နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ (မူလပြဋ္ဌာန်းချက်) နည်းဥပဒေ -၁၀၁
မီးဖွားခွင့်
၁၀၁။ အမျိုးသမီးဝန်ထမ်းများအနေဖြင့် မီးဖွားခွင့်ကို –
- (က) ခွင့်စတင်ခံစားသည့် နေ့ရက်မှစ၍ ခြောက်လ ခံစားခွင့်ရှိသည်။
- ( ခ ) အခြားခွင့်များနှင့်ဆက်စပ်၍ ခွင့်မပြုရ။
- ( ဂ ) ဆေးလက်မှတ်အထောက်အထားဖြင့် တောင်းခံပါက အခြားခွင့်များကို မီးဖွားခွင့်၏ နောက်မှဆက်၍ခွင့်ပြုနိုင်သည်။
- (ဃ) ကိုယ်ဝန်ဆောင်နေသည့်ကာလအတွင်း သန္ဓေပျက်ကျသည့် အခြေအနေမျိုးတွင် ဆေးလက်မှတ်အထောက်အထားဖြင့် ခြောက်ပတ်ထက်မပိုသည့် မီးဖွားခွင့်ကို ခွင့်ပြုရမည်။
- ( င ) သန္ဓေပျက်ရန် စိုးရိမ်ဖွယ်ရာရှိသော အခြေအနေမျိုးအတွက် မီးဖွားခွင့်မပေးရ။ အခြားသင့်လျော်ရာ ခွင့်သာ ခွင့်ပြုရမည်။
- ( စ ) ကိုယ်ဝန်အဆိပ်တက်ခြင်းတွင် မီးဖွားခွင့်ကိုမထိခိုက်စေဘဲ ဆေးလက်မှတ်ဖြင့် ခြောက်ပတ်ထက်မပိုသော သင့်လျော်သည့် ခွင့်ပေးရမည်။
- (ဆ) အမွှာပူး သို့မဟုတ် ယင်းထက်ပို၍ မွေးဖွားပါက သာမန်မီးဖွားခွင့်ကုန်ဆုံးရက်၏ နောက်ရက်မှစပြီး ကလေးများပြုစုစောင့်ရှောက်နိုင်ရန် ရက်သတ္တပတ် ခြောက်ပတ် တိုး၍ မီးဖွားခွင့်အဖြစ် ခွင့်ပြုရမည်။
- ( ဇ ) မီးဖွားသူ ဝန်ထမ်းအမျိုးသမီး၏ခင်ပွန်းသည်လည်း ဝန်ထမ်းဖြစ်ခဲ့သော် မွေးကင်းစ ကလေးများအား ပြုစုစောင့်ရှောက်ရန် ခင်ပွန်းဖြစ်သူကို ကလေးပြုစုစောင့်ရှောက် ခွင့် ရက်သတ္တပတ်နှစ်ပတ်ခွင့်ပြုရမည်။ လစာနှုန်းပြည့်ခံစားခွင့်ပြုပြီး တာဝန်ချိန် အဖြစ် သတ်မှတ်ပေးရမည်။