ပြည်ထောင်စုရာထူးဝန်အဖွဲ့

ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ၊ နည်းဥပဒေများ၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊

နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ ဝန်ထမ်းရေးရာ ကိစ္စရပ်များ


Search
Generic filters
Filter by Lawbook Names
နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ
နိုင်ငံ့ဝန်ထမ်းဥပဒေ
ပြည်ထောင်စုရာထူးဝန်အဖွဲ့နည်းဥပဒေများ
ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ
ဝန်ထမ်းရေးရာကိစ္စရပ်များ

ဤစကားလုံးများဖြင့်ရှာဖွေနိုင်သည်။ ပုဒ်မ(၁)နည်းဥပဒေ(၁)အပိုဒ်(၁)အခန်း(၁)rule(1)article(1)section(1)chapter(1)

နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ (မူလပြဋ္ဌာန်းချက်)

၂၅၁။     ရာထူးမှနုတ်ထွက်သည့်ဝန်ထမ်း သို့မဟုတ် ဝန်ထမ်းအဖြစ်မှထုတ်ပစ်ခြင်း သို့မဟုတ် ရာထူးမှထုတ်ပယ်ခြင်းခံရသည့် ဝန်ထမ်းသည်တာဝန်ထမ်းဆောင်ခဲ့သည့် လုပ်သက်အတွက် ပင်စင် လစာကိုဖြစ်စေ၊ လုပ်သက်ဆုငွေကိုဖြစ်စေ ခံစားခွင့်မရှိ။

၂၅၂။      အငြိမ်းစားဝန်ထမ်းများနှင့်စပ်လျဉ်း၍ –

  • (က)    ဝန်ထမ်းအဖြစ်မှအငြိမ်းစားယူသည့်အခါ ပုံမှန်အားဖြင့် နည်းဥပဒေ ၂၄၆ တွင် ပါရှိသည့်အတိုင်း ခံစားခွင့်ရှိသည်။ အကယ်၍အငြိမ်းစားယူသည့် ဝန်ထမ်း၏ လုပ်သက်သည် ကျေနပ်ဖွယ်မရှိကြောင်း ခိုင်လုံသည့်အထောက်အထားများရှိပါက ဝန်ထမ်းကိုအငြိမ်းစားယူခွင့်ပြုနိုင်သူသည် ပင်စင်ခွင့်မပြုမီ ယင်းဝန်ထမ်းခံစားခွင့် ရှိသော ပင်စင်အနက်မှ သင့်လျော်မည်ဟု ယူဆသည့် ငွေအတိုင်းအတာကို လျှော့၍ ခွင့်ပြုနိုင်သည်။
  • ( ခ )    ဝန်ထမ်းခံစားခွင့်ရှိသည့်ပင်စင်လစာကို ခွင့်ပြုပြီးနောက်မှ ယင်းဝန်ထမ်း၏လုပ်သက် သည် ကျေနပ်ဖွယ်မရှိဟူသောအကြောင်းပြချက်ဖြင့် ခွင့်ပြုပြီးဖြစ်သည့် ပင်စင်လစာကို လျှော့ခွင့်မရှိ။
  • ( ဂ )    အငြိမ်းစားတစ်ဦးကို ဝန်ထမ်းများအတွက် ပြဋ္ဌာန်းထားသည့် နည်းဥပဒေများ အရ အရေးယူအပြစ်ပေး၍မရ။ သို့ရာတွင် အငြိမ်းစားသည် နည်းဥပဒေ ၁၆၃၊ နည်းဥပဒေခွဲ (ပ) နှင့် နည်းဥပဒေခွဲ (ဖ) ပါ အပြုအမူတစ်ရပ်ရပ်ကို ကျူးလွန်ခဲ့ သော် ယင်းအငြိမ်းစား၏ပင်စင်လစာတစ်စိတ်တစ်ဒေသကိုဖြစ်စေ သို့မဟုတ် အားလုံးကိုဖြစ်စေ လျှော့ချခြင်း၊ ရပ်ဆိုင်ခြင်း၊ ပြန်လည်ရုပ်သိမ်းခြင်း ပြုနိုင်သည်။
  • (ဃ)    အငြိမ်းစားတစ်ဦးအတွက် ခွင့်ပြုပြီးဖြစ်သည့် ပင်စင်လစာကို အငြိမ်းစားမယူမီက ကျူးလွန်ခဲ့သော ပြစ်မှုတစ်ရပ်ရပ်ကို အကြောင်းပြု၍ ရပ်ဆိုင်းထားခြင်းကိုဖြစ်စေ၊ လျှော့ခြင်းကိုဖြစ်စေ မပြုရ။
  • ( င )    အငြိမ်းစားတစ်ဦး၌ တင်ရှိသည့် ကြွေးမြီများအတွက် ပင်စင်လစာကို တရားရုံး၏ အမိန့်ဒီဂရီအရ သိမ်းဆည်းခြင်း သို့မဟုတ် ဝရမ်းကပ်ခြင်းမပြုရ။
  • ( စ )    နာမကျန်းပင်စင်ခွင့်ပြုရာတွင် အထူးကိစ္စရပ်မှတစ်ပါး မည်သည့်ဝန်ထမ်းကိုမျှ နာမကျန်းဆေးလက်မှတ်တွင် သတ်မှတ်ထားသော ဆေးအဖွဲ့၏လက်မှတ်ရေးထိုးသော နေ့ထက် ကျော်လွန်ခန့်ထားခြင်းမပြုရ။ သို့ရာတွင်ယင်းလက်မှတ်ရေးထိုးသော နေ့နောက်ပိုင်း အထူးကိစ္စတစ်ရပ်အနေဖြင့် ပင်စင်ခွင့်ပြုနိုင်သူမှ ဆက်လက်တာဝန် ထမ်းဆောင်ခွင့်ပြုလိုပါက ခွင့်ပြုနိုင်သည့်အပြင် လုပ်သက်ခွင့်ကိုလည်း ခံစားခွင့် ပေးနိုင်သည်။ ယင်းသို့  ဆက်လက်ခန့်ထားသောကာလနှင့် ခွင့်ကာလ နှစ်ရပ်ပေါင်း အများဆုံး ခြောက်လထက်မပိုရ။ နာမကျန်းပင်စင်ယူခွင့်ကိုလည်း ယင်းကာလ ကုန်ဆုံးမှ ခွင့်ပြုရမည်။
  • (ဆ)    အမြဲတမ်းရာထူးတစ်ခုကို ဖျက်သိမ်းရာ၌ ထိုရာထူးတွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းအား အခြားအလုပ်အကိုင်တစ်ခုခုကို မပေးလျှင် ရာထူးမှ ထွက်ခွာရမည့်နေ့ မတိုင်မီ (၃) လ ကြိုတင်၍ အကြောင်းကြားရမည်။
  • ( ဇ )    ဝန်ထမ်းတစ်ဦး၏ ပင်စင်အကျိုးခံစားခွင့်ကို ယင်းဝန်ထမ်းပင်စင်ယူသည့်အချိန်၌ တည်ဆဲနည်းဥပဒေများ၊ အမိန့်ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ရမည်။
  • (ဈ)     အငြိမ်းစားယူပြီးနောက် ဥပဒေအရခံစားခွင့်ရှိသည့် ပင်စင်လစာထက် ပိုမိုထုတ်ပေး ထားကြောင်း စစ်ဆေးတွေ့ရှိပါက ပင်စင်စားအား ပြန်လည်ပေးသွင်းစေရမည်။
  • (ည)    တစ်နှစ်ထက် ကျော်လွန်၍ ပင်စင်လစာကို ထုတ်ယူခြင်းမပြုပါက ပင်စင်လစာကို ဆက်လက်ထုတ်ပေးခြင်းမပြုရ။
  • ( ဋ )    ပင်စင်စားမှ ပင်စင်လစာကို ပြန်လည်တောင်းခံလာပါက ရပ်ဆိုင်းသည့်နေ့မှစ၍ ထုတ်ပေးရမည်။ ပင်စင်ဦးစီးဌာနသည် လိုအပ်သလိုစိစစ်၍ ဘဏ် သို့မဟုတ် ငွေတိုက်ခွဲသို့ သီးခြားအမိန့်စာဖြင့် ငွေထုတ်ပေးခွင့်ပြုမိန့် ထုတ်ပေးရမည်။
  • ( ဌ )    ပင်စင်စားကွယ်လွန်ခဲ့လျှင် ပင်စင်လစာကျန်ငွေများကို ပင်စင်စား၏ တရားဝင် အမွေစားအမွေခံများအား ထုတ်ပေးနိုင်သည်။ ပင်စင်ဦးစီးဌာနသည် လိုအပ်သလို စိစစ်၍ အမွေစားအမွေခံအား ထုတ်ပေးနိုင်ရန် ဘဏ် သို့မဟုတ် ငွေတိုက်ခွဲသို့ သီးခြားအမိန့်စာဖြင့် ငွေထုတ်ပေးခွင့်ပြုမိန့် ထုတ်ပေးရမည်။
  • ( ဍ )    အမှုထမ်းသက် ဆက်စပ်သည့်ကိစ္စတွင် ယခင်ရရှိခဲ့သော ပင်စင်လစာ၏ တစ်စိတ် တစ်ပိုင်းကို တစ်လုံးတည်းပင်စင်အဖြစ် လဲလှယ်ခဲ့ပါက လဲလှယ်ခဲ့သည့် အစိတ် အပိုင်း၏ ယခုလက်ရှိ တန်ဖိုးတွက်ချက်ထားသည့်ငွေကို ပြန်လည်ပေးသွင်းရမည်။
  • ( ဎ )    တစ်လုံးတည်းပင်စင်အဖြစ် လဲလှယ်ခဲ့သည့် လက်ရှိတန်ဖိုးငွေတွက်ချက်ရာတွင် ပြန်လည်တာဝန်ထမ်းဆောင်သည့်ရာထူးမှ အငြိမ်းစားယူသည့်နေ့တွင် ရှိသည့် အသက်ကို အခြေခံ၍ သတ်မှတ်ထားသော ပင်စင်လဲလှယ်မှု ဇယား (၆) ပါ သတ်မှတ်ကာလအပေါ် တွက်ချက်ရမည်။
  • (ဏ)   ပင်စင်စားသည် ထောင်ဒဏ်ကျခံရပါက ပင်စင်ခံစားခွင့်ကို ရပ်ဆိုင်းထားရမည်။ ပြစ်ဒဏ်ကျခံရခြင်းမှ လွတ်မြောက်လာပါက ၎င်း၏ပင်စင်ကို ပြန်လည်ခွင့်ပြုရမည်။ သို့ရာတွင် ပြစ်ဒဏ်ကျခံရသောကာလအတွက် ပင်စင်လစာကို ပြန်လည်ခွင့်မပြုရ။

အခန်း (၂၂)

အထူးပင်စင်

 

၂၅၃။     ဤအခန်းပါ ပြဋ္ဌာန်းချက်များသည် ချိန်နှုန်းလစာဖြင့်ဖြစ်စေ၊ ပုံသေလစာဖြင့်ဖြစ်စေ၊ လုပ်ငန်းအတိုင်းအတာနှုန်းဖြင့်ဖြစ်စေ ခန့်ထား၍ နိုင်ငံတော်ဘဏ္ဍာငွေ၊ ရသုံးမှန်းခြေငွေစာရင်း အနက်မှ အသုံးစရိတ်ကျခံသည့် ဝန်ထမ်းများနှင့်သာ သက်ဆိုင်သည်။ အလုပ်သမားလျော်ကြေး ဥပဒေနှင့် အကျုံးဝင်သည့် ဝန်ထမ်းများနှင့်သက်ဆိုင်ခြင်းမရှိစေရ။

၂၅၄။     (က)    ဒဏ်ရာအနာတရဖြစ်စေခြင်းဆိုသည်မှာ ဝန်ထမ်းကိုတစ်စုံတစ်ယောက်က အောက်ပါ အခြေအနေတစ်ရပ်ရပ်တွင် အနာတရဖြစ်ခြင်းကိုဆိုသည်-

  • (၁)   တာဝန်မထမ်းဆောင်နိုင်စေခြင်းငှာ ကိုယ်ထိလက်ရောက်ကျူးလွန်ခြင်းကြောင့် ဖြစ်စေ၊ ခုခံဆန့်ကျင်ခြင်းကြောင့်ဖြစ်စေ အနာတရဖြစ်ခြင်း၊
  • (၂)    ဝန်ထမ်း၏ တာဝန်အရ ဆောင်ရွက်ချက်ကြောင့်ဖြစ်စေ၊ ဆောင်ရွက်ရန် အားထုတ်မှုကြောင့်ဖြစ်စေ အနာတရဖြစ်ခြင်း၊
  • (၃)   ရာထူးတာဝန်ကို အကြောင်းပြု၍ အနာတရဖြစ်ခြင်း။

( ခ )    မတော်တဆဖြစ်မှု ဆိုသည်မှာ ဝန်ထမ်းတာဝန်ထမ်းဆောင်ရာတွင် နည်းဥပဒေခွဲ (က) ကြောင့်မဟုတ်ဘဲ အောက်ပါအခြေအနေတစ်ရပ်ရပ်ကြောင့် အနာတရဖြစ်ခြင်းကို ဆိုသည်-

  • (၁) ရုတ်တရက်မလွှဲမရှောင်သာဖြစ်ပေါ်လာသည့်အကြောင်းကြောင့် အနာတရ ဖြစ်ခြင်း၊
  • (၂)    အရေးတကြီးပေါ်ပေါက်သည့်ကိစ္စများတွင် တာဝန်ကို အထူးကျေပွန်စွာ ထမ်းဆောင်ခြင်းကြောင့် အနာတရဖြစ်ခြင်း။

( ဂ )    ရောဂါ ဆိုသည်မှာ ဝန်ထမ်းတစ်ဦးက တာဝန်ထမ်းဆောင်ရာတွင် လုပ်ငန်းခွင် အတွင်း မတော်တဆဖြစ်မှုကိုအကြောင်းပြု၍ဖြစ်စေ၊ ပတ်ဝန်းကျင်၏ ဆိုးကျိုး တစ်ရပ်ရပ်ကြောင့်ဖြစ်စေ ဖြစ်ပေါ်ခံစားရသော ရောဂါတစ်မျိုးမျိုးကိုဆိုသည်။

(ဃ)    လုပ်ငန်း၏အထူးဘေးအန္တရာယ် ဆိုသည်မှာ အောက်ပါတို့ကိုဆိုသည်-

  • (၁)   နည်းဥပဒေခွဲ (က) ကြောင့် အနာတရဖြစ်စေနိုင်သည့် အန္တရာယ်၊
  • (၂)    သာမန်အားဖြင့် တာဝန်ထမ်းဆောင်မှု၌ အနာတရဖြစ်ရန် အလားအလာရှိ သည်ထက် ထိုအလားအလာကို ပိုမိုစေနိုင်သော တာဝန်တစ်ရပ်ရပ်ကို ထမ်းဆောင်နေစဉ်ဖြစ်စေ၊ ထိုတာဝန်ထမ်းဆောင်ခဲ့ခြင်းကို အကြောင်းပြု၍ ဖြစ်စေ မတော်တဆအနာတရဖြစ်စေနိုင်သည့် အန္တရာယ်၊
  • (၃)   ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတစ်ဦးသည် ကူးစက်ရောဂါ သို့မဟုတ် သွေးအဆိပ် ဖြစ်သည့်ရောဂါ သို့မဟုတ် အခြားရောဂါဖြစ်နေသည့်လူနာကို တာဝန်အရ ကုသမှုပြုရခြင်း၊ လူသေအလောင်းကို ခွဲစိတ်စစ်ဆေးရခြင်းတို့ကြောင့်ဖြစ်စေ ရောဂါရစေနိုင်သည့်အန္တရာယ်။

( င )    လုပ်ငန်း၏ ဘေးအန္တရာယ် ဆိုသည်မှာ ဝန်ထမ်းသည် မိမိ၏လုပ်ငန်းတာဝန်ကို ထမ်းဆောင်နေစဉ်ဖြစ်စေ၊ ထိုတာဝန်ကိုထမ်းဆောင်ခဲ့ခြင်းကို အကြောင်းပြု၍ ဖြစ်စေ လုပ်ငန်း၏အထူးဘေးအန္တရာယ်မဟုတ်သော မတော်တဆဖြစ်စေနိုင်သည့် အန္တရာယ် သို့မဟုတ် ရောဂါရရှိစေနိုင်သည့် အန္တရာယ်ကိုဆိုလိုသည်။ သို့ရာတွင် သာမန်အားဖြင့် လူတိုင်းတွေ့ကြုံနိုင်သော အန္တရာယ်မျိုးဖြစ်ပါက ထိုအန္တရာယ်သည် လုပ်ငန်းသဘာဝ၊ တာဝန်အရမလွှဲရှောင်နိုင်သည့်အခြေအနေ၊ တာဝန်နှင့်ဆက်နွှယ် နေသည့်အကြောင်းခြင်းရာတို့ကြောင့် သိသိသာသာကြီးမားလာခြင်းမရှိလျှင် ထိုအန္တရာယ်မျိုးကို လုပ်ငန်း၏ဘေးအန္တရာယ်ဟူ၍ မှတ်ယူခြင်းမပြုရ။

( စ )    အနာတရဖြစ်သည့်နေ့ရက် ဆိုသည်မှာ အောက်ပါတို့ကိုဆိုသည် –

  • (၁)   မတော်တဆဖြစ်မှု သို့မဟုတ် နည်းဥပဒေခွဲ (က) ကြောင့် အနာတရဖြစ်သည့် ကိစ္စတွင် အနာတရဖြစ်ခဲ့သည့်နေ့ရက်၊
  • (၂)    ရောဂါရရှိသည့်ကိစ္စတွင် ဆေးအဖွဲ့က အစီရင်ခံသည့်နေ့ရက်။

(ဆ)    အထူးပင်စင်ဆိုသည့်စကားရပ်တွင် ဤနည်းဥပဒေများပါကိစ္စအလို့ငှာ အနာတရ အမြဲတမ်းပင်စင်၊ ယာယီအထူးပင်စင်၊ မိသားစုအထူးပင်စင်ဆိုသည့် စကားရပ်များ လည်း ပါဝင်သည်။

၂၅၅။     အထူးပင်စင် ခံစားခွင့်ပြုခြင်းကို ဝန်ကြီးဌာနနှင့်အဖွဲ့အစည်းအကြီးအမှူး သို့မဟုတ် ခွင့်ပြု ပိုင်ခွင့်လွှဲအပ်ထားသည့် အဖွဲ့ကသာခွင့်ပြုနိုင်သည်။ အထူးပင်စင်ခွင့်ပြုရေးတွင် ဝန်ထမ်းဘက်မှ တာဝန်ပျက်ကွက်မှု သို့မဟုတ် ပေါ့ဆမှု၏ အတိုင်းအတာကို ထည့်သွင်းစဉ်းစားရမည်။

၂၅၆။     ခွင့်ပြုပိုင်ခွင့် လွှဲအပ်ထားခြင်းခံရသည့်အဖွဲ့သည် အောက်ဖော်ပြပါ အခြေအနေမျိုးတွင် ရာထူးဝန်အဖွဲ့နှင့်ညှိနှိုင်းရမည် –

  • (က)    ဤနည်းဥပဒေများနှင့်မကိုက်ညီသော်လည်း အထူးပင်စင်ခံစားခွင့်ပြုရန် လိုအပ်သော ထူးခြားသည့်ကိစ္စများရှိခြင်း၊
  • ( ခ )   ဤနည်းဥပဒေများတွင်ပါရှိသည့် ခံစားခွင့်နှုန်းများထက်ပို၍ဖြစ်စေ၊ ခံစားခွင့် အမျိုးအစားကိုပြောင်းလဲ၍ဖြစ်စေ ခံစားခွင့်ပြုရန် လိုအပ်သောအခြေအနေရှိခြင်း။

၂၅၇။     အထူးပင်စင်သည် အခြားနည်းဥပဒေများအရ ဝန်ထမ်း သို့မဟုတ် ဝန်ထမ်း၏မိသားစု ခံစားခွင့်ရှိသောပင်စင် သို့မဟုတ် လုပ်သက်ဆုငွေကို ထိခိုက်ခြင်းမရှိစေရ။ ထို့အပြင် အထူးပင်စင် ခံစားခွင့်ရရှိသည့် ဝန်ထမ်းကို ဆက်လက်တာဝန်ထမ်းဆောင်စေသည့်အခါ၌ဖြစ်စေ၊ ဝန်ထမ်း အဖြစ် ပြန်လည်ခန့်ထားသည့်အခါ၌ဖြစ်စေ  လစာသတ်မှတ်ရာတွင် အထူးပင်စင်ကို ထည့်သွင်း စဉ်းစားခြင်း မပြုရ။

၂၅၈။     အောက်ပါကိစ္စများတွင် အထူးပင်စင်ခံစားခွင့်မပြုရ –

  • (က)    အနာတရဖြစ်ခဲ့ပြီးနောက် ငါးနှစ်ကျော်မှ အထူးပင်စင်ခံစားခွင့်ပြုရန် လျှောက်လွှာ တင်သွင်းသည့်ကိစ္စ၊
  • ( ခ )    အကြမ်းဖက်မှုကြောင့်ဖြစ်စေ၊ မတော်တဆမှုကြောင့်ဖြစ်စေ၊ အနာတရဖြစ်ပြီးနောက် ခုနှစ် နှစ်ကျော်မှ သေဆုံးသည့်ကိစ္စ၊
  • ( ဂ )    ရောဂါရရှိခဲ့၍ ဆေးအဖွဲ့က တာဝန်ပြန်လည်ထမ်းဆောင်နိုင်သည့် အခြေအနေ မရှိတော့ကြောင်း အစီရင်ခံပြီးသည့်နောက်  ခုနှစ် နှစ်ကျော်မှ ယင်းရောဂါကြောင့် သေဆုံးသည့်ကိစ္စ။

၂၅၉။     အနာတရဖြစ်မှုများကို အောက်ပါအတိုင်း အမျိုးအစား ခွဲခြားသတ်မှတ်သည် –

  • (က)    အနာတရဖြစ်မှု အဆင့် (၁)။    လုပ်ငန်း၏ အထူးဘေးအန္တရာယ်ကြောင့် မျက်စိ တစ်ဖက် သို့မဟုတ် ခြေလက်အင်္ဂါတစ်ခုခု အမြဲဆုံးရှုံးခြင်း သို့မဟုတ် ယင်းသို့ ဆုံးရှုံးခြင်းထက် ပိုမိုဆိုးရွားသည့် အနာတရဖြစ်မှုများ၊
  • ( ခ )    အနာတရဖြစ်မှု အဆင့် (၂)။       လုပ်ငန်း၏ဘေးအန္တရာယ်ကြောင့် အနာတရဖြစ်ခဲ့ပြီး ယင်းအနာတရဖြစ်မှုကြောင့် ပိုမိုဆိုးရွားသည့် အနာတရဖြစ်မှု၊
  • ( ဂ )    အနာတရဖြစ်မှု အဆင့် (၃)။    လုပ်ငန်း၏ဘေးအန္တရာယ်ကြောင့် အနာတရဖြစ်ခဲ့ပြီး မသန်စွမ်းဖြစ်မှုအတိုင်းအတာအားဖြင့် ပြင်းထန်၍ အမြဲခံစားနေရမည့် အလားအလာ ရှိသော အနာတရဖြစ်မှု။

၂၆၀။     အနာတရဖြစ်မှုအဆင့် (၁) တွင်ပါဝင်သည့် အနာတရဖြစ်မှုမျိုးကို ခံစားရသည့်ဝန်ထမ်းကို အောက်ပါအတိုင်း အထူးပင်စင်ခံစားခွင့်ပြုရမည် –

  • (က)    ဇယား(၇) ပါ သတ်မှတ်ချက်များအရ ခံစားခွင့်ရှိသည့် ပင်စင်လစာနှင့်ဆုငွေ၊
  • ( ခ )    အနာတရဖြစ်သည့်နေ့ရက်မှ တစ်နှစ်ပြည့်ပြီး နောက်နေ့ရက်မှစ၍ ခံစားခွင့်ရှိသည့် အထူးပင်စင်သည်-
    • (၁)    အနာတရဖြစ်မှုကြောင့် မျက်စိတစ်ဖက် သို့မဟုတ် ခြေလက်အင်္ဂါတစ်ခုထက်ပို၍ အမြဲဆုံးရှုံးခဲ့လျှင်သတ်မှတ်ချက်များအရ ခံစားခွင့်ရှိသည့်အထူးပင်စင်အမြင့်နှုန်း၊
    • (၂)    အခြားကိစ္စများတွင် သတ်မှတ်ချက်များအရ ခံစားခွင့်ရှိသည့် အထူးပင်စင် အမြင့်နှုန်း၏ ထက်ဝက်အောက် မလျော့နည်းစေရ။

my_MMMY