ပြည်ထောင်စုရာထူးဝန်အဖွဲ့

ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ၊ နည်းဥပဒေများ၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊

နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ ဝန်ထမ်းရေးရာ ကိစ္စရပ်များ


Search
Generic filters
Filter by Lawbook Names
နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ
နိုင်ငံ့ဝန်ထမ်းဥပဒေ
ပြည်ထောင်စုရာထူးဝန်အဖွဲ့နည်းဥပဒေများ
ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ
ဝန်ထမ်းရေးရာကိစ္စရပ်များ

ဤစကားလုံးများဖြင့်ရှာဖွေနိုင်သည်။ ပုဒ်မ(၁)နည်းဥပဒေ(၁)အပိုဒ်(၁)အခန်း(၁)rule(1)article(1)section(1)chapter(1)

သဘောထားမှတ်ချက်များ

၁။ပညာအရည်အချင်းသတ်မှတ်ချက်ကို လျှော့ပေါ့၍ တစ်ဆင့်မြင့်ရာထူးနေရာသို့ တိုးမြှင့်ခန့်ထား ခွင့်ကိစ္စ
သက်ဆိုင်ရာဌာနအနေဖြင့် သတ်မှတ်ရာထူးသက်ပြည့်မီသည့် ဒုတိယဦးစီးမှူးအား ပညာအရည်အချင်းသတ်မှတ်ချက်ကို လျှော့ပေါ့၍ တစ်ဆင့်မြင့်ရာထူးသို့ တိုးမြှင့် ခန့်ထားနိုင်ရေးအတွက် နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၃၇၊ နည်းဥပဒေခွဲ (ဂ) ပါ ပြဋ္ဌာန်းချက်အရ အရည်အချင်း စစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်းဆောင်ရွက်၍ ဝန်ကြီးဌာန၊ စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေးမှ သဘောတူခွင့်ပြုခဲ့ပြီးဖြစ်ပါသဖြင့် နည်းဥပဒေခွဲ (စ) ပါသတ်မှတ်ချက်များနှင့်အညီ စိစစ်၍ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၊ စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေးသို့ တင်ပြခွင့်ပြုချက် ရယူဆောင်ရွက် ရမည်ဖြစ်ပါသည်။ ၎င်းအား ပြန်တမ်းဝင်အရာရှိအဆင့်သို့ တိုးမြှင့်ခန့်ထားလိုခြင်းဖြစ်၍ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၊ စီမံခန့်ခွဲရေးကော်မတီအစည်းအဝေး၏ ခွင့်ပြုချက်ရရှိပါက ပြည်ထောင်စု ရာထူးဝန်အဖွဲ့သို့ ပြန်လည်အဆိုပြုညှိနှိုင်းရမည်ဖြစ်ပါသည်။

၂။ဦးစီးအရာရှိ (ကွန်ပျူတာ) ရာထူးသို့ ကျွမ်းကျင်မှုဆိုင်ရာ ပညာအရည်အချင်းသတ်မှတ်ချက် လျှော့ပေါ့၍ အထူးကိစ္စရပ်အနေဖြင့် တိုးမြှင့်ခန့်ထားခွင့်ကိစ္စ
နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများတွင် ထူးချွန်သည့်ဝန်ထမ်းများကို သင့်တင့်သောကာလအတွင်း တစ်ဆင့်မြင့်ရာထူးများတွင်တိုးမြှင့်ခန့်ထားခြင်းဖြင့် ထိုက်ထိုက်တန်တန် ချီးမြှင့်သည့်အနေဖြင့် လည်းကောင်း၊ ရာထူးသက်၊ လုပ်သက် သို့မဟုတ် ပညာအရည်အချင်းသတ်မှတ်ချက်နှင့်ပြည့်မီခြင်း မရှိသော်လည်း ကြိုးစားမှု၊ လေ့လာမှုထူးကဲသာလွန်သည့် ဝန်ထမ်းများကို ချီးမြှောက်နိုင်ရန်အတွက် လည်းကောင်း၊ ရာထူးသက်၊ လုပ်သက် သို့မဟုတ် ပညာအရည်အချင်းသတ်မှတ်ချက်ကို လျှော့ပေါ့၍ ရာထူးတိုးမြှင့်ခန့်ထားခွင့်ပြုခြင်းဆိုင်ရာ သတ်မှတ်ချက်များကိုသာပြဋ္ဌာန်းထားပါသည်။ ဌာနအနေဖြင့် ရာထူးအဆင့်အလိုက် အနည်းဆုံးရှိရမည့်ပညာအရည်အချင်း၊ ကျွမ်းကျင်မှုအရည်အချင်း သတ်မှတ် ချက်များကို နိုင်ငံ့ဝန်ထမ်းဥပဒေ၊ ပုဒ်မ ၂၃ နှင့် နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၃၄၊ နည်းဥပဒေခွဲ (ဃ) ပါပြဋ္ဌာန်းချက်များနှင့်အညီ ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးသို့ တင်ပြ အတည်ပြုချက် ရယူသတ်မှတ်ထားသည့်အတွက် ကျွမ်းကျင်မှုအရည်အချင်းသတ်မှတ်ချက်ကို လျှော့ပေါ့၍ တစ်ဆင့်မြင့်ရာထူးသို့ တိုးမြှင့်ခန့်ထားလိုပါက ကျွမ်းကျင်မှုအရည်အချင်းသတ်မှတ်ချက်နှင့် ကိုက်ညီမှုမရှိသော်လည်း ရုံးလုပ်ငန်းခွင်တွင် ထိထိရောက်ရောက်အကျိုးရှိရှိ ပြန်လည်အသုံးပြုနိုင် ကြောင်းတို့ကို ရှင်းလင်းဖော်ပြ၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ စီမံခန့်ခွဲရေးကော်မတီအစည်း အဝေးသို့ တင်ပြခွင့်ပြုချက်ရယူဆောင်ရွက်ရမည်ဖြစ်ပြီး ၎င်းအား ပြန်တမ်းဝင်အရာရှိအဆင့်သို့ တိုးမြှင့်ခန့်ထားလိုခြင်းဖြစ်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ စီမံခန့်ခွဲရေးကော်မတီအစည်းအဝေး၏ ခွင့်ပြုချက်ရရှိပါက ပြည်ထောင်စုရာထူးဝန်အဖွဲ့သို့ ပြန်လည်အဆိုပြုညှိနှိုင်းရမည်ဖြစ်ပါသည်။

ခွင့်ကိစ္စ

၁။ မီးဖွားခွင့်ကိစ္စ

အမျိုးသမီးဝန်ထမ်းများအနေဖြင့် မီးဖွားခွင့်ခံစားမည်ဆိုပါက သက်ဆိုင်ရာဆရာဝန်၏ ဆေးထောက်ခံစာ ပူးတွဲ၍ တင်ပြရမည်ဖြစ်ပြီး နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၇၃၊ နည်းဥပဒေခွဲ (က)နှင့် နည်းဥပဒေခွဲ (ခ) တို့ပါပြဠာန်းချက်နှင့်အညီ ခွင့်ပေးပိုင်ခွင့်ရှိသူက နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၁၀၁၊ နည်းဥပဒေခွဲ (က) ပါပြဠာန်းချက်အရ မီးဖွားခွင့် (၆) လကို ဆရာဝန်၏ဆေး ထောက်ခံစာဖြင့် ခွင့်ပြုပေးခြင်းဖြစ်၍ မီးဖွားစဉ် ကလေးအသေမွေးဖွားခြင်း သို့မဟုတ် ကလေးအရှင် မွေးသော်လည်း မီးဖွားပြီး တစ်ပတ်အတွင်း မွေးကင်းစကလေး သေဆုံးခြင်းတို့ ဖြစ်ပေါ်ခဲ့ပါက ခံစားခွင့် ပြုခဲ့သည့်မီးဖွားခွင့် (၆) လကို အပြည့်ဆက်လက်ခံစားခွင့်ပြုရမည်ဖြစ်ပါသည်။

ရာထူးအလိုက်အနည်းဆုံးရှိရမည့် ပညာအရည်အချင်း၊ ကျွမ်းကျင်မှုအရည်အချင်းသတ်မှတ်ခြင်းကိစ္စ

၁။ အနည်းဆုံးပညာအရည်အချင်းနှင့် ကျွမ်းကျင်မှုအရည်အချင်းသတ်မှတ်ခြင်း

နိုင်ငံ့ဝန်ထမ်းဥပဒေ၊ ပုဒ်မ ၂၃ တွင် “ဝန်ထမ်းကို ရာထူးတိုးမြှင့်ခန့်ထားရေးအတွက် အနည်းဆုံး လိုအပ်သောပညာအရည်အချင်း၊ ကျွမ်းကျင်မှုအရည်အချင်း၊ ရာထူးသက်နှင့်လုပ်သက်တို့သည် ဝန်ထမ်းအဖွဲ့အစည်းအလိုက် ရာထူးအမျိုးအစားကိုမူတည်၍ ပြည်ထောင်စုအစိုးရအဖွဲ့၏ အတည်ပြု ချက်ဖြင့် သတ်မှတ်ထားသည့်အတိုင်းဖြစ်သည်” ဟုလည်းကောင်း၊ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၃၄၊ နည်းဥပဒေခွဲ (ဃ) တွင် “ရာထူး၏ လုပ်ငန်းသဘာဝအလိုက် အနည်းဆုံးလိုအပ်သည့် ပညာအရည်အချင်း၊ ကျွမ်းကျင်မှုအရည်အချင်းတို့ကို သက်ဆိုင်ရာဝန်ထမ်းအဖွဲ့အစည်းသည် ယင်းတို့၏ လိုအပ်ချက်နှင့်အညီ ပြည်ထောင်စုအစိုးရအဖွဲ့၏ အတည်ပြုချက်ရယူသတ်မှတ်ရမည်” ဟု လည်းကောင်း ပြဋ္ဌာန်းထားရှိပါသည်။

ဝန်ကြီးဌာနနှင့်အဖွဲ့အစည်းများအနေဖြင့် ဖွဲ့စည်းပုံပါရာထူးအဆင့်အလိုက် အနည်းဆုံးရှိရမည့် ပညာအရည်အချင်း၊ ကျွမ်းကျင်မှုအရည်အချင်းများကို အတည်ပြုသတ်မှတ်နိုင်ရေး ပြည်ထောင်စု အစိုးရအဖွဲ့ရုံးသို့ တင်ပြသည့်အခါ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးမှ အဆိုပါသတ်မှတ်ချက်များသည် နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများနှင့် ညီညွတ်မှု ရှိ-မရှိ စိစစ်ပြန်ကြားပေးပါရန် ပြည်ထောင်စုရာထူးဝန်အဖွဲ့သို့ အကြောင်းကြားလာပါက ပြည်ထောင်စုရာထူးဝန်အဖွဲ့အနေဖြင့် သက်ဆိုင်ရာဝန်ကြီးဌာန၊ အဖွဲ့အစည်းများ၏ ပညာအရည်အချင်း၊ ကျွမ်းကျင်မှုအရည်အချင်း သတ်မှတ်ချက်များကို ပြည်ထောင်စုအစိုးရအဖွဲ့၏ ၂၀-၃-၂၀၂၀ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၃၉/၂၀၂၀) ပါ ရာထူးအခေါ်အဝေါ်များပြင်ဆင်သတ်မှတ်ခြင်းတွင် ပါဝင်ခြင်း ရှိ-မရှိ၊ နိုင်ငံ့ဝန်ထမ်း နည်းဥပဒေများ၊ နည်းဥပဒေ ၁၄ နှင့် ၁၅ တို့အရ စတင်ခန့်ရာထူးများတွင် အကျုံးဝင်ခြင်းရှိ-မရှိ၊ ကျွမ်းကျင်ဝန်ထမ်းအမျိုးအစားများအတွက် ကျွမ်းကျင်မှုသတ်မှတ်ချက် ပါ မပါ စသည်တို့ကို စိစစ်၍ တွေ့ရှိချက်များကို ပြည်ထောင်စုအစိုးရအဖွဲ့ရုံးသို့ ပြန်ကြားတင်ပြပါသည်။
အရည်အချင်းသတ်မှတ်ချက်များသည် အထက်ပါသတ်မှတ်ချက်များနှင့် ညီညွတ်မှုရှိပါက ဝန်ကြီးဌာနနှင့်အဖွဲ့အစည်းများမှသတ်မှတ်ထားသည့် ပညာအရည်အချင်း၊ ကျွမ်းကျင်မှုအရည်အချင်း များကို ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးသို့ တင်ပြအတည်ပြုချက်ရယူရန် ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးမှ သက်ဆိုင်ရာဝန်ကြီးဌာနနှင့်အဖွဲ့အစည်းများသို့ ပြန်ကြား၍ သက်ဆိုင်ရာဝန်ကြီးဌာနနှင့် အဖွဲ့အစည်းများမှ ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးသို့ တင်ပြအတည်ပြုချက်ရယူဆောင်ရွက် လျက်ရှိပါသည်။

ထို့ပြင် ဝန်ကြီးဌာနနှင့်အဖွဲ့အစည်းများက ပြည်ထောင်စုအစိုးရအဖွဲ့မှ အတည်ပြုထားသည့် အနည်းဆုံးရှိရမည့်ပညာအရည်အချင်း၊ ကျွမ်းကျင်မှုအရည်အချင်းသတ်မှတ်ချက်များကို လုပ်ငန်း လိုအပ်ချက်အရ ပြင်ဆင်သတ်မှတ်နိုင်ရေးအတွက် သဘောထားမှတ်ချက်မေးမြန်းလာပါက ပြည်ထောင်စုရာထူးဝန်အဖွဲ့အနေဖြင့် နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ ပြည်ထောင်စု အစိုးရအဖွဲ့၏ ၂၀-၃-၂၀၂၀ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၃၉/၂၀၂၀) တို့နှင့်စိစစ်၍ တွေ့ရှိချက်များကိုသက်ဆိုင်ရာဝန်ကြီးဌာနနှင့်အဖွဲ့အစည်းများသို့ပြန်ကြားပေးလျက်ရှိပါသည်။ အနည်းဆုံးရှိရမည့်ပညာအရည်အချင်း၊ ကျွမ်းကျင်မှုအရည်အချင်းသတ်မှတ်ချက်များသည် ညီညွတ်မှု ရှိပါက သက်ဆိုင်ရာဝန်ကြီးဌာနနှင့်အဖွဲ့အစည်းများမှ ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးသို့ တင်ပြ အတည်ပြုချက်ရယူရပါသည်။

 

 ပြင်ပဝန်ထမ်းစည်းကမ်းချက်ဖြင့် တာဝန်ထမ်းဆောင်ခြင်းကိစ္စ

၁။      ပြင်ပဝန်ထမ်းစည်းကမ်းချက်ဖြင့်တာဝန်ထမ်းဆောင်ခြင်း

ပြင်ပဝန်ထမ်းတာဝန်ထမ်းဆောင်ခြင်းသည် ပြည်တွင်း၌ဖြစ်စေ၊ ပြည်ပ၌ဖြစ်စေ၊ ပြင်ပ အဖွဲ့အစည်းတစ်ခုခု၌ ပြည်ထောင်စုအစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် အချိန်ပြည့်လွှဲပြောင်းတာဝန် ထမ်းဆောင်နေပြီး လစာကို သက်ဆိုင်ရာအဖွဲ့အစည်းမှ ရယူခံစားခြင်းဖြစ်ပါသည်။

နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၁၃၃ တွင် “ပြင်ပဝန်ထမ်းစည်းကမ်းချက်ဖြင့် တာဝန်ထမ်းဆောင်ခွင့်ပြုနိုင်သည့်ကာလမှာသုံးနှစ်ဖြစ်သည်။ ထပ်မံလိုအပ်ပါက နောက်ထပ်နှစ်နှစ် အထိသာခွင့်ပြုပြီး စုစုပေါင်း ငါးနှစ်ထက်မပိုစေရ။ ပြင်ပဝန်ထမ်းစည်းကမ်းချက်ဖြင့်လွှဲပြောင်း တာဝန်ထမ်းဆောင်မည့်ဝန်ထမ်းသည် လုပ်သက် ၁၀ နှစ် ပြည့်ပြီးဖြစ်ရမည့်အပြင် စေလွှတ်ချိန်၌ အသက် ၅၅ နှစ်ထက်မကြီးစေရ” ဟုလည်းကောင်း၊ နည်းဥပဒေ ၁၃၄ တွင် “ဝန်ထမ်းအဖွဲ့အစည်းများသည် ပြင်ပဝန်ထမ်းတာဝန်ထမ်းဆောင်ခွင့်ပြုရန် ထုတ်ပြန်မည့်အမိန့်ကို ရာထူးဝန်အဖွဲ့နှင့်ကြိုတင်     ညှိနှိုင်းပြီး အတည်ပြုချက်ရရှိမှသာ ထုတ်ပြန်ရမည်” ဟုလည်းကောင်းပြဋ္ဌာန်းထားရှိပါသည်။

ဝန်ကြီးဌာနနှင့်အဖွဲ့အစည်းများမှ ဝန်ထမ်းတစ်ဦးကို ပြင်ပဝန်ထမ်းစည်းကမ်းချက်ဖြင့် တာဝန်ထမ်းဆောင်ခွင့်ပြုနိုင်ရေး ပြည်ထောင်စုရာထူးဝန်အဖွဲ့သို့ သဘောထားမှတ်ချက် မေးမြန်း လာပါက တာဝန်ထမ်းဆောင်မည့်ဝန်ထမ်း၏ အချက်အလက်များကို နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၁၃၃ နှင့် ညီညွတ်မှု ရှိ-မရှိ ပထမအကြိမ်စိစစ်ပြီး ညီညွတ်မှုရှိပါက ပြည်ထောင်စုအစိုးရ အဖွဲ့၏ ခွင့်ပြုချက်ရယူနိုင်ရေးအတွက် လုပ်ထုံးလုပ်နည်းနှင့်အညီဆောင်ရွက်ပြီး ပြည်ထောင်စု အစိုးရအဖွဲ့၏ ခွင့်ပြုချက်ရရှိပါက ပြင်ပဝန်ထမ်းစည်းကမ်းချက်များဖြင့် တာဝန်ထမ်းဆောင် ခွင့်ပြုရန်ထုတ်ပြန်မည့်အမိန့်ကို အတည်ပြုချက်ရရှိရေးအတွက် နိုင်ငံ့ဝန်ထမ်းနည်းဥပဒေ ၁၃၄ ပါ ပြဠာန်းချက်နှင့်အညီ ပြည်ထောင်စုရာထူးဝန်အဖွဲ့နှင့် ထပ်မံညှိနှိုင်းဆောင်ရွက်ရမည်ဖြစ်ပါကြောင်း ပြန်ကြားပါသည်။

ဝန်ကြီးဌာနနှင့်အဖွဲ့အစည်းများမှ ထုတ်ပြန်မည့် ပြင်ပဝန်ထမ်းစည်းကမ်းချက် (မူကြမ်း) ကို အတည်ပြုနိုင်ရေး ပြည်ထောင်စုရာထူးဝန်အဖွဲ့သို့ မေးမြန်းလာပါက တိုင်းရင်းသားရေးရာ၊ ပြည်သူ့ ရေးရာစီမံခန့်ခွဲမှုနှင့်ဝန်ဆောင်မှုရေးရာကော်မတီ၏ ခွင့်ပြုချက်ရယူထားခြင်းရှိ-မရှိ စည်းကမ်းချက် (မူကြမ်း) ပါ အချက်များသည် ပြည်‌ထောင်စုရာထူးဝန်အဖွဲ့ နည်းဥပဒေများ၊ နည်းဥပဒေ ၄၄ ပါ အောက်ပါအချက်များနှင့်ညီညွတ်မှုရှိ-မရှိ  ဒုတိယအကြိမ်စိစစ်ပြီး ညီညွတ်မှုရှိပါက အတည်ပြုကြောင်း ပြန်ကြားပါသည်-

(က)    လွှဲပြောင်းတာဝန်ထမ်းဆောင်မည့် နိုင်ငံ သို့မဟုတ် အဖွဲ့အစည်းနှင့်တာဝန်တို့ကို ဖော်ပြထားခြင်းရှိ မရှိ၊

( ခ )    လွှဲပြောင်းတာဝန်ထမ်းဆောင်မည့်ကာလကို တိကျစွာဖော်ပြထားခြင်းရှိ မရှိ၊

( ဂ )    ဝန်ထမ်းသည် ပြင်ပအဖွဲ့အစည်းသို့ လွှဲပြောင်းပေးသည့်နေ့မှစ၍ မိခင်ဌာနမှ ရာထူး လစာကို ခံစားခွင့်မရှိကြောင်းဖော်ပြထားခြင်းရှိ မရှိ၊

(ဃ)    ပင်စင်ထည့်ဝင်ကြေးကို ခေါ်ယူခန့်ထားသည့် သက်ဆိုင်ရာဝန်ကြီးဌာန သို့မဟုတ် အဖွဲ့အစည်းက နိုင်ငံတော်ဘဏ္ဍာရန်ပုံငွေသို့ သတ်မှတ်ထားသောနှုန်းအတိုင်း ပေးသွင်းခြင်းမပြုပါက ဝန်ထမ်းကိုယ်တိုင်က ပေးသွင်းရမည်ကို ဖော်ပြထားခြင်းရှိ မရှိ၊

( င )    ပြင်ပဝန်ထမ်းတာဝန်ထမ်းဆောင်သည့်ကာလအတွက် ခွင့်စုဆောင်းခွင့် မပြုပါက ခွင့်လစာထည့်ဝင်ကြေးပေးသွင်းရန်မလိုကြောင်း ဖော်ပြထားခြင်း ရှိ-မရှိ၊

( စ )    ဝန်ထမ်း၏ မူလရာထူးနေရာတွင် ယာယီအစီအစဉ်ဖြင့် လူစားခန့်ထားခွင့်ရှိကြောင်း ဖော်ပြထားခြင်းရှိမရှိ၊

(ဆ)    ပြင်ပဝန်ထမ်းတာဝန်ထမ်းဆောင်ခွင့်ပြုသည့်ကာလသည် ဝန်ထမ်း၏ သက်ပြည့် အငြိမ်းစားယူရမည့် နေ့ရက်ထက်ကျော်လွန်ခြင်းရှိမရှိ။

ပြင်ပဝန်ထမ်းစည်းကမ်းချက်များဖြင့် တာဝန်ထမ်းဆောင်သည့်ကာလကို တိုးမြှင့်တာဝန် ထမ်းဆောင်စေလိုပါက  ဖော်ပြပါလုပ်ငန်းစဉ်များအတိုင်းဆောင်ရွက်ရမည်ဖြစ်ပါသည်။

ဝန်ထမ်းစည်းကမ်းထိန်းသိမ်းရေးဆိုင်ရာကိစ္စ

၁။         တရားရုံးမှ ရုံးတက်/ရုံးဆင်း ထောင်ဒဏ်() ရက်နှင့် ဒဏ်ငွေ (၃၀၀၀၀) ကျပ် ပေးဆောင်ရန် ချမှတ်ခြင်းခံရသဖြင့် လစာရပ်ဆိုင်းထားခဲ့ပြီး အဆိုပါ လစာရပ်ဆိုင်းထားခြင်းကို ပယ်ဖျက်၍ အလုပ် ပြန်လည်ဝင်ရောက်ခွင့်ပြုနိုင်ရေးကိစ္စ

             သက်ဆိုင်ရာဌာနအနေဖြင့် ဝန်ထမ်းအား ဝန်ထမ်းကျင့်ဝတ်ပျက်ယွင်းခြင်း၊ ဌာနဆိုင်ရာ စည်းကမ်းဖောက်ဖျက်ခြင်း၊ တာဝန်ပျက်ကွက်ခြင်းတို့ကြောင့်မဟုတ်ဘဲ တရားရုံး၏ ပြစ်ဒဏ်ချမှတ် ခံရခြင်းကို အကြောင်းပြု၍ လစာရပ်ဆိုင်းထားခြင်းဖြစ်ပါက ဝန်ထမ်းနစ်နာမှုမရှိစေရန် လစာရပ်ဆိုင်း ထားခြင်းကိုပယ်ဖျက်ပြီး အလုပ်ပြန်လည်ဝင်ရောက်ခွင့်ပြုနိုင်မည်ဖြစ်ပါသည်။ အကယ်၍ ဝန်ထမ်းအား တရားရုံး၏ ပြစ်ဒဏ်စီရင်ခံရသည့်အမှုကိစ္စသည် နိုင်ငံ့ဝန်ထမ်းဥပဒေ၊ ပုဒ်မ ၃၉၊ နိုင်ငံ့ဝန်ထမ်း နည်းဥပဒေများ၊ နည်းဥပဒေ ၁၆၄၊ နည်းဥပဒေ ၁၆၉၊ နည်းဥပဒေခွဲ (က) တို့ပါပြဋ္ဌာန်းချက်များအရ ကျူးလွန်သည့်ပြစ်မှုနှင့် ချမှတ်သည့်ပြစ်ဒဏ်တို့ကို ထောက်ရှု၍ ထိုဝန်ထမ်းကို စီမံခန့်ခွဲရေးဆိုင်ရာ လိုအပ်ချက်အရ ဝန်ထမ်းဆိုင်ရာပြစ်ဒဏ်ချမှတ်မည်ဆိုပါက နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နိုင်ငံ့ဝန်ထမ်း နည်းဥပဒေများပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဌာနဆိုင်ရာစစ်ဆေးမှုဖွင့်လှစ်၍ စစ်ဆေးပေါ်ပေါက် ချက်များအရ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ ပုဒ်မ ၅၃ ပါ ပြစ်ဒဏ်များအနက် ထိုက်သင့်သည့်ပြစ်ဒဏ်ကို ချမှတ်နိုင်မည်ဖြစ်ပါသည်။

၂။       ဌာနဆိုင်ရာစစ်ဆေးရေးအဖွဲ့၏ အဖွဲ့ဝင် () ဦးအနက် အဖွဲ့ဝင်()ဦးမှ လက်မှတ်ရေးထိုးတင်ပြ ခဲ့သော ဌာနဆိုင်ရာစစ်ဆေးရေးအဖွဲ့၏ အစီရင်ခံစာကို အတည်ပြု၍ /မရ ကိစ္စ

နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၂၀၃ ပါပြဋ္ဌာန်းချက်အရ ဌာနဆိုင်ရာ စစ်ဆေးရေးအဖွဲ့သည် အစီရင်ခံစာကို ပုံစံ (၉) ပါအတိုင်း ရေးသားပြီး အမှုတွဲနှင့်အတူ ဌာန ဆိုင်ရာစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းပေးသည့်အကြီးအမှူးထံ တင်ပြရမည်ဖြစ်ပါသည်။ အဆိုပါ ပုံစံ(၉)တွင် ဌာနဆိုင်ရာစစ်ဆေးရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်(၂) ဦးမှ လက်မှတ်ရေးထိုးရန်ပါရှိသည့် အတွက် ဌာနဆိုင်ရာစစ်ဆေးရေးအဖွဲ့၏ အဖွဲ့ဝင်အားလုံး လက်မှတ်ရေးထိုးမှသာလျှင် ပြည့်စုံသော အစီရင်ခံစာတစ်စောင်အဖြစ် သတ်မှတ်နိုင်မည်ဖြစ်ပါသည်။ အမှာစာနှင့်ပူးတွဲပါရှိသည့် ဌာနဆိုင်ရာ စစ်ဆေးရေးအဖွဲ့၏ အစီရင်ခံစာပါ အဖွဲ့၏ထောက်ခံချက် (သဘောထားဖော်ပြချက်) တွင် စစ်ဆေးခံ ရသည့် အရာထမ်းများအား စစ်ဆေးပေါ်ပေါက်ချက်အရ ကျူးလွန်သည့်ပြစ်မှု အတိမ်အနက်ပေါ် မူတည်၍ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများကို ရည်ညွှန်းပြီး ကျူးလွန်သည့်ပြစ်မှု အမျိုးအစားနှင့်ချမှတ်သင့်သည့်ပြစ်ဒဏ်တို့ကို ဖော်ပြထားခြင်းမရှိဘဲ ယေဘုယျသဘောသာ တင်ပြ ထားသည်ကို စိစစ်တွေ့ရှိရပါသည်။ သို့ဖြစ်ပါ၍ ဌာနဆိုင်ရာစစ်ဆေးမှုကို နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများပါ ပြဋ္ဌာန်းချက်များနှင့်အညီ ပြည့်စုံမှန်ကန်ခိုင်မာစွာ ဆောင်ရွက်နိုင်ရန် အတွက် ဌာနဆိုင်ရာစစ်ဆေးရေးအဖွဲ့ကို ပြန်လည်ဖွဲ့စည်းပြီး ယခင် ဌာနဆိုင်ရာစစ်ဆေးရေးအဖွဲ့၏ အစီရင်ခံစာကို အခြေပြု၍ စစ်ဆေးဆောင်ရွက်သင့်ပါသည်။

၃။         ဌာနဆိုင်ရာစစ်ဆေးရေးအဖွဲ့အနေဖြင့် ဝန်ထမ်းအား စစ်ဆေးမှု ပြုလုပ်နိုင်ရေးအတွက် ဝန်ထမ်းရှိရာဌာနသို့သွားရောက်စစ်ဆေးရန် အခက်အခဲကြုံတွေ့လျက်ရှိနေပါသဖြင့် အမှုစစ်ဆေးခြင်း ကို Video Conferencing System ဖြင့် ပြုလုပ်နိုင်ခြင်း ရှိ/မရှိကိစ္စ          

သက်ဆိုင်ရာဌာနအနေဖြင့် ဌာနဆိုင်ရာစစ်ဆေးမှု ဖွင့်လှစ်၍ အရေးယူခြင်းခံရသည့် ဝန်ထမ်းသည် ဒုတိယညွှန်ကြားရေးမှူးချုပ် ရာထူးဖြစ်သည့်အတွက် နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၁၉၄၊ နည်းဥပဒေခွဲ (ဂ)၊ နည်းဥပဒေခွဲငယ် (၁) ပါ ပြဋ္ဌာန်းချက်နှင့်အညီ ဌာနဆိုင်ရာ စစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်းရာ၌ ဒုတိယညွှန်ကြားရေးမှူးချုပ် (၃) ဦးဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်ပါသည်။ ဝန်ထမ်းအား စွဲချက်လွှာပေးပို့ခဲ့သော်လည်း သတ်မှတ်ထားသည့်နေ့ရက်တွင် ချေပလွှာပြန်လည် ပေးပို့လာခြင်းမရှိသည့်အတွက် နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပ ဒေ ၁၉၅၊ နည်းဥပဒေခွဲ (ည) ပါပြဋ္ဌာန်းချက်နှင့်အညီ ယင်း၏မျက်ကွယ်၌ သက်သေများကို စစ်မေးနိုင်မည် ဖြစ်ပါသည်။ နိုင်ငံ့ဝန်ထမ်းဥပဒေနှင့် နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ တွင် ရှေးဦးစုံစမ်းမှု သို့မဟုတ် ဌာနဆိုင်ရာစစ်ဆေးမှုကို Video Conferencing System ဖြင့် ဆောင်ရွက်နိုင်ကြောင်း ပြဋ္ဌာန်း ထားခြင်းမရှိသကဲ့သို့ ဆောင်ရွက်ခြင်းမပြုရဟု တားမြစ်ထားခြင်းလည်းမရှိပါ။ ဌာနအနေဖြင့် လက်ရှိအခြေအနေအရ ဌာနဆိုင်ရာစစ်ဆေးမှုကို Video Conferencing System ဖြင့် ဆောင်ရွက် လိုပါက ဌာန၏ တာဝန်ယူမှု၊ တာဝန်ခံမှုဖြင့် နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများပါ ပြဋ္ဌာန်းချက်များနှင့်အညီ ပြည့်စုံမှန်ကန်ခိုင်မာစွာ ဆောင်ရွက်သင့်ပါသည်။ အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ သဘောထားမှတ်ချက်ကိုလည်း ညှိနှိုင်း ရယူဆောင်ရွက်သင့်ပါသည်။

၄။         နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၂၀၂ ပါအောက်ဖော်ပြပါအခြေအနေမျိုးဆိုသည့် စကားရပ်သည် နည်းဥပဒေခွဲ () ခုလုံးဖြစ်စေ၊ တစ်ခုခုနှင့်ဖြစ်စေ အကျုံးဝင်သည်ဟု သုံးသပ်မှုနှင့်နည်းဥပဒေ ၁၉၄ မှ ၂၀၁ ပါ သတ်မှတ်ချက်များကို လိုက်နာခြင်းမှ ခြွင်းချက်ပြုနိုင်သည်ဆိုသည့် စကားရပ်သည် အားလုံးကို ခြွင်းချက်ပြုရန်မဟုတ်ကြောင်း သုံးသပ်ဆောင်ရွက်ချက်တို့နှင့် စပ်လျဉ်း သည့်ကိစ္စ

သက်ဆိုင်ရာဌာနအနေဖြင့် ခွင့်စည်းကမ်းများကို ဖောက်ဖျက်၍ ခွင့်မဲ့ပျက်ကွက်ခြင်း၊ ဌာန ဆိုင်ရာညွှန်ကြားချက်များကို လိုက်နာမှုမရှိဘဲ CDM (Civil Disobedience Movement) လှုပ်ရှားမှုတွင် ပါဝင်ဆောင်ရွက်ခြင်းပြုလုပ်ခဲ့သည့် ဝန်ထမ်းများအား ဌာနဆိုင်ရာအရေးယူပြီး ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားပေါ်ပေါက်ပါက ယင်းတို့၏ကျူးလွန်ဖောက်ဖျက်ခဲ့သည့် ပြစ်မှုအတိမ်အနက်ပေါ်မူတည်၍ ထိုက်သင့်သည့် ဝန်ထမ်းစည်းကမ်းဆိုင်ရာပြစ်ဒဏ်ချမှတ်နိုင်ရန် နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၁၉၂ နှင့် နည်းဥပဒေ ၁၉၃ တို့ပါ ပြဋ္ဌာန်းချက်များအရ ဌာနဆိုင်ရာစစ်ဆေးမှုကို ဖွင့်လှစ်ဆောင်ရွက်ရမည်ဖြစ်သဖြင့်လည်းကောင်း၊  နည်းဥပဒေ ၁၉၆ ပါ ပြဋ္ဌာန်းချက်အရ စွဲချက်မတင်ပါက ဌာနဆိုင်ရာစစ်ဆေးမှု ပျက်ပြယ်သဖြင့်လည်းကောင်း ဌာနဆိုင်ရာစစ်ဆေးရေး အဖွဲ့ ဖွဲ့စည်းခြင်းနှင့် စွဲချက်တင်ခြင်းတို့ကို ခြွင်းချက်ပြုရန်မသင့်ပါ။ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၂၀၂ ပါ“အောက်ဖော်ပြပါအခြေအနေမျိုး” ဆိုသည့်စကားရပ်သည် နည်းဥပဒေခွဲ (၄) ခုလုံးဖြစ်စေ၊ တစ်ခုခုနှင့်ဖြစ်စေ အကျုံးဝင်သဖြင့်လည်းကောင်း၊ “နည်းဥပဒေ ၁၉၄ မှ ၂၀၁ ပါသတ်မှတ်ချက်များကိုလိုက်နာခြင်းမှ ခြွင်းချက်ပြုနိုင်သည်” ဆိုသည့်စကားရပ်သည် အားလုံးကို ခြွင်းချက်ပြုရန် မဟုတ်သဖြင့်လည်းကောင်း သက်ဆိုင်ရာဌာန၏ သုံးသပ်ဆောင်ရွက်ချက်များသည် လျော်ကန်သင့်မြတ်မှုရှိပါသည်။ ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ သဘောထားမှတ်ချက်ကိုလည်း ညှိနှိုင်း ရယူဆောင်ရွက်သင့်ပါသည်။

ခန့်ထားရေးကိစ္စ

၁။ နေ့စားဝန်ထမ်းများအား အမြဲတမ်းဝန်ထမ်းများအဖြစ် ခန့်ထားရေးကိစ္စ

သက်ဆိုင်ရာဌာနမှ နေ့စားဝန်ထမ်း (၅၆) ဦးအား ခန့်ထားလိုသည့်အငယ်တန်းစာရေး ရာထူးသည် နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၁၅၊ နည်းဥပဒေခွဲ (ခ) အရ စာရေးဝန်ထမ်း အဆင့် (၁) ရာထူးအဆင့်ဖြစ်သဖြင့်လည်းကောင်း၊ ဒု-လက်ထောက်ကွန်ပျူတာလုပ်ဆောင်ရေးမှူး ရာထူးသည် နည်းဥပဒေ ၁၅၊ နည်းဥပဒေခွဲ(ဂ) အရ ကျွမ်းကျင်ဝန်ထမ်းအဆင့်(၂) ရာထူးအဆင့် ဖြစ်သဖြင့်လည်းကောင်း၊ ရုံးအကူ/ စာပို့နှင့်သန့်ရှင်းရေးအကူ ရာထူးများသည် နည်းဥပဒေ ၁၅၊ နည်းဥပဒေခွဲ (က) အရ အကူဝန်ထမ်းအဆင့် ရာထူးအဆင့်ဖြစ်သဖြင့်လည်းကောင်း ဝန်ကြီးဌာနများ နှင့်အဖွဲ့အစည်းများက ပြင်ပပုဂ္ဂိုလ်များအား စတင်ခန့်အပ်နိုင်သည့်ရာထူးအဆင့်များဖြစ်သဖြင့် သက်ဆိုင်ရာဌာနအနေဖြင့် နေ့စားဝန်ထမ်း (၅၆) ဦးအား နည်းဥပဒေ ၁၇ ပါ ပြဋ္ဌာန်းချက်နှင့်အညီ ခန့်ထားမည့်ရာထူးအဆင့်အတွက် သတ်မှတ်ထားသောအရည်အချင်းနှင့်ပြည့်စုံသည့် နေ့စား ဝန်ထမ်းအား ပြင်ပပုဂ္ဂိုလ်များနှင့်အတူ ယှဉ်ပြိုင်ရွေးချယ်သည့်စနစ်ဖြင့် နည်းဥပဒေများနှင့်အညီ ရွေးချယ်ခန့်ထားရမည်ဖြစ်ပြီး ပြည်ထောင်စုအစိုးရအဖွဲ့၏ ၃၀-၇-၂၀၂၀ ရက်စွဲပါအမိန့်ကြော်ငြာစာ အမှတ်၊ ၆၈/၂၀၂၀ ဖြင့် ထုတ်ပြန်ထားသည့် နိုင်ငံ့ဝန်ထမ်းခန့်ထားခြင်းဆိုင်ရာမူဝါဒများ၊ အပိုဒ် ၂၅ နှင့် အပိုဒ် ၂၉ တို့ပါ သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်ရမည်ဖြစ်ပါသည်။

my_MMMY