ပြည်ထောင်စုရာထူးဝန်အဖွဲ့

ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ၊ နည်းဥပဒေများ၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊

နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ ဝန်ထမ်းရေးရာ ကိစ္စရပ်များ


Search
Generic filters
Filter by Lawbook Names
နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ
နိုင်ငံ့ဝန်ထမ်းဥပဒေ
ပြည်ထောင်စုရာထူးဝန်အဖွဲ့နည်းဥပဒေများ
ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ
ဝန်ထမ်းရေးရာကိစ္စရပ်များ

ဤစကားလုံးများဖြင့်ရှာဖွေနိုင်သည်။ ပုဒ်မ(၁)နည်းဥပဒေ(၁)အပိုဒ်(၁)အခန်း(၁)rule(1)article(1)section(1)chapter(1)

နိုင်ငံ့ဝန်ထမ်းဥပဒေ

(ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၄၂ ဖြင့် ၉-၁၂-၂၀၁၆ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် နိုင်ငံ့ဝန်ထမ်းဥပဒေကို ပြင်ဆင်သည့်ဥပဒေနှင့် ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၁၆ ဖြင့် ၁၃-၆-၂၀၁၈ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့်  နိုင်ငံ့ဝန်ထမ်းဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့်ဥပဒေတို့ပါပြဋ္ဌာန်းချက်များနှင့် ပြင်ဆင်ဖြည့်စွက်ထားခြင်းဖြစ်ပါသည်)

(၂၀၁၃ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၅။)
၁၃၇၄ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၁ ရက်
( ၂၀၁၃ခုနှစ်၊ မတ်လ ၈ ရက် )
ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကိုပြဋ္ဌာန်းလိုက်သည်။

အခန်း(၁)
အမည်နှင့်အဓိပ္ပာယ်ဖော်ပြချက်

၁။ ဤဥပဒေကို နိုင်ငံ့ဝန်ထမ်းဥပဒေဟု ခေါ်တွင်စေရမည်။

၂။ ဤဥပဒေတွင်ပါရှိသော အောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပာယ်သက်ရောက်စေရမည် –

  • (က) ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုသည်မှာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆိုသည်။
  • (ခ) ဝန်ထမ်းဖွဲ့စည်းပုံ ဆိုသည်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဤဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ပြည်ထောင်စုအစိုးရ အဖွဲ့က အတည်ပြုထားသော ဝန်ထမ်းအဖွဲ့အစည်း၏ ဖွဲ့စည်းပုံကို လည်းကောင်း၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရက ပြည်ထောင်စုအစိုးရအဖွဲ့နှင့် ကြိုတင်ညှိနှိုင်း၍ ဖွဲ့စည်းသော ဝန်ထမ်းအဖွဲ့အစည်း၏ ဖွဲ့စည်းပုံကိုလည်းကောင်း ဆိုသည်။
  • (ဂ) ဝန်ထမ်းအဖွဲ့အစည်း ဆိုသည်မှာ ဖွဲ့စည်းပုံဖြင့် ဖွဲ့စည်းထားသော နိုင်ငံ့ဝန်ထမ်းအဖွဲ့အစည်းကို ဆိုသည်။
  • (ဃ)(၁)ဝန်ကြီးဌာနနှင့်အဖွဲ့အစည်းအကြီးအမှူး ဆိုသည်မှာ လွှတ်တော်များ၏ အကြီးအမှူးများနှင့် နိုင်ငံတော်သမ္မတက ခန့်အပ်သည့် ဝန်ကြီးဌာနနှင့်အဖွဲ့အစည်းများ၏ အကြီးအမှူးများကို ဆိုလိုသည်။**၁၃-၆-၂၀၁၈ ရက်နေ့တွင် ဒုတိယအကြိမ်ပြင်ဆင်သည်။

    (၂)ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူး ဆိုသည်မှာ နိုင်ငံတော်သမ္မတက ဝန်ထမ်းအဖွဲ့ အစည်းတစ်ခုခုတွင် ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးအဖြစ် တာဝန်ပေးခန့်အပ် ခြင်းခံရသူကိုဆိုသည်။*၉-၁၂-၂၀၁၆ ရက်နေ့တွင် ပထမအကြိမ်ပြင်ဆင်သည်။

     

  • (င) ဝန်ထမ်းဆိုသည်မှာ ၀န်ထမ်းအဖွဲ့အစည်းတစ်ရပ်ရပ်၏ ဖွဲ့စည်းပုံပါရာထူး တစ်ခုခုတွင် ခန့်အပ်ခြင်းခံရသည့် နိုင်ငံ့၀န်ထမ်းကို ဆိုသည်။ တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့၀င်များသည် နိုင်ငံ့၀န်ထမ်းများဖြစ်သော်လည်း ယင်းတို့၏လုပ်ငန်းသဘာ၀နှင့်တာ၀န်တို့အရ ဤဥပဒေပါ ကိစ္စရပ်များနှင့် အကျုံး၀င်ခြင်း မရှိစေရ။*၉-၁၂-၂၀၁၆ ရက်နေ့တွင် ပထမအကြိမ်ပြင်ဆင်သည်။
  • (စ) ဝန်ကြီးဌာနနှင့် အဖွဲ့အစည်း ဆိုသည်မှာ ပြည်ထောင်စုအစိုးရအဖွဲ့ ဝန်ကြီးဌာနအသီးသီး၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးဌာနအသီးသီး နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုများကိုဆိုသည်။ ယင်းစကားရပ်တွင် ဤဥပဒေပါ ကိစ္စ အလို့ငှာနိုင်ငံတော်သမ္မတရုံး၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၊ လွှတ်တော်ရုံးများ၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ရုံး၊ နေပြည်တော်ကောင်စီရုံး၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ရုံး၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးနှင့်
    ဥပ‌ဒေအရဖွဲ့စည်းသည့် ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၏ ရုံးများလည်းပါဝင်သည်။**၁၃-၆-၂၀၁၈ ရက်နေ့တွင် ဒုတိယအကြိမ်ပြင်ဆင်သည်။
  • (ဆ) ရာထူးအနွယ်ပိုင်ဆိုင်ခွင့် ဆိုသည်မှာ ဖွဲ့စည်းပုံပါလစ်လပ်သော အမြဲတမ်းရာထူး၌ အတည်ပြုခန့်အပ်ပိုင်ဆိုင်ခွင့်ရရှိခြင်းကို ဆိုသည်။
  • (ဇ) စတင်ခန့်ရာထူး ဆိုသည်မှာ ဝန်ထမ်းအဖွဲ့အစည်း အသီးသီးရှိ ဝန်ထမ်းအမျိုးအစားအလိုက် စတင်ဝင်ရောက်ရမည့် ရာထူး အဆင့်ကိုဆိုသည်။
  • (ဈ) ရာထူးဝန်အဖွဲ့ ဆိုသည်မှာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ကိုဆိုသည်။
  • (ည) ပြည်သူ့ဝန်ထမ်း ဆိုသည်မှာ အစိုးရက ခန့်အပ်ထားသည် ဖြစ်စေ၊ မခန့်အပ်ထားသည်ဖြစ်စေ အောက်ပါပုဂ္ဂိုလ်များပါဝင်သည်-
    • (၁) နိုင်ငံ့ဝန်ထမ်း၊
    • (၂) နိုင်ငံရေးရာထူးတွင် ခန့်အပ်ခံရသူများ၊
    • (၃) နိုင်ငံရေးရာထူးတွင် ခန့်အပ်ခြင်းခံရသော ပုဂ္ဂိုလ်များ၏ ချီးမြှင့်ငွေ၊ စရိတ်၊ အဆောင်အယောင်များနှင့် စပ်လျဉ်း၍ ပြဋ္ဌာန်းထားသော ဥပဒေများအရ ခန့်အပ် ထားခြင်းခံရသူများ၊
    • (၄) အစိုးရဌာနနှင့် အစိုးရအဖွဲ့အစည်းများ၊ လွှတ်တော်များနှင့် တရားရုံးများတွင် တာဝန်ထမ်းဆောင်နေသော်လည်း နိုင်ငံ့ဝန်ထမ်းအဖြစ် ခန့်အပ်ထားခြင်း မဟုတ်သောသူများ၊
    • (၅) ရွေးကောက်တင်မြှောက်ခြင်းဖြင့်ဖြစ်စေ၊ ဥပဒေ တစ်ရပ်ရပ်အရဖြစ်စေ၊ ရွေးချယ်တာဝန်ပေးခံရသူ သို့မဟုတ် တည်ဆဲဥပဒေတစ်ရပ်ရပ်အရ သတ်မှတ်ထားသော လုပ်ပိုင်ခွင့်ရှိသည့် ပြည်သူ့ဝန်ထမ်းတစ်ဦးဦး သို့မဟုတ်၎င်းကဖွဲ့စည်းပေးသော အဖွဲ့အစည်းတွင် ပါဝင်သူများ၊၎င်းတို့၏ကိုယ်စား လွှဲအပ်ခြင်းခံရသူများ သို့မဟုတ် ထပ်ဆင့်တာဝန်ပေးအပ်ခြင်းခံရသူများ၊
    • (၆) တည်ဆဲဥပဒေတစ်ရပ်ရပ်အရ ပြည်သူ့ဝန်ထမ်းအဖြစ် မှတ်ယူရမည်ဟု သတ်မှတ်ခြင်းခံရသူများ၊
    • (၇) တစ်ဦးတစ်ယောက်သောသူကို ဖမ်းဆီးချုပ်နှောင်ရန်အခွင့်အာဏာရှိသူများ၊
    • (၈) လွှတ်တော် သို့မဟုတ် စည်ပင်သာယာရေးကော်မတီ သို့မဟုတ် အများပြည်သူဆိုင်ရာ လုပ်ပိုင်ခွင့်ရှိသော အဖွဲ့အစည်း၏ အဖွဲ့ဝင်လူကြီးကိုရွေးချယ်ရန်အလို့ငှာ ရွေးကောက်ပွဲစာရင်းကို ရေးသားပြုစုရန်ဖြစ်စေ၊ ထုတ်ပြန်ကြေညာရန်ဖြစ်စေ၊ ပြင်ဆင်ရန်ဖြစ်စေ အခွင့် အာဏာအရ ရာထူးလက်ရှိဖြစ်သူများ၊
    • (၉) အစိုးရဌာနနှင့်အစိုးရအဖွဲ့အစည်းများ၊ လွှတ်တော်များနှင့် တရားရုံးများတွင် လုပ်ငန်းသဘာဝအရ သီးခြား ခန့်အပ်တာဝန်ပေးထားသူများ။**၁၃-၆-၂၀၁၈ ရက်နေ့တွင် ဒုတိယအကြိမ်ပြင်ဆင်သည်။

အခန်း (၂)
ဝန်ထမ်းအဖွဲ့အစည်းများ

၃။ ပြည်ထောင်စုအစိုးရအဖွဲ့သည် ဝန်ထမ်းအဖွဲ့အစည်းများကို လိုအပ်သလို ဖွဲ့စည်းနိုင်သည်။ ယင်းသို့ဖွဲ့စည်းရာတွင် လုပ်ငန်းတာဝန်နှင့်လုပ်ပိုင်ခွင့်များကို သတ်မှတ်ပေးရမည်။ လိုအပ်သော ဝန်ထမ်းများကိုလည်း ခန့်အပ်နိုင်သည်။

၄။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရသည် မိမိတာဝန်ယူ အကောင်အထည်ဖော်ရသည့် လုပ်ငန်းများကို ဆောင်ရွက်နိုင်ရန် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဤဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီလည်းကောင်း၊ ပြည်ထောင်စုအစိုးရနှင့် ကြိုတင်ညှိနှိုင်း၍လည်းကောင်း တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဆိုင်ရာဝန်ထမ်းအဖွဲ့အစည်းများကို လိုအပ်သလို ဖွဲ့စည်းနိုင်သည်။ လိုအပ်သောဝန်ထမ်းများကို ခန့်အပ်နိုင်သည်။

၅။ ပြည်ထောင်စုအစိုးရအဖွဲ့သည် ဝန်ထမ်းအဖွဲ့အစည်းများ ဖွဲ့စည်းရေးနှင့်စပ်လျဉ်း၍ လိုအပ်သောမူဝါဒများချမှတ်ခြင်း၊ ဖွဲ့စည်းပုံအတည်ပြုခြင်း၊ ရာထူးဝန်အဖွဲ့၏ ထောက်ခံအကြံပြုချက်ကိုရယူပြီး ဝန်ထမ်းများ၏ ရာထူးအဆင့်များ နှင့် ချိန်နှုန်းလစာများကိုသတ်မှတ်ခြင်း၊ ဝန်ထမ်းများကို ကျွမ်းကျင်မှု၊ အတတ်ပညာနှင့် လုပ်ငန်းသဘာဝတို့အရ ဝန်ထမ်းအမျိုးအစား စုစည်းဖွဲ့စည်းခြင်းနှင့် ယင်းလုပ်ငန်းများကို အခါအားလျော်စွာ ပြန်လည်စိစစ်သုံးသပ်၍ ပြင်ဆင်ခြင်းတို့ ပြုလုပ်နိုင်သည်။

အခန်း (၃)
ရွေးချယ်ခန့်ထားခြင်း

၆။ နိုင်ငံတော်သမ္မတသည် ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးများကို ခန့်အပ်ခြင်း၊ အတည်ပြုခြင်း၊ ပြောင်းရွှေ့ခြင်း၊ အငြိမ်းစားပေးခြင်း၊ ထုတ်ပယ်ခြင်းနှင့်ထုတ်ပစ်ခြင်းတို့ကို ပြုလုပ်နိုင်သည်။

၇။ ဝန်ထမ်းရွေးချယ်ခန့်ထားရေးကိစ္စများနှင့်စပ်လျဉ်း၍ ပြည်ထောင်စုအစိုးရအဖွဲ့၏ အခါအားလျော်စွာ သတ်မှတ်ချက်များနှင့်အညီ –

  • (က) သက်ဆိုင်ရာဝန်ကြီးဌာနနှင့်အဖွဲ့အစည်းအကြီးအမှူးသည် ဝန်ထမ်းအဖွဲ့အစည်းအသီးသီးရှိ ဝန်ထမ်းအမျိုးအစားအလိုက် သတ်မှတ်သည့် ပြန်တမ်း၀င်အရာရှိအဆင့် စတင်ခန့်ရာထူးအတွက် ရာထူးဝန်အဖွဲ့က ရွေးချယ်ပေးသော ဝန်ထမ်းများကို ခန့်ထားရမည်။*၉-၁၂-၂၀၁၆ ရက်နေ့တွင် ပထမအကြိမ်ပြင်ဆင်သည်။
  • (ခ) သက်ဆိုင်ရာ ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးသည် ပုဒ်မခွဲ (က) အရ ခန့်ထားသောရာထူးအဆင့်မှ တစ်ပါး အခြားစတင်ခန့် ရာထူးအဆင့်အတွက် ဝန်ထမ်းများကို ရွေးချယ်ခန့်ထားရမည်။

၈။  (က) ဝန်ကြီးဌာနနှင့် ဝန်ထမ်းအဖွဲ့အစည်းတစ်ခုခုမှ ပြန်တမ်းဝင် အရာရှိတစ်ဦးဦးကို အခြားဝန်ကြီးဌာနနှင့် ဝန်ထမ်းအဖွဲ့အစည်း တစ်ခုသို့ ပြောင်းရွှေ့ခန့်ထားလိုပါက  သတ်မှတ်ထားသည့် အရည်အချင်းနှင့်ပြည့်စုံလျှင် သက်ဆိုင်ရာဝန်ထမ်းအဖွဲ့အစည်းသည် ရာထူးဝန်အဖွဲ့နှင့် ညှိနှိုင်းရမည်။

(ခ) ရာထူးဝန်အဖွဲ့သည် ပုဒ်မခွဲ(က)အရ ညှိနှိုင်းလာသည့်အပေါ်စိစစ်ပြီး ပြည်ထောင်စု အစိုးရအဖွဲ့သို့ တင်ပြရမည်။**၁၃-၆-၂၀၁၈ ရက်နေ့တွင် ဒုတိယအကြိမ်ပြင်ဆင်သည်။

၉။   ဝန်ထမ်းအဖွဲ့အစည်းများသည် ဝန်ထမ်းအမျိုးအစားအလိုက် အစမ်းခန့် ကာလနှင့်  စည်းကမ်းချက်များကို  ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘော တူညီချက်ဖြင့် လိုအပ်သလို သတ်မှတ်နိုင်သည်။

အခန်း(၄)
တာဝန်နှင့်အခွင့်အရေးများ

တာဝန်များ

၁၀။ ဝန်ထမ်းသည် အောက်ပါတို့ကို လိုက်နာရန် တာဝန်ရှိသည် –

  • (က) နိုင်ငံတော်၏ကျေးဇူးသစ္စာကို စောင့်သိရိုသေခြင်း။
  • ( ခ ) ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် တည်ဆဲဥပဒေများပါပြဋ္ဌာန်းချက် များကို လိုက်နာခြင်း။
  • ( ဂ ) နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ အကျိုးစီးပွားကို အလေးထား၍ ဆောင်ရွက်ခြင်း။
  • (ဃ) နိုင်ငံတော်ပိုင်ပစ္စည်း၊ နိုင်ငံတော်ဘဏ္ဍာများ လေလွင့်ဆုံးရှုံးမှု မရှိစေရေးနှင့် အလွဲသုံးစားမှုမပြုရေးတို့အတွက် ထိန်းသိမ်း စောင့်ရှောက်ခြင်း။
  • (င) မိမိအား ပေးအပ်ထားသော တာဝန်နှင့်ဝတ္တရားများကို ကျေပွန်စွာထမ်းဆောင်ခြင်း။
  • (စ) ဤဥပဒေအရပြုလုပ်သော နည်းဥပဒေ၊ စည်းမျဉ်း၊စည်းကမ်းများ၊ အမိန့်၊ ညွှန်ကြားချက်များ၊ ဝန်ထမ်း အဖွဲ့အစည်းအလိုက် သီးခြားသတ်မှတ်ထားသော လုပ်ငန်းခွင် စည်းကမ်းများ၊ အမိန့်နှင့်ညွှန်ကြားချက်များကို လိုက်နာခြင်း။
  • (ဆ) ပါတီနိုင်ငံရေးကင်းရှင်းခြင်း။
  • ( ဇ ) ရာထူးဝန်အဖွဲ့က သတ်မှတ်ထားသော သင်တန်းများကို တက်ရောက်ခြင်း။
  • (ဈ) အကျင့်စာရိတ္တပျက်ပြားခြင်းနှင့် သိက္ခာမဲ့စွာ ပြုမူနေထိုင်ခြင်း တို့မှ ရှောင်ကြဉ်ခြင်း။
  • (ည) တာဝန်အရ အပ်နှင်းထားသည့် လုပ်ပိုင်ခွင့်ကို အလွဲသုံးစား ပြုခြင်းမှ ရှောင်ကြဉ်ခြင်း။
  • ( ဋ ) လာဘ်ပေးလာဘ်ယူပြုလုပ်ခြင်းမှ ရှောင်ကြဉ်ခြင်း။
  • ( ဌ ) ပြည်သူကိုရိုသေလေးစားစွာ ၀န်ဆောင်မှုပေးခြင်း။*၉-၁၂-၂၀၁၆ ရက်နေ့တွင် ပထမအကြိမ်ပြင်ဆင်သည်။

my_MMMY