ပြည်ထောင်စုရာထူးဝန်အဖွဲ့

ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ၊ နည်းဥပဒေများ၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊

နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ ဝန်ထမ်းရေးရာ ကိစ္စရပ်များ


Search
Generic filters
Filter by Lawbook Names
နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ
နိုင်ငံ့ဝန်ထမ်းဥပဒေ
ပြည်ထောင်စုရာထူးဝန်အဖွဲ့နည်းဥပဒေများ
ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ
ဝန်ထမ်းရေးရာကိစ္စရပ်များ

ဤစကားလုံးများဖြင့်ရှာဖွေနိုင်သည်။ ပုဒ်မ(၁)နည်းဥပဒေ(၁)အပိုဒ်(၁)အခန်း(၁)rule(1)article(1)section(1)chapter(1)

နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများကို တတိယအကြိမ် ပြင်ဆင်သည့် နည်းဥပဒေများ (၂၄.၈.၂၀၂၀)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ပြည်ထောင်စုရာထူးဝန်အဖွဲ့

အမိန့်ကြော်ငြာစာအမှတ် ၈၀ /၂၀၂၀
၁၃၈၂ ခုနှစ်၊ ဝါခေါင်လဆန်း ၆ ရက်
(၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ ၂၄ ရက်)

ပြည်ထောင်စုရာထူးဝန်အဖွဲ့သည် နိုင်ငံ့ဝန်ထမ်းဥပဒေ ပုဒ်မ ၇၆၊ ပုဒ်မခွဲ (က) အရ အပ်နှင်း ထားသော လုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် အောက်ပါ နည်းဥပဒေများကို ထုတ်ပြန်လိုက်သည်။

၁။ ဤနည်းဥပဒေများကို နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများကို တတိယအကြိမ် ပြင်ဆင်သည့် နည်းဥပဒေများ ဟုခေါ်တွင်စေရမည်။

၂။ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၂ ပါ “နိုင်ငံတော်ရသုံးမှန်းခြေငွေစာရင်းမှ” ဆိုသည့် စကားရပ်ကို “နိုင်ငံတော်ဘဏ္ဍာရန်ပုံငွေမှ” ဆိုသည့် စကားရပ်ဖြင့် အစားထိုးရမည်။

၃။ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၄၊ နည်းဥပဒေခွဲ (င)ကို အောက်ပါအတိုင်း အစားထိုးရမည် –

“၄။ (င) ပြင်ပပုဂ္ဂိုလ်ဖြစ်ပါက ကျန်းမာကြောင်းဆေးလက်မှတ်နှင့် သက်ဆိုင်ရာ မြို့နယ်ရဲစခန်း၏ ပြစ်မှုကင်းရှင်းကြောင်း ထောက်ခံစာမူရင်းတို့ကို တင်ပြ နိုင်သူဖြစ်ရမည်။ မီးဖွားပြီး ရက်သတ္တပတ် ဆယ့်နှစ်ပတ်ပြည့်သည့်အခါမှသာ ခန့်ထားမည်ဖြစ်ကြောင်း အသိပေး၍ ကိုယ်ဝန်ရှိသူများကို ရွေးချယ်ထား နိုင်သည်။”

၄။ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၁၅၊ နည်းဥပဒေခွဲ (ဂ) နှင့် နည်းဥပဒေခွဲ (င) တို့ကို အောက်ပါအတိုင်း အစားထိုးရမည် –

“၁၅။( ဂ ) ကျွမ်းကျင်ဝန်ထမ်းအဆင့်(၁)၊ အဆင့်(၂) နှင့် အဆင့် (၄)၊
( င ) စီမံခန့်ခွဲရေးဝန်ထမ်း (စီးပွားရေး) အဆင့် (၁) နှင့် အဆင့် (၂)။”

၅။ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၁၆ ကိုအောက်ပါအတိုင်း အစားထိုးရမည် –

“၁၆။ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ဝန်ထမ်းအဖွဲ့အစည်းများသည် ကျွမ်းကျင်ဝန်ထမ်း အဆင့်(၃) ရာထူးအဆင့်တွင် လုပ်ငန်းသဘာဝအရဖြစ်စေ၊ ရာထူးအဆင့်အတွက် သတ်မှတ်ထားသည့် အရည်အချင်းအရဖြစ်စေ၊ ပြင်ပပုဂ္ဂိုလ်အား ရွေးချယ်ခန့်အပ်ရန် လိုအပ်သည့်ကိစ္စတွင် ခန့်အပ်လိုသည့် ကျွမ်းကျင်ဝန်ထမ်းအဆင့် (၃) ရာထူးကို ကျောထောက်နောက်ခံပြု၍ ကျွမ်းကျင်ဝန်ထမ်းအဆင့် (၂) ရာထူးတွင် အလုပ်သင် ဦးစွာခန့်ထား၍ လုပ်ငန်းဆောင်ရွက်မှုကို ကျေနပ်မှုရှိပါက ကျောထောက်နောက်ခံ ပြုထားသည့် ကျွမ်းကျင်ဝန်ထမ်းအဆင့် (၃) ရာထူးတွင် ခန့်ထားရမည်။”

၆။ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၂၀ တွင်-

(က) နည်းဥပဒေခွဲ (က) ကို အောက်ပါအတိုင်းအစားထိုးရမည်-
“(က) ကျွမ်းကျင်ဝန်ထမ်းအဆင့် (၁) နှင့် ကျွမ်းကျင်ဝန်ထမ်းအဆင့် (၂) ရာထူး များလစ်လပ်မှုရှိသဖြင့် ပြင်ပမှပုဂ္ဂိုလ်များကို ခေါ်ယူရွေးချယ်ခန့်အပ်ရန် ရှိလျှင် နည်းဥပဒေ ၁၉၊ နည်းဥပဒေခွဲ (က) တွင် ဖော်ပြထားသည့် ရာထူးများကို ရွေးချယ်ခန့်အပ်သည့် နည်းလမ်းများအတိုင်း စီစဉ်ဆောင်ရွက်ရမည်။”

(ခ) နည်းဥပဒေခွဲ (ခ) တွင် ပါရှိသော “ကျွမ်းကျင်ဝန်ထမ်းအဆင့်ရာထူးများ” ဆိုသည့် စကားရပ်ကို “ကျွမ်းကျင်ဝန်ထမ်းအဆင့်(၃)ရာထူး” ဆိုသည့်စကားရပ်ဖြင့် အစားထိုး ရမည်။

(ဂ) နည်းဥပဒေခွဲ (ဃ) တွင် ပါရှိသော “ကျွမ်းကျင်ဝန်ထမ်းအဆင့် (၄)” ဆိုသည့် စကားရပ်ရှေ့တွင် “ကျွမ်းကျင်ဝန်ထမ်းအဆင့် (၂) နှင့်” ဆိုသည့် စကားရပ်ကို ဖြည့်စွက်ရမည်။

(ဃ) နည်းဥပဒေခွဲ (င)၊ နည်းဥပဒေခွဲငယ် (၁၀) တွင်ပါရှိသော “နှင့် ကျွမ်းကျင်ဝန်ထမ်း အဆင့် (၄)” ဆိုသည့် စကားရပ်ရှေ့တွင် “၊ ကျွမ်းကျင်ဝန်ထမ်းအဆင့် (၂)” ဆိုသည့် စကားရပ်ကို ဖြည့်စွက်ရမည်။

၇။ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၂၁၊ နည်းဥပဒေခွဲ (က) တွင် ပါရှိသော “ပညာရှင်အဆင့် (၁)” ဆိုသည့် စကားရပ်နောက်တွင် “နှင့်အဆင့် (၂)” ဆိုသည့် စကားရပ်ကို ဖြည့်စွက်ရမည်။

၈။ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၂၂၊ နည်းဥပဒေခွဲ (က) တွင်ပါရှိသော “စီမံ ခန့်ခွဲရေးဝန်ထမ်း (စီးပွားရေး) အဆင့် (၁)” ဆိုသည့် စကားရပ်နောက်တွင် “၊ အဆင့် (၂)” ဆိုသည့် စကားရပ်ကို ဖြည့်စွက်ရမည်။

၉။ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၃၄၊ နည်းဥပဒေခွဲ (င) တွင် ပါရှိသော “ဝန်ထမ်းတစ်ဦးကို ဌာနဆိုင်ရာစုံစမ်းစစ်ဆေးမှု ပြုလုပ်နေစဉ်ကာလအတွင်း” ဆိုသည့် စကားရပ် နောက်တွင် “သို့မဟုတ် လက်ရှိရာထူးတွင် ဝန်ထမ်းစည်းကမ်းဆိုင်ရာပြစ်ဒဏ်တစ်ခုခု ကျခံနေရစဉ် ကာလအတွင်း” ဆိုသည့်စကားရပ်ကို ဖြည့်စွက်ရမည်။

၁၀။ (က) နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၃၇ အထက်ရှိ ခေါင်းစဉ်ကို အောက်ပါ အတိုင်း အစားထိုးရမည်-
ဝန်ထမ်းများအား ရာထူးသက်၊ လုပ်သက် သို့မဟုတ် ပညာအရည်အချင်းသတ်မှတ် ချက်ကို လျှော့ပေါ့၍ ရာထူးတိုးမြှင့်ခန့်ထားခွင့်ပြုခြင်း

(ခ) နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၃၇ ကို အောက်ပါအတိုင်း အစားထိုး ရမည်-
“၃၇။ ထူးချွန်သည့်ဝန်ထမ်းများကို သင့်တင့်သောကာလအတွင်း တစ်ဆင့်မြင့် ရာထူးများတွင် တိုးမြှင့်ခန့်ထားခြင်းဖြင့် ထိုက်ထိုက်တန်တန် ချီးမြှင့်သည့်အနေဖြင့် လည်းကောင်း၊ ရာထူးသက်၊ လုပ်သက် သို့မဟုတ် ပညာအရည်အချင်းသတ်မှတ်ချက် နှင့် ပြည့်မီခြင်း မရှိသော်လည်း ကြိုးစားမှု၊ လေ့လာမှု ထူးကဲသာလွန်သည့်ဝန်ထမ်း များကို ချီးမြှောက်နိုင်ရန်အတွက်လည်းကောင်း သက်ဆိုင်ရာ ဝန်ကြီးဌာနနှင့် ဝန်ထမ်းအဖွဲ့အစည်းများသည် –

  • (က) ဖွဲ့စည်းပုံပါလစ်လပ်သည့် ရာထူးနေရာများသို့ တိုးမြှင့်ပေးရေးအတွက် ဆောင်ရွက်ရာတွင် သာမန်အားဖြင့် လိုအပ်သော အရည်အချင်း များနှင့် ပြည့်စုံသည့်ဝန်ထမ်းများကို လစ်လပ်ရာထူးဦးရေ၏ သုံးပုံ နှစ်ပုံထိ အနည်းဆုံး ရှိရမည့် ရာထူးသက်၊ လုပ်သက်သတ်မှတ်ချက် ပြည့်မီမှသာ ရာထူးတိုးမြှင့်ပေးရေးအတွက် စဉ်းစားရမည်။ ကျန် လစ်လပ်ရာထူးသုံးပုံတစ်ပုံကိုမူ သက်ဆိုင်ရာ ဝန်ထမ်းအဖွဲ့အစည်းက သင့်လျော်သည်ဟုယူဆလျှင် လက်ရှိအဆင့်တွင် အနည်းဆုံးရှိရမည့် ရာထူးသက်၊ လုပ်သက်ကို လျှော့ပေါ့၍ အထူးကိစ္စရပ်အနေဖြင့် ရာထူးတိုးမြှင့် ခန့်ထားနိုင်သည်။
  • (ခ) ရာထူးသက်၊ လုပ်သက်သတ်မှတ်ချက်ကို လျှော့ပေါ့၍ ရာထူးတိုးမြှင့် ခန့်ထားရေးအတွက် ဆောင်ရွက်ရာတွင် အဓိကအားဖြင့် အောက်ပါ အချက်များကို ထည့်သွင်းစဉ်းစားရန်ဖြစ်သည်-
    • (၁) လုပ်ငန်းကျွမ်းကျင်မှုရှိပြီးအထူးကြိုးစားထမ်းဆောင်ခြင်း၊
    • (၂) အထက်အရာရှိနှင့် လုပ်ဖော်ကိုင်ဖက်များအပေါ်သစ္စာရှိခြင်း၊
    • (၃) စိတ်ဓာတ်ကောင်းမွန်ခြင်းနှင့် နိုင်ငံတော်နှင့် ဌာနအကျိုးစီးပွား အတွက် မွန်မြတ်သောစေတနာထားရှိခြင်း၊
    • (၄) တီထွင်ကြံဆလုပ်ကိုင်တတ်ခြင်း၊
    • (၅) ပညာအရည်အချင်း၊ကျွမ်းကျင်မှုအရည်အချင်းထူးကဲသာလွန်ခြင်း၊
    • (၆) ခေါင်းဆောင်မှုကောင်းခြင်း၊
    • (၇) အကျင့်စာရိတ္တကောင်းမွန်ခြင်း။
  • (ဂ) ဝန်ထမ်းများအားရာထူးသက်၊ လုပ်သက် သို့မဟုတ် ပညာအရည်အချင်း သတ်မှတ်ချက်ကို လျှော့ပေါ့၍ ရာထူးတိုးမြှင့်ခန့်ထားရေးအတွက် သက်ဆိုင်ရာ ဝန်ထမ်းအဖွဲ့အစည်းအလိုက် “အရည်အချင်းစစ်ဆေး ရေးအဖွဲ့” များ ဖွဲ့စည်းပြီး နည်းဥပဒေခွဲ (ခ) နှင့် နည်းဥပဒေခွဲ (စ) တို့ပါ သတ်မှတ်ချက်များနှင့်အညီ စိစစ်ဆောင်ရွက်ရမည်။
  • (ဃ) အရည်အချင်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးရွေးချယ်သည့် ဝန်ထမ်းများ အား ရာထူးသက်၊ လုပ်သက် သို့မဟုတ် ပညာအရည်အချင်း သတ်မှတ်ချက်ကို လျှော့ပေါ့၍ ရာထူးတိုးမြှင့်ခန့်ထားခွင့်ရရှိရေး အတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနနှင့်အဖွဲ့အစည်းအကြီးအမှူးထံ တင်ပြပြီး သဘောတူညီချက် ရယူဆောင်ရွက်ရမည်။
  • (င) ပြန်တမ်းဝင်အရာရှိအဆင့်သို့ ရာထူးသက်၊ လုပ်သက်သတ်မှတ်ချက်ကို လျှော့ပေါ့၍ တိုးမြှင့်ခန့်ထားရာတွင် လက်ရှိရာထူးလုပ်သက် အနည်းဆုံး တစ်နှစ်ရှိသူ သို့မဟုတ် သတ်မှတ်ထားသည့် လက်ရှိ ရာထူးသက်ပြည့်မီရန် ခြောက်လအလိုကာလအတွင်းရှိသူကိုသာ စဉ်းစား ရမည်ဖြစ်ပြီး ရာထူးဝန်အဖွဲ့သို့ အဆိုပြုညှိနှိုင်း၍ သဘောတူညီချက်ကို ရယူရမည်။
  • (စ) ပညာအရည်အချင်းကို လျှော့ပေါ့၍ ရာထူးတိုးမြှင့်ပေးလိုပါက အောက်ပါအချက်များကို ထည့်သွင်းစဉ်းစားပြီး ပြည်ထောင်စု အစိုးရအဖွဲ့သို့ တင်ပြခွင့်ပြုချက် ရယူဆောင်ရွက်ရမည်။ သို့ရာတွင် သတ်မှတ်ရာထူးသက်၊ လုပ်သက်ပြည့်မီရမည်။ ပြန်တမ်းဝင် အရာရှိအဆင့်သို့ တိုးမြှင့်ခန့်ထားလိုခြင်းဖြစ်ပါက ပြည်ထောင်စု အစိုးရအဖွဲ့၏ ခွင့်ပြုချက်ပူးတွဲ၍ ပြည်ထောင်စုရာထူးဝန်အဖွဲ့သို့ ဆက်လက် အဆိုပြုညှိနှိုင်းရမည်-
    • (၁) လုပ်ငန်းကျွမ်းကျင်မှုရှိပြီးအထူးကြိုးစားထမ်းဆောင်ခြင်း၊
    • (၂) အထက်အရာရှိနှင့် လုပ်ဖော်ကိုင်ဖက်များအပေါ်သစ္စာရှိခြင်း၊
    • (၃) စိတ်ဓာတ်ကောင်းမွန်ခြင်းနှင့် နိုင်ငံတော်နှင့် ဌာနအကျိုးစီးပွား အတွက် မွန်မြတ်သောစေတနာထားရှိခြင်း၊
    • (၄) တီထွင်ကြံဆလုပ်ကိုင်တတ်ခြင်း၊
    • (၅) ကျွမ်းကျင်မှုအရည်အချင်းထူးကဲသာလွန်ခြင်း၊
    • (၆) ခေါင်းဆောင်မှုကောင်းခြင်း၊
    • (၇) အကျင့်စာရိတ္တကောင်းမွန်ခြင်း။”

my_MMMY