ပြည်ထောင်စုရာထူးဝန်အဖွဲ့

ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ၊ နည်းဥပဒေများ၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊

နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ ဝန်ထမ်းရေးရာ ကိစ္စရပ်များ


Search
Generic filters
Filter by Lawbook Names
နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ
နိုင်ငံ့ဝန်ထမ်းဥပဒေ
ပြည်ထောင်စုရာထူးဝန်အဖွဲ့နည်းဥပဒေများ
ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ
ဝန်ထမ်းရေးရာကိစ္စရပ်များ

ဤစကားလုံးများဖြင့်ရှာဖွေနိုင်သည်။ ပုဒ်မ(၁)နည်းဥပဒေ(၁)အပိုဒ်(၁)အခန်း(၁)rule(1)article(1)section(1)chapter(1)

ပြည်ထောင်စုရာထူးဝန်အဖွဲ့နည်းဥပဒေ ၂၀၁၁

၂၁။ ဝန်ထမ်းအဖွဲ့အစည်းများသည် ရာထူးတိုးမြှင့်ရေးအတွက် အရည်အချင်းစိစစ်အကဲဖြတ်ရာတွင် ဌာနပြင်ပသို့ရောက်ရှိနေသော်လည်း ဌာန၏ဖွဲ့စည်းပုံအင်အားတွင်ရှိနေသော ဝန်ထမ်း များကိုပါ ထည့်သွင်းစဉ်းစားရမည်။

၂၂။ ဝန်ထမ်းအဖွဲ့အစည်းများသည် ပြန်တမ်းဝင်အရာရှိအဆင့် စတင်ခန့်ရာထူးနေရာ လစ်လပ်သဖြင့် ရာထူးတိုးမြှင့် ခန့်ထားရန် လိုအပ်သည့်အခါ သက်ဆိုင်ရာဝန်ထမ်းအဖွဲ့အစည်းက အတည်ပြု ရေးဆွဲထားသော တန်းစီဇယားအတွင်းမှ ဝန်ထမ်းများကို အဖွဲ့သို့အဆိုပြုညှိနှိုင်း၍ သဘောတူညီချက် ရယူရမည်။

၂၃။ အဖွဲ့သည် နည်းဥပဒေ ၂၂ အရ အဆိုပြု ညှိနှိုင်းလာသည့်ကိစ္စနှင့်စပ်လျဉ်း၍ အောက်ဖော်ပြပါအချက်များကို စိစစ်ဆောင်ရွက်ရမည်-

  • (က) ရာထူးတိုးမြှင့်ခန့်ထားရေးအတွက် သက်ဆိုင်ရာ ပြည်ထောင်စုအစိုးရဝန်ကြီးဌာနက သဘောတူညီထားခြင်း ရှိ မရှိ၊
  • ( ခ ) တိုးမြှင့်ခန့်ထားမည့်ရာထူးသည် သက်ဆိုင်ရာဝန်ထမ်းအဖွဲ့အစည်း၏ ဖွဲ့စည်းပုံတွင် ပါဝင်ခြင်း ရှိ မရှိ၊
  • ( ဂ ) တိုးမြှင့်ခန့်ထားရန် အဆိုပြုသည့်ဝန်ထမ်းများအတွက် လစ်လပ်ရာထူးနေရာ လုံလောက်မှု ရှိ မရှိ၊
  • (ဃ) သတ်မှတ်ချက်နှင့်ညီညွတ်သည့် ဝန်ထမ်းအားလုံးကို အရည်အချင်းစစ်ဆေးခြင်း ရှိ မရှိနှင့် စစ်ဆေးခြင်းမရှိပါက အကျိုးအကြောင်း ဖော်ပြချက်ပါရှိခြင်း ရှိ မရှိ၊
  • ( င ) ရာထူးသက်၊ လုပ်သက်တွက်ချက်ထားသည့် နေ့ရက်ပါရှိခြင်း ရှိ မရှိ၊
  • ( စ ) တန်းစီဇယားအတည်ပြုသည့်နေ့ရက်ပါရှိခြင်းရှိ မရှိနှင့် တန်းစီဇယား၏ သက်တမ်း ကုန်ဆုံးခြင်း ရှိ မရှိ၊
  • (ဆ) တန်းစီဇယားတွင် သက်ဆိုင်ရာဝန်ထမ်းအဖွဲ့အစည်း၏ အရည်အချင်းစစ်ဆေးရေး အဖွဲ့ ဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များ၏အမည်၊ရာထူး နှင့်လက်မှတ်များပါရှိခြင်း ရှိ မရှိ၊
  • ( ဇ ) တန်းစီဇယားတွင်စုစုပေါင်းရမှတ် တူညီနေပါက အမှတ်တူရှင်းလင်းချက် ဖော်ပြ ထားခြင်း ရှိ မရှိ၊
  • (စျ) အဆိုပြုဝန်ထမ်းများအတွက် ကိုယ်ရေးမှတ်တမ်းများ ပါရှိခြင်း ရှိ မရှိ၊
  • (ည) အဆိုပြုဝန်ထမ်းများ၏ ရာထူးသက်၊ လုပ်သက်သည် နည်းဥပဒေ ၂၀ အရ သတ်မှတ်ချက်နှင့် ညီညွတ်ခြင်း ရှိ မရှိ၊
  • ( ဋ ) အဆိုပြုဝန်ထမ်း တာဝန်ထမ်းဆောင်နေသည့် ရာထူးအမျိုးအစားနှင့် တိုးမြှင့် ခန့်ထားမည့် ရာထူးအမျိုးအစားတို့ ညီညွတ်ခြင်း ရှိ မရှိ၊
  • ( ဌ ) အဆိုပြုဝန်ထမ်းများသည် အငြိမ်းစားယူရန် ကြိုတင်ပြင်ဆင်ခွင့်ခံစားရမည့် ကာလ ဖြစ်နေပါက ကြိုတင်ပြင်ဆင်ခွင့်ခံစားနေခြင်းရှိ မရှိနှင့် သက်ဆိုင်ရာဌာနက ယင်းခွင့်ကို ငြင်းပယ်ထားခြင်း ရှိ မရှိ။

၂၄။ အဖွဲ့သည် နည်းဥပဒေ ၂၃ ပါ စိစစ်ချက်များကို အဖွဲ့၏ ပုံမှန်အစည်းအဝေးတွင် ဆွေးနွေး ဆုံးဖြတ်ပြီး သက်ဆိုင်ရာဝန်ထမ်းအဖွဲ့အစည်းသို့ သဘောထားပြန်ကြားရမည်။

၂၅။ သက်ဆိုင်ရာဝန်ထမ်းအဖွဲ့အစည်းများသည် တာဝန်ကိုကျေပွန်စွာထမ်းဆောင်ပြီး အရည်အချင်း ပြည့်ဝသော ထူးချွန်သည့် ဝန်ထမ်းများကို သင့်တင့်သောကာလအတွင်း တစ်ဆင့်မြင့်ရာထူးများတွင် တိုးမြှင့်ခန့်ထားခြင်းဖြင့် ထိုက်ထိုက်တန်တန်ချီးမြှင့်သည့်သဘော သက်ရောက်စေရန်လည်းကောင်း၊ ဝန်ထမ်းအဖွဲ့အစည်းများအတွင်း အတွေ့အကြုံရှိ၍ ထူးခြားပြောင်မြောက်စွာ တာဝန်ထမ်းဆောင် လျက်ရှိသော ဝန်ထမ်းများအား အကျိုးခံစားခွင့်ရှိစေရန်လည်းကောင်း၊ ရာထူးအဆင့်ဆင့်တွင် ခါးဆက်မပြတ်ရေးအတွက် စီမံချက်ဖြင့် ဆောင်ရွက်နိုင်ရန်လည်းကောင်း၊ သတ်မှတ်လုပ်သက်နှင့် ရာထူးသက် မပြည့်မီစေကာမူ အထူးကိစ္စရပ်အနေဖြင့် လုပ်သက် သတ်မှတ်ချက်ကိုလျှော့ပေါ့၍ ရာထူးတိုးမြှင့်ခန့်ထားရန် ဆောင်ရွက်နိုင်သည်။

၂၆။ ဝန်ထမ်းအဖွဲ့အစည်းများသည် နည်းဥပဒေ ၂၅ အရ လုပ်သက်သတ်မှတ်ချက်ကို လျှော့ပေါ့၍ ရာထူးတိုးမြှင့်ခန့်ထားရေးအတွက် ဆောင်ရွက်ရာတွင် အောက်ဖော်ပြပါအချက်များကို ဦးစားပေး စဉ်းစားရမည်-

  • (က) လုပ်ငန်းကျွမ်းကျင်မှုရှိပြီး ထူးချွန်စွာ ဆောင်ရွက်ခြင်း၊
  • ( ခ ) လုပ်ငန်းတာဝန်များကို အထူးကြိုးစားထမ်းဆောင်ခြင်း၊
  • ( ဂ ) အထက်အရာရှိနှင့် လုပ်ဖော်ကိုင်ဖက်များအပေါ် သစ္စာရှိခြင်း၊
  • (ဃ) စိတ်ဓာတ်ကောင်းမွန်ခြင်း၊ နိုင်ငံတော်နှင့်ဌာနအကျိုးအတွက် မွန်မြတ်သော စေတနာရှိခြင်း၊
  • ( င ) တီထွင်ကြံဆလုပ်ကိုင်တတ်ခြင်း၊
  • ( စ ) ဝန်ထမ်းဆိုင်ရာ စည်းကမ်းများကိုလိုက်နာခြင်း၊
  • (ဆ) ကြီးကြပ်မှုကောင်းခြင်းနှင့် ပူးပေါင်းဆောင်ရွက်မှုရှိခြင်း၊
  • ( ဇ ) စွမ်းဆောင်ရည်ပြည့်ဝသဖြင့် လုပ်ငန်းအောင်မြင်မှုရှိခြင်း။

၂၇။ ဝန်ထမ်းအဖွဲ့အစည်းများသည် နည်းဥပဒေ ၂၅ အရ လုပ်သက်သတ်မှတ်ချက်ကို လျှော့ပေါ့၍ ရာထူးတိုးမြှင့်ခန့်ထားရာတွင် လစ်လပ်ရာထူး၏ သုံးပုံတစ်ပုံအတွက်သာ တိုးမြှင့် ခန့်ထားရမည်။

၂၈။ ဝန်ထမ်း၏ တာဝန်ထမ်းဆောင်မှုအတွက် ချီးမြှင့်သည့်သဘောဖြင့် ရာထူးတိုးမြှင့်ပေးလို သည့်အခါ ပြည်ထောင်စုအစိုးရအဖွဲ့သည် သတ်မှတ်ထားသည့် အနည်းဆုံးလိုအပ်သော ပညာ အရည်အချင်းနှင့် ကျွမ်းကျင်မှုအရည်အချင်းတို့ကို လျှော့ပေါ့နိုင်သည်။

အခန်း (၄)
ဝန်ထမ်းများလေ့ကျင့်ခြင်း

၂၉။ အဖွဲ့သည်ဝန်ထမ်းများ လေ့ကျင့်ပျိုးထောင်ရေးဆောင်ရွက်ရာတွင် အောက်ပါအရည်အချင်းများ မြင့်မားလာစေရန် ဆောင်ရွက်ရမည်-

  • (က) ဝန်ထမ်းများသိရှိရမည့် ဥပဒေ၊နည်းဥပဒေများ၊ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံး လုပ်နည်းများကို သိရှိနားလည်မှု၊
  • ( ခ ) ရုံးလုပ်ငန်းဆိုင်ရာ စီမံခန့်ခွဲအုပ်ချုပ်မှုပညာကို ကျွမ်းကျင်တတ်မြောက်မှု၊
  • ( ဂ ) အဖွဲ့အစည်းဆိုင်ရာစီမံခန့်ခွဲအုပ်ချုပ်မှုပညာကို ကျွမ်းကျင်တတ်မြောက်မှု၊
  • (ဃ) ပြည်သူ့ရေးရာ စီမံခန့်ခွဲအုပ်ချုပ်မှုပညာကို ကျွမ်းကျင်တတ်မြောက်မှု၊
  • ( င ) ကောင်းမွန်သောအုပ်ချုပ်ရေးနှင့် ခေါင်းဆောင်မှုသဘောတရားများနားလည် တတ်မြောက်မှု၊
  • ( စ ) ပြည်တွင်း၊ ပြည်ပ နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးအခြေအနေများကို လေ့လာ ဆည်းပူးသိရှိနားလည်မှု၊
  • (ဆ) နိုင်ငံသားတစ်ဦး သိရှိနားလည်သင့်သော နိုင်ငံတော်က ထုတ်ပြန်ထားသည့် ဥပဒေ၊ အမိန့်နှင့်ညွှန်ကြားချက်များကို သိရှိနားလည်မှု၊
  • ( ဇ ) နိုင်ငံသားတစ်ဦး တတ်မြောက်သင့်သော အခြေခံစစ်ပညာကို လေ့ကျင့်တတ်ကျွမ်းမှု၊

၃၀။ အဖွဲ့သည် အောက်ပါသင်တန်းများကို ဖွင့်လှစ်ရမည်-

  • (က) အထူးမွမ်းမံသင်တန်းများ
    • (၁) တက္ကသိုလ်ကောလိပ် ဆရာ၊ ဆရာမများ အထူးမွမ်းမံသင်တန်း၊
    • (၂) အခြေခံပညာဆရာ၊ ဆရာမများ အထူးမွမ်းမံသင်တန်း၊
    • (၃) ဝန်ထမ်းအဖွဲ့အစည်းများက အခါအားလျော်စွာ အဆိုပြုလာသော အရာရှိများ အထူးမွမ်းမံသင်တန်း။
  • ( ခ ) ပုံမှန်သင်တန်းများ
    • (၁) အလယ်အလတ်အဆင့် အရာထမ်းစီမံခန့်ခွဲမှုသင်တန်း၊
    • (၂) အရာထမ်းအခြေခံသင်တန်း၊
    • (၃) အရာထမ်းလောင်းအခြေခံသင်တန်း၊
    • (၄) အရာထမ်းငယ်အခြေခံသင်တန်း၊
    • (၅) စာရေးဝန်ထမ်းကြီးကြပ်မှုတန်းမြင့်သင်တန်း၊
    • (၆) စာရေးဝန်ထမ်းအခြေခံသင်တန်း။
  • ( ဂ ) ပြည်ထောင်စုအစိုးရအဖွဲ့က အခါအားလျော်စွာ ညွှန်ကြားသောသင်တန်းများ။

my_MMMY