ပြည်ထောင်စုရာထူးဝန်အဖွဲ့

ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ၊ နည်းဥပဒေများ၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊

နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ ဝန်ထမ်းရေးရာ ကိစ္စရပ်များ


Search
Generic filters
Filter by Lawbook Names
နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ
နိုင်ငံ့ဝန်ထမ်းဥပဒေ
ပြည်ထောင်စုရာထူးဝန်အဖွဲ့နည်းဥပဒေများ
ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ
ဝန်ထမ်းရေးရာကိစ္စရပ်များ

ဤစကားလုံးများဖြင့်ရှာဖွေနိုင်သည်။ ပုဒ်မ(၁)နည်းဥပဒေ(၁)အပိုဒ်(၁)အခန်း(၁)rule(1)article(1)section(1)chapter(1)

နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ (မူလပြဋ္ဌာန်းချက်)

၄၁။ တန်းစီဇယားသက်တမ်းကာလအတွင်း ဝန်ထမ်းပြစ်ဒဏ်တစ်မျိုးမျိုး ချမှတ်ခြင်းခံရသည့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာစစ်ဆေးမှုခံရသည့် ဝန်ထမ်းများ၊ တာဝန်မှယာယီရပ်ဆိုင်းခြင်းခံရသည့် ဝန်ထမ်းများ၊ ဥပဒေကြောင်းအရ အရေးယူခံရသည့် သို့မဟုတ် စစ်ဆေးခံရဆဲ ဝန်ထမ်းများကို အရည်အချင်းစစ်ဆေးရေးအဖွဲ့၏ တန်းစီဇယားတွင်ချန်လှပ်ပြီး ယင်းအောက်ရှိဝန်ထမ်းအား ရာထူး တိုးမြှင့်ပေးရမည်။

၄၂။ အရည်အချင်းစစ်ဆေးရေးအဖွဲ့ကရေးဆွဲသော တန်းစီဇယား၏သက်တမ်းသည် အရည် အချင်းစစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်းပေးသည့် တာဝန်ရှိသူက လက်မှတ်ရေးထိုး အတည်ပြုပြီးသည့် နေ့မှစ၍ နှစ် နှစ် အထိဖြစ်သည်။ ယင်းတန်းစီဇယား နှစ် နှစ်မပြည့်မီ ဝန်ထမ်းများ ရာထူးတိုးမြှင့် ပေးရန် မကျန်တော့သည့်အခါတွင် တန်းစီဇယားအသစ်ထပ်မံရေးဆွဲရန် ရာထူးတိုးမြှင့်ခြင်းဆိုင်ရာ နည်းဥပဒေများနှင့်အညီ ဆောင်ရွက်ရမည်။

ရာထူးတိုးမြှင့်ခံစားခွင့်မရှိသည့် အခြေအနေများ

၄၃။ ဝန်ထမ်းတစ်ဦးသည် ရာထူးတိုးမြှင့်ပေးရန် သတ်မှတ်ထားသောအရည်အချင်းများ ပြည့်စုံ စေကာမူ အောက်ပါအချက်တစ်ရပ်ရပ်ပေါ်ပေါက်ပါက ယင်းဝန်ထမ်းအားရာထူးတိုးမြှင့်မပေးရ –

  • (က) စာဖြင့်သတိပေးခြင်းခံရသူအား သတိပေးခြင်းခံရသည့်နေ့မှ ခြောက်လအတွင်း၊
  • ( ခ ) နှစ်တိုးလစာရပ်ဆိုင်းခြင်းပြစ်ဒဏ်ခံရလျှင် ယင်းသို့ နှစ်တိုးလစာရပ်ဆိုင်းသည့် ကာလအတွင်း၊
  • ( ဂ ) တာဝန်ထမ်းဆောင်ရာတွင် ပေါ့လျော့မှုကြောင့်ဖြစ်စေ၊ ကျွမ်းကျင်မှုမရှိ၍ဖြစ်စေ၊ ပျက်စီးဆုံးရှုံးမှုအတွက် ဆုံးရှုံးမှုတန်ဖိုးအပြည့်အဝကိုသော်လည်းကောင်း၊ တစ်စိတ် တစ်ဒေသကိုသော်လည်းကောင်း ပေးလျော်ရသောကိစ္စမျိုးတွင် ဆုံးရှုံးမှုတန်ဖိုးကို ပြန်လည်ပေးလျော်စေရန် အမိန့်ချမှတ်သည့်နေ့မှစ၍ တစ်နှစ် သို့မဟုတ် အကျေ ပေးလျော်ပြီးသည့်နေ့ ထိုနေ့နှစ်ခုတို့အနက် စောရာနေ့အထိ၊
  • (ဃ) ကိုယ်ကျင့်တရားပျက်ပြားမှုနှင့်အကျုံးဝင်သောပြစ်မှုဖြင့် တရားရုံး၏ပြစ်မှုထင်ရှား စီရင်ခြင်းခံရသော်လည်း လက်ရှိရာထူးတွင်ဆက်လက်တည်ရှိနေသည့်အခါ ယင်းသို့ ပြစ်ဒဏ်စီရင်ခြင်းခံရသည့်နေ့မှ တစ်နှစ်အတွင်း၊
  • ( င ) ချိန်နှုန်းလစာတစ်ခုအတွင်း လစာအဆင့်လျှော့ချခြင်းခံရလျှင် မူလ လစာအဆင့်သို့ ပြန်လည်မရောက်မချင်း၊
  • ( စ ) ရှေးဦးစုံစမ်းခြင်း၊ ဌာနဆိုင်ရာစစ်ဆေးခြင်းခံနေရစဉ်အတွင်း၊
  • (ဆ) အပြစ်ကြောင့် ရာထူးလျှော့ချခြင်းခံရပါက ယင်းရာထူးလျှော့ချသည့်အမိန့်ပါ သတ်မှတ်ကာလအတွင်း၊
  • ( ဇ ) ရာထူးတစ်ခုတွင် အစမ်းခန့်ထားခြင်းခံရစဉ်ကာလအတွင်း၊
  • ( ဈ ) တာဝန်မှယာယီရပ်ဆိုင်းထားခြင်းခံရစဉ်ကာလအတွင်း။

၄၄။ ဝန်ထမ်းဆိုင်ရာ ပြစ်ဒဏ်တစ်ခုခုကျခံနေရစဉ် ကာလအတွင်း ရာထူးတိုးမြှင့်မပေးရ။ သို့ရာတွင် အဆိုပါပြစ်ဒဏ်မှလွတ်မြောက်ချိန်တွင် တန်းစီဇယားသက်တမ်းမပြည့်မီ လစ်လပ်နေရာ ရှိပါက ရာထူးတိုးမြှင့်ပေးရမည်။ တန်းစီဇယားသက်တမ်းကုန်မှ ပြစ်ဒဏ်လွတ်မြောက်ပါက အရည်အချင်းစစ်ဆေးခြင်းကို ထပ်မံဖြေဆိုစေရမည်။

၄၅။ ဝန်ထမ်းတစ်ဦးကို သက်ဆိုင်သည့် ရာထူးအဆင့်အမျိုးအစားအတွင်း သာမန်အားဖြင့် အဆင့်မကျော်ဘဲ တစ်ဆင့်စီသာ ရာထူးတိုးမြှင့်ပေးရမည်။ သို့ရာတွင် ဝန်ထမ်းအဖွဲ့အစည်းများက ပြင်ပမှပုဂ္ဂိုလ်များအား တိုက်ရိုက်ရွေးချယ် ခန့်အပ်ရန် သတ်မှတ်ထားသော ရာထူးအဆင့်မဟုတ်ဘဲ လုပ်ငန်းသဘာဝအရဖြစ်စေ၊ ရာထူးအဆင့်အတွက် သတ်မှတ်ထားသည့် အရည်အချင်းအရဖြစ်စေ ပြင်ပပုဂ္ဂိုလ်အား ခေါ်ယူခန့်ထားရမည့်ကိစ္စများ၌ တိုက်ရိုက်ရွေးချယ်ခန့်အပ်ရန် သတ်မှတ်ထားသည့် ရာထူးအဆင့်တွင် ဦးစွာခန့်ထားပြီးနောက် လုပ်ငန်းဆောင်ရွက်မှုကျေနပ်ပါက ယင်းပုဂ္ဂိုလ်နှင့် ထိုက်တန်သည့် ရာထူးအဆင့်သို့ တစ်နှစ်အတွင်း ရာထူးတိုးမြှင့်ပေးခွင့်ရှိသည်။ ပြန်တမ်းဝင်အရာရှိ ဖြစ်ပါက နည်းဥပဒေ ၁၄ (ခ) အရ ရာထူးဝန်အဖွဲ့သို့ အဆိုပြုညှိနှိုင်း၍ သဘောတူညီချက် ရယူ ရမည်။

ချိန်နှုန်းလစာ (၁၆ဝဝဝဝိ-၂ဝဝဝိ-၁၇ဝဝဝဝိ) အဆင့်မှ ချိန်နှုန်းလစာ (၁၈ဝဝဝဝိ-၂ဝဝဝိ-၁၉ဝဝဝဝိ) အဆင့်သို့ ယင်းမှချိန်နှုန်းလစာ (၂၀ဝဝဝဝိ-၂ဝဝဝိ-၂၁ဝဝဝဝိ) အဆင့်သို့ ရာထူးတိုးမြှင့်ရေးကိစ္စများ

၄၆။ နိုင်ငံတော်သမ္မတက တိုက်ရိုက်ခန့်အပ်သော ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူး ရာထူးမှ တစ်ပါး လစာနှုန်း (၁၆ဝဝဝဝိ-၂ဝဝဝိ-၁၇ဝဝဝဝိ) ရာထူးမှ ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူး ရာထူး၏အောက် တစ်ဆင့်နိမ့်ရာထူးအဆင့်အထိ ရာထူးတိုးမြှင့်ခန့်ထားရန်ကိစ္စများတွင် ဝန်ထမ်း အဖွဲ့အစည်းအသီးသီးနှင့် သက်ဆိုင်သည့်ရာထူးများအတွက် –

  • (က) ရာထူးတိုးမြှင့်ရေး အရည်အချင်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းပြီး ဆောင်ရွက်ရမည်။
  • ( ခ ) အကဲဖြတ်မှတ်တမ်းနှင့်ကိုယ်ရေးမှတ်တမ်းတို့ဖြင့် စိစစ်ရွေးချယ်ရမည်။
  • ( ဂ ) ချိန်နှုန်းလစာ (၁၆ဝဝဝဝိ-၂ဝဝဝိ-၁၇ဝဝဝဝိ) အဆင့်မှ (၁၈ဝဝဝဝိ-၂ဝဝဝိ-၁၉ဝဝဝဝိ) အဆင့်သို့ရာထူးတိုးမြှင့်ရန်အတွက် အကဲဖြတ်မှတ်တမ်းကို သက်ဆိုင်ရာဝန်ထမ်း အဖွဲ့အစည်း၏ ချိန်နှုန်းလစာ (၂၀ဝဝဝဝိ-၂ဝဝဝိ-၂၁ဝဝဝဝိ) အဆင့် အရာရှိက ကနဦးမှတ်တမ်းရေးပြီး ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးက ထပ်ဆင့်ရေးသားရမည်။
  • (ဃ) ဖွဲ့စည်းပုံအရ သက်ဆိုင်ရာဝန်ထမ်းအဖွဲ့အစည်းတွင် ချိန်နှုန်းလစာ (၂၀ဝဝဝဝိ- ၂ဝဝဝိ-၂၁ဝဝဝဝိ) အဆင့်အရာရှိ မရှိပါက စီမံခန့်ခွဲရေးဌာနကို တာဝန်ယူရသော ချိန်နှုန်းလစာ (၁၈ဝဝဝဝိ-၂ဝဝဝိ-၁၉ဝဝဝဝိ) အရာရှိကဦးဆောင်၍ အခြားရာထူး အဆင့်တူ အရာရှိများပါဝင်သောအဖွဲ့က ကနဦးအကဲဖြတ်မှတ်တမ်းရေးပြီး ဝန်ထမ်း အဖွဲ့အစည်းအကြီးအမှူးက ထပ်ဆင့်ရေးရမည်။
  • ( င ) ချိန်နှုန်းလစာ (၁၈ဝဝဝဝိ-၂ဝဝဝိ-၁၉ဝဝဝဝိ) အဆင့်မှ (၂၀ဝဝဝဝိ-၂ဝဝဝိ-၂၁ဝဝဝဝိ) အဆင့်ထိ ရာထူးတိုးမြှင့်ရန်အတွက် အကဲဖြတ်မှတ်တမ်းကို ဝန်ထမ်းအဖွဲ့အစည်း အကြီးအမှူးကရေးပြီး ယင်း၏အထက်အဆင့်အကြီးအမှူးထံ တင်ပြအတည်ပြုချက် ရယူရမည်။

၄၇။ နည်းဥပဒေ ၄၆ ပါရာထူးများအတွက် အကဲဖြတ်မှတ်တမ်းရေးရာတွင် အောက်ပါ အရည်အချင်း များအလိုက် သတ်မှတ်ထားသောအမှတ်များပေးရမည် –

  • (က) ခေါင်းဆောင်မှုပေးနိုင်ခြင်း ၂၀ မှတ်
  • ( ခ ) ယုံကြည်စိတ်ချရခြင်း ၂၀ မှတ်
  • ( ဂ ) လုပ်ငန်းကျွမ်းကျင်မှုရှိခြင်း ၂၀ မှတ်
  • (ဃ) တာဝန်ကိုလိုလားစွာထမ်းဆောင်ခြင်း ၂၀ မှတ်
  • ( င ) ဆက်ဆံရေးပြေပြစ်ခြင်း ၂၀ မှတ်
  • ( စ ) အကဲဖြတ်အမှတ်ပေးရာတွင် –
    • (၁) သာမန်အောက်၊ သာမန်၊ သာမန်အထက်၊ ထူးချွန်အဆင့် လေးဆင့်ခွဲခြား ဖော်ပြရမည်။
    • (၂) သာမန်အောက်အဆင့်အတွက် ၇ မှတ်အထိ၊ သာမန်အဆင့် အတွက် ၈ မှတ်မှ ၁၀ မှတ်အထိ၊ သာမန်အထက်အဆင့် အတွက် ၁၁ မှတ်မှ ၁၅ မှတ်အထိ၊ ထူးချွန်အဆင့်အတွက် ၁၆ မှတ်မှ ၂၀ မှတ်ထိပေးရမည်။
    • (၃) သာမန်အောက်နှင့် ထူးချွန်အဆင့်များအတွက် အကဲဖြတ်မှတ်တမ်းတွင် အကျိုးအကြောင်းကို အကျဉ်းချုပ်ဖော်ပြရမည်။
    • (၄) ရာထူးတိုးမြှင့်ပေးမည့် ဝန်ထမ်းအတွက် ကိုယ်ရေးမှတ်တမ်း ဖြည့်စွက်ရန်ပုံစံကို ပုံစံ (၂) ဖြင့်ဖော်ပြထားပါသည်။

အထူးကိစ္စရပ်အနေဖြင့် ရာထူးတိုးမြှင့်ခန့်ထားခြင်း

၄၈။ ဝန်ထမ်းတစ်ဦး၏ လုပ်ရည်ကိုင်ရည်၊ အရည်အသွေး၊ စွမ်းဆောင်ရည်များသည် လွန်စွာ ထူးခြားပြောင်မြောက်သည့် အခြေအနေတွင်ရှိခြင်း၊ အခြားဝန်ထမ်းများထက် ထူးကဲသာလွန်ခြင်း၊ စိတ်ချယုံကြည်စွာ တာဝန်လွှဲအပ်ဆောင်ရွက်နိုင်စွမ်းရှိခြင်း စသည့်ထူးခြားသောအခြေအနေများ ကြောင့် ချီးမြှင့်လိုပါက သက်ဆိုင်ရာဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးသည် သင့်လျော်သလို မိမိအခွင့် အာဏာဖြင့် ရာထူးတိုးမြှင့်ပေးနိုင်သည်။ သို့ရာတွင် ရာထူးဝန်အဖွဲ့၏ သဘောတူညီချက်ဖြင့်သာ ခန့်ထားရမည့် ပြန်တမ်းဝင်အရာရှိအဆင့်ရာထူးဖြစ်ပါက ရာထူးဝန်အဖွဲ့သို့ အဆိုပြုညှိနှိုင်း၍ ဆောင်ရွက်ရမည်။

လစ်လပ်သောရာထူးကို ကျောထောက်နောက်ခံပြု၍ ယင်းအောက်တစ်ဆင့်နိမ့်သောရာထူးတွင် ခန့်ထားခြင်း

၄၉။ ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းအကြီးအမှူးသည် ဝန်ထမ်းအဖွဲ့အစည်း၏ လိုအပ်ချက်အရ ဖွဲ့စည်းပုံအင်အားအတွင်း လစ်လပ်လျက်ရှိသော ရာထူးတစ်နေရာကို ကျောထောက်နောက်ခံပြု၍ ယင်းအောက်တစ်ဆင့်နိမ့်သော ရာထူးတစ်နေရာတွင် ဌာနတွင်းမှဝန်ထမ်းများကို ခန့်ထားခြင်း၊ ရာထူးတိုးမြှင့်ခြင်း၊ ပြောင်းရွှေ့ခြင်းဖြင့် ခန့်ထားနိုင်သည်။

၅၀။ နည်းဥပဒေ ၄၉ အရ ခန့်ထားရာတွင် –

  • (က) သတ်မှတ်ခွင့်ပြုထားသည့် ဝန်ထမ်းဖွဲ့စည်းပုံအင်အားအတွင်း ဖြစ်ရမည်။
  • ( ခ ) ရာထူးတိုးမြှင့်ပေးနိုင်မည့် သတ်မှတ်ထားသည့် အရည်အချင်းများနှင့်လည်း ကိုက်ညီ ရမည်။

my_MMMY