ပြည်ထောင်စုရာထူးဝန်အဖွဲ့

ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ၊ နည်းဥပဒေများ၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊

နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ ဝန်ထမ်းရေးရာ ကိစ္စရပ်များ


Search
Generic filters
Filter by Lawbook Names
နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ
နိုင်ငံ့ဝန်ထမ်းဥပဒေ
ပြည်ထောင်စုရာထူးဝန်အဖွဲ့နည်းဥပဒေများ
ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ
ဝန်ထမ်းရေးရာကိစ္စရပ်များ

ဤစကားလုံးများဖြင့်ရှာဖွေနိုင်သည်။ ပုဒ်မ(၁)နည်းဥပဒေ(၁)အပိုဒ်(၁)အခန်း(၁)rule(1)article(1)section(1)chapter(1)

ပြည်ထောင်စုရာထူးဝန်အဖွဲ့နည်းဥပဒေများ – Mobile

၅၁။ ပြည်ထောင်စုရာထူးဝန်အဖွဲ့နည်းဥပဒေများ (ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ အမိန့်ကြော်ငြာစာအမှတ်၁/၂၀၁၁) ကို ဤနည်းဥဒေများဖြင့် ပယ်ဖျက်လိုက်သည်။

(ပုံ) ဝင်းသိမ်း
ဥက္ကဋ္ဌ
ပြည်ထောင်စုရာထူးဝန်အဖွဲ့

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ပြည်ထောင်စုရာထူးဝန်အဖွဲ့

အမိန့်ကြော်ငြာစာအမှတ် ၁/၂၀၁၁

၁၃၇၃ ခုနှစ်၊ သီတင်းကျွတ်လဆန် ၉ ရက်

(၂၀၁၁ ခုနှစ်၊ အောက်တိုဘာလ ၆ ရက်)

ပြည်ထောင်စုရာထူးဝန်အဖွဲ့သည် ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ ပုဒ်မ ၂၇၊ ပုဒ်မခွဲ (က) အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ဤနည်းဥပဒေများကို ထုတ်ပြန်လိုက်သည်။

အခန်း(၁)
အမည်နှင့်အဓိပ္ပာယ်ဖော်ပြချက်

၁။ ဤနည်းဥပဒေများကို ပြည်ထောင်စုရာထူးဝန်အဖွဲ့နည်းဥပဒေများ ဟု ခေါ်တွင်စေရမည်။

၂။ ဤနည်းဥပဒေများတွင် ပါရှိသော စကားရပ်များသည် ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေတွင် ပါရှိသည့်အတိုင်း အဓိပ္ပာယ်သက်ရောက်စေရမည်။ ထို့ပြင် အောက်ပါစကားရပ်များသည် ဖော်ပြပါ အတိုင်း အဓိပ္ပာယ်သက်ရောက်စေရမည်-

  •  (က)    အရာထမ်း ဆိုသည်မှာ ပြန်တမ်းဝင်အရာရှိအဆင့်နှင့်အထက် ရာထူးအဆင့်ရှိ ဝန်ထမ်းများကိုဆိုသည်။
  • ( ခ )    အမှုထမ်း ဆိုသည်မှာ ပြန်တမ်းဝင်အရာရှိအဆင့်အောက် ရာထူးအဆင့်ရှိ ဝန်ထမ်းများကိုဆိုသည်။
  •  ( ဂ )    စတင်ခန့်ရာထူး ဆိုသည်မှာ ဝန်ထမ်းအဖွဲ့အစည်းအသီးသီးရှိ ဝန်ထမ်းအမျိုးအစားအလိုက် စတင်ဝင်ရောက်ရမည့် ရာထူးအဆင့်ကိုဆိုသည်။
  • (ဃ)   အလုပ်သင် ဆိုသည်မှာ ဝန်ထမ်းအဖွဲ့အစည်း၏ ဖွဲ့စည်းပုံပါ သတ်မှတ်ထားသော ရာထူးကို ကျောထောက်နောက်ခံပြု၍ လုပ်ငန်းတာဝန်နှင့် ဆိုင်သော ကျွမ်းကျင်မှု အရည်အချင်းများ ပြည့်ဝစေရန် ရည်ရွယ် ခန့်ထားခြင်း ခံရသူကို ဆိုသည်။
  • ( င )    ရာထူးသက် ဆိုသည်မှာ လက်ရှိရာထူးအဆင့်တွင် တာဝန်ထမ်းဆောင်သည့် ကာလကိုဆိုသည်။
  • ( စ )    လုပ်သက် ဆိုသည်မှာ ဝန်ထမ်းအဖွဲ့အစည်းတစ်ခုတွင် ဝန်ထမ်းအဖြစ် တာဝန် ထမ်းဆောင်ခဲ့သော ကာလကိုဆိုသည်။ ယင်းစကားရပ်တွင် အလုပ်သင်ကာလ၊ အစမ်းခန့်ကာလ၊ လစာမဲ့ခွင့်မှအပ ခွင့်ခံစားနေသောကာလ၊ တာဝန်ချိန်အဖြစ် သတ်မှတ်ခွင့်ပြုထားသော တာဝန်မှယာယီရပ်ဆိုင်းသည့်ကာလနှင့် တာဝန်ချိန် အဖြစ် သတ်မှတ်ခွင့်ပြုထားသော အခြားတာဝန်ထမ်းဆောင်သည့် ကာလများလည်း အကျုံးဝင်သည်။
  •  (ဆ)    ကူးပြောင်းချိန် ဆိုသည်မှာ ဒေသတစ်ခုမှ တစ်ခုသို့ ပြောင်းရွှေ့ရသည့် ဝန်ထမ်းကို မူလရာထူးရှိရာဒေသမှ ပြောင်းရွှေ့ရမည့်ဒေသသို့ သွားရောက်ရန် ခွင့်ပြုသည့် ကာလကိုဆိုသည်။
  • ( ဇ )    ပြင်ပဝန်ထမ်း ဆိုသည်မှာ ပြည်တွင်း၌ဖြစ်စေ၊ ပြည်ပ၌ဖြစ်စေ ပြင်ပအဖွဲ့အစည်း တစ်ခုခု၌ ပြည်ထောင်စုအစိုးရ၏ ခွင့်ပြုချက်ဖြင့် အချိန်ပြည့် လွှဲပြောင်းတာဝန် ထမ်းဆောင်နေပြီး လစာကို ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေမှအပဖြစ်သော အခြား ဘဏ္ဍာရန်ပုံငွေတစ်ရပ်ရပ်မှ ရယူခံစားနေသော ဝန်ထမ်းကိုဆိုသည်။
  • (စျ)     ပြင်ပဝန်ထမ်းစည်းကမ်းချက် ဆိုသည်မှာ ပြင်ပဝန်ထမ်းလိုက်နာရန် သက်ဆိုင်ရာ အစိုးရဌာန၊ အဖွဲ့အစည်းက ထုတ်ပြန်သည့် စည်းကမ်းများကိုဆိုသည်။

၃။ ဝန်ထမ်းအမျိုးအစားများမှာ အောက်ပါအတိုင်းဖြစ်သည်-

  • (က) စီမံခန့်ခွဲရေးဝန်ထမ်း (အုပ်ချုပ်ရေး၊ လူမှုရေး)၊
  • ( ခ ) စီမံခန့်ခွဲရေးဝန်ထမ်း (စီးပွားရေး)၊
  • ( ဂ ) ပညာရှင်ဝန်ထမ်း ၊
  • (ဃ) ကျွမ်းကျင်ဝန်ထမ်း၊
  • ( င ) စာရေးဝန်ထမ်း၊
  • ( စ ) အကူဝန်ထမ်း၊
  • (ဆ) အလုပ်သင်။

၄။ ဝန်ထမ်းများ ရွေးချယ်ခန့်ထားရာတွင် ခန့်ထားမည့် စတင်ခန့်ရာထူးအတွက် သက်ဆိုင်ရာ ဝန်ထမ်းအဖွဲ့အစည်းက သတ်မှတ်ထားသော အရည်အချင်းနှင့် ပြည့်စုံသူများအား ယှဉ်ပြိုင်ရွေးချယ် သည့်စနစ်ဖြင့် ရွေးချယ်ခန့်ထားရမည်။

၅။ အဖွဲ့က ရွေးချယ်ပေးရမည့် ရာထူးအဆင့်မှအပ အမှုထမ်းများအတွက် စတင်ခန့်ရာထူး များမှာ အောက်ပါအတိုင်းဖြစ်သည်-

  • (က) အကူဝန်ထမ်းအဆင့်(၁)၊
  • ( ခ ) ကျွမ်းကျင်ဝန်ထမ်းအဆင့်(၁)၊
  • ( ဂ ) စာရေးဝန်ထမ်းအဆင့်(၁)၊
  • (ဃ) ပညာရှင်အဆင့်(၁)၊
  • ( င ) ပညာရှင်အဆင့်(၂)၊
  • ( စ ) စီမံခန့်ခွဲရေးဝန်ထမ်း(စီးပွားရေး) အဆင့်(၁)၊
  • (ဆ) စီမံခန့်ခွဲရေးဝန်ထမ်း (အုပ်ချုပ်ရေး၊ လူမှုရေး) အဆင့် (၁)၊
  • ( ဇ ) ကျွမ်းကျင်ဝန်ထမ်းအဆင့်(၈)၊
  • (ဈ) ပညာရှင်အဆင့်(၃)။

၆။ ဝန်ထမ်းအဖွဲ့အစည်းများသည် ကျွမ်းကျင်ဝန်ထမ်း အဆင့် (၂) မှ အဆင့် (၇) အထိ ရာထူး အဆင့်များအနက် ရာထူးအဆင့်တစ်ခုခုတွင် လုပ်ငန်းသဘာဝအရဖြစ်စေ၊ ရာထူးအဆင့်အတွက် သတ်မှတ်ထားသည့် အရည်အချင်းအရဖြစ်စေ ပြင်ပမှပုဂ္ဂိုလ်အား ရွေးချယ်ခန့်အပ်ရန် လိုအပ်သည့် ကိစ္စများတွင် ခန့်အပ်လိုသည့် ကျွမ်းကျင်ဝန်ထမ်းအဆင့်ရာထူးကို ကျောထောက်နောက်ခံပြု၍ လျော်ညီသော အလုပ်သင်အဆင့်ရာထူးတွင် ဦးစွာခန့်ထားရမည်။ ထို့နောက် လုပ်ငန်းဆောင်ရွက် မှုကို ကျေနပ်မှုရှိပါက ကျောထောက်နောက်ခံပြုထားသည့် ကျွမ်းကျင်ဝန်ထမ်းအဆင့် ရာထူးတွင် ခန့်ထားရမည်။

၇။ (က) ဝန်ထမ်းအဖွဲ့အစည်းအသီးသီးတွင် ပြန်တမ်းဝင်အရာရှိအဆင့် စတင်ခန့်ရာထူးနေရာ လစ်လပ်မှုရှိသဖြင့် ပြင်ပပုဂ္ဂိုလ်အား ခန့်အပ်လိုပါက အဖွဲ့ကသာ ရွေးချယ်ပေးရ မည်။

(ခ) ထူးခြားသည့် အခြေအနေတစ်ရပ်ရပ်ကြောင့် ပြင်ပပုဂ္ဂိုလ်အား တိုက်ရိုက်ခန့်အပ်ရန် လိုအပ်လျှင် သက်ဆိုင်ရာဝန်ထမ်းအဖွဲ့အစည်းက အဖွဲ့သို့ အဆိုပြုရမည်ဖြစ်ပြီး အဖွဲ့၏ ထောက်ခံချက်နှင့်အတူ ပြည်ထောင်စုအစိုးရအဖွဲ့ထံ တင်ပြခွင့်ပြုချက် ရယူရမည်။

၈။ ဝန်ထမ်းအဖွဲ့အစည်းများသည် လစ်လပ်သော ပြန်တမ်းဝင်အရာရှိအဆင့် စတင်ခန့် ရာထူးနေရာများတွင် ပြင်ပပုဂ္ဂိုလ်အား ခန့်အပ်လိုပါက ရွေးချယ်ပေးရမည့် အရေအတွက်နှင့် သတ်မှတ်ချက်များဖော်ပြ၍ ရွေးချယ်ပေးရန် အဖွဲ့သို့ အဆိုပြုရမည်။

၉။ အဖွဲ့သည် ဝန်ထမ်းအဖွဲ့အစည်းများမှ အဆိုပြုလာသည့် အဆိုပြုချက်များကိုစိစစ်၍ သတ်မှတ်ထားသည့် အရည်အချင်းများနှင့် ပြည့်စုံသူများအား ယှဉ်ပြိုင်စနစ်ဖြင့် ရွေးချယ်နိုင်ရန် လျှောက်လွှာခေါ်ယူသည့် ကြော်ငြာကို သတင်းစာများတွင် အနည်းဆုံးတစ်ကြိမ်စီ ထည့်သွင်း ကြော်ငြာရမည်။ ထို့ပြင် အဖွဲ့ရုံးရှိ ကြော်ငြာသင်ပုန်းတွင်လည်း ကြော်ငြာစာကိုကပ်ထားရမည်။

my_MMMY