ပြည်ထောင်စုရာထူးဝန်အဖွဲ့

ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ၊ နည်းဥပဒေများ၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊

နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ ဝန်ထမ်းရေးရာ ကိစ္စရပ်များ


Search
Generic filters
Filter by Lawbook Names
နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ
နိုင်ငံ့ဝန်ထမ်းဥပဒေ
ပြည်ထောင်စုရာထူးဝန်အဖွဲ့နည်းဥပဒေများ
ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ
ဝန်ထမ်းရေးရာကိစ္စရပ်များ

ဤစကားလုံးများဖြင့်ရှာဖွေနိုင်သည်။ ပုဒ်မ(၁)နည်းဥပဒေ(၁)အပိုဒ်(၁)အခန်း(၁)rule(1)article(1)section(1)chapter(1)

ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ

 

(ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၄၇ ဖြင့် ၂၈-၇-၂၀၁၅ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေကို ပြင်ဆင်သည့် ဥပဒေနှင့် ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၁၄ ဖြင့် ၁၇-၅-၂၀၁၉ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေတို့ပါပြဋ္ဌာန်းချက်များနှင့် ပြင်ဆင်ဖြည့်စွက်ထားခြင်းဖြစ်ပါသည်။

 

ပြည်ထောင်စုမြန်မာနိုင်ငံတော်

နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ

ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ

( နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီဥပဒေ အမှတ် ၂၄/၂၀၁၀ )

၁၃၇၂ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၅ ရက်

( ၂၀၁၀ ပြည့်နှစ်၊ အောက်တိုဘာလ ၂၈ ရက် )

နိဒါန်း

       ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၄၄၃ တွင် ဖွဲ့စည်းပုံအခြေခံဥပဒေ အကောင်အထည်ဖော်ရေး အတွက် ကြိုတင်ဆောင်ရွက်ရန် လိုအပ်သည့် လုပ်ငန်းရပ်များကို နိုင်ငံတော် အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီက ဆောင်ရွက်ပေးရန် ပြဋ္ဌာန်း ထားသည့်အလျောက် နိုင်ငံတော်၏ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရား စီရင်ရေး ဆိုင်ရာလုပ်ငန်းများကို ချောမွေ့စွာ ဆောင်ရွက် နိုင်ရန်လည်းကောင်း၊ လွှတ်တော်အသီးသီး ပေါ်ပေါက်လာသည့် အခါတွင် ဆောင်ရွက်ရန်ရှိသော လုပ်ငန်းများကို ဆောင်ရွက် နိုင်ရန်လည်းကောင်း၊ ကြိုတင် ဆောင်ရွက်ရမည့် လုပ်ငန်းရပ်များကို ဥပဒေနှင့်အညီ ဆောင်ရွက်နိုင်ရန်လည်းကောင်း သက်ဆိုင်ရာဥပဒေများကို ပြဋ္ဌာန်းရန် လိုအပ်လာပါသည်။
သို့ဖြစ်ပါ၍ နိုင်ငံတော် အေးချမ်းသာယာရေး နှင့်ဖွံ့ဖြိုးရေးကောင်စီသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ပြည်ထောင်စု ရာထူးဝန်အဖွဲ့၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များကို သတ်မှတ်နိုင်ရန်အလို့ငှာ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၄၃ နှင့်အညီ ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။

အခန်း (၁)
အမည်၊ စတင်အာဏာတည်ခြင်းနှင့် အဓိပ္ပာယ်ဖော်ပြချက်

၁။(က) ဤဥပဒေကို ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ ဟုခေါ် တွင်စေရမည်။

( ခ ) ဤဥပဒေသည် ဖွဲ့စည်းပုံအခြေခံဥပဒေ အာဏာတည်သည့် နေ့မှစတင်၍ အာဏာတည်စေရမည်။

၂။ ဤဥပဒေတွင်ပါရှိသော အောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပာယ်သက်ရောက်စေရမည် –

  • (က) ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုသည်မှာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေကိုဆိုသည်။
  • (ခ) အဖွဲ့ ဆိုသည်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဤဥပဒေအရ ဖွဲ့စည်းသော ပြည်ထောင်စုရာထူးဝန်အဖွဲ့ကိုဆိုသည်။
  • (ဂ) ဥက္ကဋ္ဌ ဆိုသည်မှာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ကိုဆိုသည်။
  • (ဃ) အဖွဲ့ဝင် ဆိုသည်မှာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင်ကိုဆိုသည်။
  • (င) ဝန်ထမ်းအဖွဲ့အစည်း ဆိုသည်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေ နှင့် တည်ဆဲဥပဒေတို့ပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဖွဲ့စည်းပုံဖြင့် ဖွဲ့စည်းထားသော နိုင်ငံ့ဝန်ထမ်းအဖွဲ့အစည်းကိုဆိုသည်။
  • (စ) ဝန်ထမ်း ဆိုသည်မှာ ဝန်ထမ်းအဖွဲ့အစည်းတစ်ရပ်ရပ်၏ဖွဲ့စည်းပုံပါရာထူးတွင် ခန့်အပ်ခြင်းခံရသူ နိုင်ငံ့ဝန်ထမ်းကို ဆိုသည်။
  • (ဆ) ဝန်ကြီးဌာနနှင့်အဖွဲ့အစည်း ဆိုသည်မှာ နိုင်ငံ့၀န်ထမ်းဥပဒေပါ အဓိပ္ပါယ်ဖွင့်ဆိုချက်အတိုင်း ဖြစ်သည်။**၁၇-၅-၂၀၁၉ ရက်နေ့တွင် ဒုတိယအကြိမ်ပြင်ဆင်သည်။

၃။ ဤဥပဒေသည် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၉၁ နှင့် ၂၉၂ တို့တွင် ဖော်ပြထားသော နိုင်ငံ့ဝန်ထမ်းများမှအပ ဝန်ထမ်းအဖွဲ့အစည်း အသီးသီးရှိ နိုင်ငံ့ဝန်ထမ်းအားလုံးနှင့် သက်ဆိုင်စေရမည်။**၁၇-၅-၂၀၁၉ ရက်နေ့တွင် ဒုတိယအကြိမ်ပြင်ဆင်သည်။

အခန်း(၂)

ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဖွဲ့စည်းခြင်းနှင့် ခန့်အပ်တာဝန်ပေးခြင်း

အဖွဲ့ဖွဲ့စည်းခြင်း

၄။ နိုင်ငံတော်သမ္မတသည် နိုင်ငံ့ဝန်ထမ်းရွေးချယ်ရေး၊ လေ့ကျင့်ရေးနှင့် နိုင်ငံ့ဝန်ထမ်းစည်းမျဉ်း စည်းကမ်းသတ်မှတ်ရေး တာဝန်များ ထမ်းဆောင်နိုင်ရန် ဥက္ကဋ္ဌ အပါအဝင် အဖွဲ့ဝင်ဦးရေ အနည်းဆုံး ငါးဦးမှ အများဆုံး ခုနှစ်ဦး အထိပါဝင်သော ပြည်ထောင်စုရာထူးဝန်အဖွဲ့ကို ဖွဲ့စည်းရမည်။

ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ခန့်အပ်တာဝန်ပေးခြင်း

၅။ နိုင်ငံတော်သမ္မတသည် အောက်ပါအရည်အချင်းများနှင့် ပြည့်စုံသည့် ပုဂ္ဂိုလ်များထဲမှ ဥက္ကဋ္ဌတစ်ဦးနှင့် အဖွဲ့ဝင်များကို ခန့်အပ်တာဝန်ပေးရမည်-

  • (က) အသက် ၅၀ နှစ် ပြည့်ပြီးသူ၊၊
  • (ခ) အသက်ကန့်သတ်ချက်မှအပ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၂၀ တွင် ဖော်ပြထားသော ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ အတွက် သတ်မှတ်ထားသည့် အရည်အချင်းများနှင့်ပြည့်စုံသူ၊
  • (ဂ) ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၂၁ တွင် ဖော်ပြထားသည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအဖြစ် ရွေးချယ်တင်မြှောက် ခံပိုင်ခွင့် မရှိစေသော ပြဋ္ဌာန်းချက်များနှင့်လည်း ငြိစွန်းခြင်း မရှိသူ၊
  • (ဃ) အတွေ့အကြုံရင့်ကျက်သော အသိပညာရှင်၊ အတတ်ပညာရှင်ဖြစ်သူ၊
  • (င) နိုင်ငံတော်နှင့်နိုင်ငံသားများအပေါ်သစ္စာရှိသူ၊
  • (စ) နိုင်ငံရေးပါတီဝင်မဟုတ်သူ၊
  • (ဆ) လွှတ်တော်ကိုယ်စားလှယ်မဟုတ်သူ။

၆။(က) ဥက္ကဋ္ဌသည် နိုင်ငံတော်သမ္မတအား တာဝန်ခံရမည်။

(ခ) အဖွဲ့ဝင်များသည် ဥက္ကဋ္ဌအားလည်းကောင်း၊ ဥက္ကဋ္ဌမှတစ်ဆင့် နိုင်ငံတော်သမ္မတအားလည်းကောင်း တာဝန်ခံရမည်။

၇။ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည် –

  • (က) နိုင်ငံ့ဝန်ထမ်းဖြစ်ပါက ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၄၆၊ ပုဒ်မခွဲ (ဂ) ပါ ပြဋ္ဌာန်းချက်အတိုင်းဆောင်ရွက်ရမည်။
  • (ခ) နောင်လာမည့် အထွေထွေရွေးကောက်ပွဲတစ်ရပ်ရပ်တွင် ပါဝင်ရွေးချယ်ခံမည့်သူဖြစ်ပါက နိုင်ငံသားတစ်ဦးအား ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၃၈၊ ပုဒ်မခွဲ (က)အရ ပေးအပ်သော ရွေးကောက်တင်မြှောက်ခံပိုင်ခွင့် မဆုံးရှုံးစေရန်အလို့ငှာ ရွေးကောက်ပွဲကျင်းပရန် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ကြေညာသည့်နေ့မှစ၍ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၂၀ နှင့် ၁၂၁ တို့ပါ ပြဋ္ဌာန်းချက်များနှင့် ကိုက်ညီလျှင် ရွေးကောက်ပွဲဆိုင်ရာ စည်းရုံးရေးလုပ်ငန်းများကို လည်းကောင်း၊ နယ်မြေစည်းရုံးရေးလုပ်ငန်းများကိုလည်းကောင်း ဆောင်ရွက်ခွင့်ရှိသည်။*၂၈-၇-၂၀၁၅ ရက်နေ့တွင် အကြိမ်ပြင်ဆင်သည်။

အခန်း(၃)

အဖွဲ့၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များ

၈။ အဖွဲ့၏ တာဝန်များမှာ အောက်ပါအတိုင်းဖြစ်သည်-

  • (က) ပုဒ်မ ၃ ပါ နိုင်ငံ့ဝန်ထမ်းများကို စနစ်တကျရွေးချယ်ခြင်း၊
  • ( ခ ) ဝန်ထမ်းများအား ထိရောက်စွာလေ့ကျင့်ပျိုးထောင်ခြင်း၊
  • ( ဂ ) ဝန်ထမ်းဆိုင်ရာကျင့်ဝတ်များ၊ စည်းမျဉ်းစည်းကမ်းများ၊ လုပ်ထုံးလုပ်နည်းများ၊ စံနှုန်းများသတ်မှတ်ရေးနှင့် မူဝါဒ လမ်းညွှန်ချက်များ ချမှတ်နိုင်ရေးအတွက် ပြည်ထောင်စု အစိုးရအား အထောက်အကူပြုခြင်း၊
  • (ဃ) ဝန်ထမ်းရေးရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ သုတေသနပြုလုပ်ခြင်း၊**၁၇-၅-၂၀၁၉ ရက်နေ့တွင် ဒုတိယအကြိမ်ပြင်ဆင်သည်။
    • (ဃ-၁) ၀န်ထမ်းများ၏ ၀န်ဆောင်မှုအပေါ် ပြည်သူများ၏ သ‌ဘောထားအမြင်များကို စစ်တမ်းကောက်ယူပြီး သုတေသနပြုလုပ်ခြင်း၊**၁၇-၅-၂၀၁၉ ရက်နေ့တွင် ဒုတိယအကြိမ်ပြင်ဆင်သည်။
  • ( င ) ပြည်ထောင်စုအစိုးရ၏ ခွင့်ပြုချက်ဖြင့် ဝန်ထမ်းရေးရာကိစ္စရပ်များ နှင့်စပ်လျဉ်း၍ ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းများ၊ ဒေသဆိုင်ရာ အဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ဆက်သွယ် ဆောင်ရွက်ခြင်း၊
  • (စ) ဝန်ကြီးဌာနနှင့်အဖွဲ့အစည်းများက မေးမြန်းလာသည့် ဝန်ထမ်းရေးရာ ကိစ္စရပ်များကို တည်ဆဲဥပဒေ၊ နည်းဥပဒေများ၊ စည်းမျဉ်းစည်းကမ်းများ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စီစစ်ပြန်ကြားခြင်း၊**၁၇-၅-၂၀၁၉ ရက်နေ့တွင် ဒုတိယအကြိမ်ပြင်ဆင်သည်။
  • (ဆ) ဝန်ထမ်းများအား အရေးယူခြင်းဆိုင်ရာကိစ္စများနှင့်စပ်လျဉ်း၍ မှတ်တမ်းများကို စနစ်တကျထိန်းသိမ်းခြင်း၊ နိုင်ငံတော်သမ္မထံ အစီရင်ခံတင်ပြခြင်း၊ **၁၇-၅-၂၀၁၉ ရက်နေ့တွင် ဒုတိယအကြိမ်ပြင်ဆင်သည်။
    • (ဆ-၁) ပြန်တမ်း၀င်အရာရှိ တစ်ဦးဦးအား ဝန်ကြီးဌာနနှင့်အဖွဲ့အစည်းတစ်ခုမှတစ်ခုသို့ ပြောင်းရွှေ့လိုသည့် ကိစ္စရပ်များအတွက် ညှိနှိုင်းလာမှုအပေါ် ထိုအရာရှိ၏လုပ်ငန်းအတွေ့အကြုံသည် ပြောင်းရွှေ့တာ၀န်ထမ်းဆောင်မည့်ဌာန၏ လုပ်ငန်းသဘာ၀နှင့်ကိုက်ညီမှုရှိ၊ မရှိအပါအ၀င် အခြားလိုအပ်သည့်စိစစ်မှုများ ပြုလုပ်၍ ပြည်ထောင်စုအစိုးရအဖွဲ့ထံတင်ပြခြင်း၊**၁၇-၅-၂၀၁၉ ရက်နေ့တွင် ဒုတိယအကြိမ်ပြင်ဆင်သည်။
    • (ဆ-၂) ဝန်ကြီးဌာနနှင့်အဖွဲ့အစည်းများ၏ ၀န်ထမ်းဖွဲ့စည်းပုံ ရေးဆွဲတင်ပြခြင်းကိစ္စရပ်များနှင့် စပ်လျဉ်း၍ ပြည်ထောင်စုအစိုးရအဖွဲ့သို့ ထောက်ခံအကြံပြုတင်ပြခြင်း၊ **၁၇-၅-၂၀၁၉ ရက်နေ့တွင် ဒုတိယအကြိမ်ပြင်ဆင်သည်။
    • (ဆ-၃) ဝန်ကြီးဌာနနှင့်အဖွဲ့အစည်းများရှိ နိုင်ငံ့၀န်ထမ်း ရာထူးအုပ်စုများအလိုက် ကျွမ်းကျင်မှုမူဘောင်များနှင့် လုပ်ငန်းတာ၀န်သတ်မှတ်ချက်များရေးဆွဲနိုင်ရေး အထောက်အကူပြု ပံ့ပိုးကူညီဆောင်ရွက်ခြင်း၊ **၁၇-၅-၂၀၁၉ ရက်နေ့တွင် ဒုတိယအကြိမ်ပြင်ဆင်သည်။
  • (ဇ) ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းများ၏ ၀န်ထမ်းရွေးချယ်ရေး၊ လေ့ကျင့်ပျိုးထောင်ရေး၊ စည်းကမ်းထိန်းသိမ်းရေးကိစ္စရပ်များနှင့် စပ်လျဉ်း၍ စိစစ်ညှိနှိုင်း ဆောင်ရွက်ခြင်း၊**၁၇-၅-၂၀၁၉ ရက်နေ့တွင် ဒုတိယအကြိမ်ပြင်ဆင်သည်။
  • (ဈ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရက မိမိတို့တာဝန်ယူ အကောင်အထည်ဖော်ရသည့် လုပ်ငန်းများကို ဆောင်ရွက်နိုင်ရန် နယ်ဘက်ဝန်ထမ်းအဖွဲ့အစည်းများအား ဖွဲ့စည်းခြင်း၊ လိုအပ်သော နယ်ဘက်ဝန်ထမ်းများအား ခန့်အပ်ခြင်းတို့ ပြုရာတွင် ပြည်ထောင်စုအစိုးရအဖွဲ့နှင့် ကြိုတင်ညှိနှိုင်း၍ နိုင်ငံ့၀န်ထမ်းဥပဒေနှင့်အညီ ဖွဲ့စည်းခန့်အပ်နိုင်ရန် ဆောင်ရွက်ခြင်း၊**၁၇-၅-၂၀၁၉ ရက်နေ့တွင် ဒုတိယအကြိမ်ပြင်ဆင်သည်။
  • (ည) အဖွဲ့၏ဆောင်ရွက်ချက်များကို နိုင်ငံတော်သမ္မတထံနှစ်စဉ် အစီရင်ခံခြင်းနှင့် လိုအပ်ပါက ကြားဖြတ်အစီရင်ခံစာ တင်သွင်းခြင်း၊
  • (ဋ) ပြည်ထောင်စုအစိုးရအဖွဲ့က အခါအားလျော်စွာ ပေးအပ်သော တာဝန်များကိုထမ်းဆောင်ခြင်း။

၉။ ဝန်ထမ်းများအား ခန့်ထားရေးနှင့် အဆင့် တိုးမြှင့်ရေးတို့အတွက် ရွေးချယ်ခြင်းနှင့်စပ်လျဉ်း၍ အဖွဲ့၏လုပ်ပိုင်ခွင့်များမှာ အောက်ပါအတိုင်းဖြစ်သည်-**၁၇-၅-၂၀၁၉ ရက်နေ့တွင် ဒုတိယအကြိမ်ပြင်ဆင်သည်။

  • (က) မည်သည့်ရာထူးအဆင့် ဝန်ထမ်းများကိုသာ အဖွဲ့က ရွေးချယ်ခွင့် ရှိကြောင်း ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် သတ်မှတ်ခြင်း၊
  • (ခ) အဖွဲ့ကသာ ရွေးချယ်ရန်သတ်မှတ်ထားသော ရာထူးအဆင့်မှ အပ ကျန်ရာထူးအဆင့်ရှိ ဝန်ထမ်းများအား သက်ဆိုင်ရာ ဝန်ကြီးဌာနနှင့်အဖွဲ့အစည်းများက ရွေးချယ်ရန်သတ်မှတ်ခြင်း၊**၁၇-၅-၂၀၁၉ ရက်နေ့တွင် ဒုတိယအကြိမ်ပြင်ဆင်သည်။
  • (ဂ) အဖွဲ့ကသာ ရွေးချယ်ရန်သတ်မှတ်ထားသော ရာထူးအဆင့်မှအပ ကျန်ရာထူးအဆင့်ရှိ ၀န်ထမ်းများကို ရွေးချယ်ရန် ဝန်ကြီးဌာနနှင့်အဖွဲ့အစည်းအကြီးအမှူး သို့မဟုတ် ၀န်ထမ်းအဖွဲ့အစည်းအကြီးအမှူးက အဖွဲ့ဖွဲ့စည်း၍ ဆောင်ရွက်စေရန် လွှဲအပ်ခြင်း၊**၁၇-၅-၂၀၁၉ ရက်နေ့တွင် ဒုတိယအကြိမ်ပြင်ဆင်သည်။
  • (ဃ) ပုဒ်မ ၈၊ ပုဒ်မခွဲ(ဇ)ပါ ပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်စေဘဲ ပုဒ်မ ၈ ၊ ပုဒ်မခွဲ (ဈ) ပါ ဝန်ထမ်းများကို ခန့်အပ်လိုသည့်ကိစ္စများတွင် အဖွဲ့၏ညွှန်ကြားချက်များနှင့်အညီ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးများအား ဆောင်ရွက်စေခြင်း၊**၁၇-၅-၂၀၁၉ ရက်နေ့တွင် ဒုတိယအကြိမ်ပြင်ဆင်သည်။
  • (င) ထူးခြားသည့်အခြေအနေတစ်ရပ်ရပ်ကြောင့် ဝန်ကြီးဌာနနှင့်အဖွဲ့အစည်းတစ်ခုခုတွင် မည်သည့်အဆင့် ဝန်ထမ်းကိုမဆို ခန့်အပ်ရန် လိုအပ်လျှင် ပြည်ထောင်စုအစိုးရအဖွဲ့သို့ ထောက်ခံတင်ပြခြင်း၊**၁၇-၅-၂၀၁၉ ရက်နေ့တွင် ဒုတိယအကြိမ်ပြင်ဆင်သည်။
  • (စ) ပြန်တမ်းဝင်အရာရှိအဆင့်သို့ တိုးမြှင့်ရေးနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာဝန်ကြီးဌာနနှင့်အဖွဲ့အစည်းများက နိုင်ငံ့၀န်ထမ်းဥပဒေနှင့် နည်းဥပဒေများပါ ရာထူးတိုးမြှင့်ရေးဆိုင်ရာ သတ်မှတ်ချက်များနှင့် အညီ ထောက်ခံလာသော ကိစ္စရပ်များကို စိစစ်ဆောင်ရွက်ခြင်း။**၁၇-၅-၂၀၁၉ ရက်နေ့တွင် ဒုတိယအကြိမ်ပြင်ဆင်သည်။

my_MMMY