး ဆုံးဖြတ်ပြီး သက်ဆိုင်ရာ ဝန်ကြီးဌာနနှင့်အဖွဲ့အစည်းသို့ သဘောထားပြန်ကြားရမည်။

၂၅။       သက်ဆိုင်ရာ ဝန်ကြီးဌာနနှင့်အဖွဲ့အစည်းများသည် တာဝန်ကိုကျေပွန်စွာ ထမ်းဆောင်ပြီး အရည်အချင်းပြည့်ဝသော ထူးချွန်သည့် ဝန်ထမ်းများကို သင့်တင့်သောကာလအတွင်း တစ်ဆင့်မြင့် ရာထူးများတွင် တိုးမြှင့်ခန့်ထားခြင်းဖြင့် ထိုက်ထိုက်တန်တန် ချီးမြှင့်သည့်သဘောသက်ရောက်စေရန် လည်းကောင်း၊ ဝန်ကြီးဌာနနှင့်အဖွဲ့အစည်းများအတွင်း အတွေ့အကြုံရှိ၍ ထူးခြားပြောင်မြောက်စွာ တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများအား အကျိုးခံစားခွင့်ရှိစေရန်လည်းကောင်း၊ ရာထူး အဆင့်ဆင့်တွင် ခါးဆက်မပြတ်ရေးအတွက် စီမံချက်ဖြင့်ဆောင်ရွက်နိုင်ရန်လည်းကောင်း သတ်မှတ် ရာထူးသက်မပြည့်မီစေကာမူ အထူးကိစ္စရပ်အနေဖြင့် ရာထူးတိုးမြှင့်ခန့်ထားရန် ဆောင်ရွက်နိုင် သည်။

၂၆။       ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းများသည် နည်းဥပဒေ ၂၅ အရ ရာထူးသက် သတ်မှတ်ချက်ကို လျှော့ပေါ့၍ ရာထူးတိုးမြှင့်ခန့်ထားရေးအတွက် ဆောင်ရွက်ရာတွင် အောက်ဖော်ပြပါအချက်များကို ဦးစားပေး စဉ်းစားရမည်-

  • (က)    လုပ်ငန်းကျွမ်းကျင်မှုရှိပြီး အထူးကြိုးစားထမ်းဆောင်ခြင်း၊
  • ( ခ )    အထက်အရာရှိနှင့် လုပ်ဖော်ကိုင်ဖက်များအပေါ် သစ္စာရှိခြင်း၊
  • ( ဂ )    စိတ်ဓာတ်ကောင်းမွန်ခြင်းနှင့် နိုင်ငံတော်နှင့်ဌာနအကျိုးစီးပွားအတွက် မွန်မြတ်သော စေတနာထားရှိခြင်း၊
  • (ဃ)    တီထွင်ကြံဆလုပ်ကိုင်တတ်ခြင်း၊
  • ( င )    ပညာအရည်အချင်း၊ ကျွမ်းကျင်မှုအရည်အချင်း ထူးကဲသာလွန်ခြင်း၊
  • ( စ )    ခေါင်းဆောင်မှုကောင်းခြင်း၊
  • (ဆ)    အကျင့်စာရိတ္တကောင်းမွန်ခြင်း။

၂၇။       ဝန်ကြီးဌာနနှင့်အဖွဲ့အစည်းများသည် နည်းဥပဒေ ၂၅ အရ ရာထူးသက် သတ်မှတ်ချက်ကို လျှော့ပေါ့၍ ရာထူးတိုးမြှင့်ခန့်ထားရာတွင် လစ်လပ်ရာထူး၏ သုံးပုံတစ်ပုံအတွက်သာ တိုးမြှင့်ခန့်ထားရမည်။

၂၈။       ဝန်ကြီးဌာနနှင့်အဖွဲ့အစည်းများသည် ပညာအရည်အချင်းသတ်မှတ်ချက်ကို လျှော့ပေါ့၍ ရာထူးတိုးမြှင့်ပေးလိုပါက အောက်ပါအချက်များကို ထည့်သွင်းစဉ်းစားပြီး ပြည်ထောင်စုအစိုးရ အဖွဲ့သို့ တင်ပြခွင့်ပြုချက်ရယူဆောင်ရွက်ရမည်။ သို့ရာတွင် သတ်မှတ်ရာထူးသက် ပြည့်မီရမည်။ ပြန်တမ်းဝင်အရာရှိအဆင့်သို့ တိုးမြှင့်ခန့်ထားလိုခြင်းဖြစ်ပါက ပြည်ထောင်စုအစိုးရအဖွဲ့၏ ခွင့်ပြုချက် ပူးတွဲ၍ အဖွဲ့သို့ ဆက်လက်အဆိုပြုညှိနှိုင်းရမည်-

  •  (က)    လုပ်ငန်းကျွမ်းကျင်မှုရှိပြီး အထူးကြိုးစားထမ်းဆောင်ခြင်း၊
  •  ( ခ )    အထက်အရာရှိနှင့် လုပ်ဖော်ကိုင်ဖက်များအပေါ် သစ္စာရှိခြင်း၊
  • ( ဂ )    စိတ်ဓာတ်ကောင်းမွန်ခြင်းနှင့် နိုင်ငံတော်နှင့်ဌာနအကျိုးစီးပွားအတွက် မွန်မြတ်သော စေတနာထားရှိခြင်း၊
  • (ဃ)    တီထွင်ကြံဆလုပ်ကိုင်တတ်ခြင်း၊
  • ( င )    ကျွမ်းကျင်မှုအရည်အချင်း ထူးကဲသာလွန်ခြင်း၊
  • ( စ )    ခေါင်းဆောင်မှုကောင်းခြင်း၊
  • (ဆ)    အကျင့်စာရိတ္တကောင်းမွန်ခြင်း။

my_MMMY