ပြည်ထောင်စုရာထူးဝန်အဖွဲ့

ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ၊ နည်းဥပဒေများ၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊

နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ ဝန်ထမ်းရေးရာ ကိစ္စရပ်များ


Search
Generic filters
Filter by Lawbook Names
နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ
နိုင်ငံ့ဝန်ထမ်းဥပဒေ
ပြည်ထောင်စုရာထူးဝန်အဖွဲ့နည်းဥပဒေများ
ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ
ဝန်ထမ်းရေးရာကိစ္စရပ်များ

ဤစကားလုံးများဖြင့်ရှာဖွေနိုင်သည်။ ပုဒ်မ(၁)နည်းဥပဒေ(၁)အပိုဒ်(၁)အခန်း(၁)rule(1)article(1)section(1)chapter(1)

ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ

၁၀။ ဝန်ထမ်းများအား ထိရောက်စွာ လေ့ကျင့်ပျိုးထောင်ရေးနှင့်စပ်လျဉ်း၍ အဖွဲ့၏ လုပ်ပိုင်ခွင့်များမှာ အောက်ပါအတိုင်းဖြစ်သည်-

  • (က) ဝန်ထမ်းများအား ထိရောက်စွာ လေ့ကျင့်ပျိုးထောင်နိုင်ရေး အတွက် ဝန်ထမ်းတက္ကသိုလ်များ၊ ဝန်ထမ်းကျောင်းများကို ဖွင့်လှစ်ခြင်း၊
  • (ခ) သင်တန်းများ၊ ဆွေးနွေးပွဲများနှင့် နှီးနှောဖလှယ်ပွဲများ ကျင်းပ ဆောင်ရွက်ခြင်း၊
  • (ဂ) လေ့ကျင့်ရေးဆိုင်ရာ မူဝါဒများရေးဆွဲ၍ ပြည်ထောင်စုအစိုးရသို့ တင်ပြအတည်ပြုချက် ရယူဆောင်ရွက်ခြင်း၊
  • (ဃ) ဝန်ကြီးဌာနနှင့်အဖွဲ့အစည်းအသီးသီးက ယင်းတို့၏ ဝန်ထမ်း များအတွက် ဖွင့်လှစ်သင်ကြားသည့် ဌာနဆိုင်ရာ ကျွမ်းကျင်မှု သင်တန်းများနှင့်စပ်လျဉ်း၍ ချမှတ်ထားသည့် နိုင်ငံ့၀န်ထမ်းလေ့ကျင့်ရေးမူဝါဒနှင့်အညီ ပေါင်းစပ်ညှိနှိုင်းခြင်း၊**၁၇-၅-၂၀၁၉ ရက်နေ့တွင် ဒုတိယအကြိမ်ပြင်ဆင်သည်။
  • (င)၀န်ထမ်းအဖွဲ့အစည်း အကြီးအမှုးများနှင့် အဆင့်မြင့်အရာရှိကြီးများ၏ ရာထူးနေရာများတွင် စွမ်းဆောင်ရည်ရှိသူများကို ထိုက်တန်စွာ ရွေးချယ်ခန့်အပ် တာ၀န်ပေးနိုင်ရေးအတွက် ၀န်ထမ်းအဆင့်အလိုက် ထိရောက်စွာ လေ့ကျင့်ပျိုးထောင်ပေးခြင်း။**၁၇-၅-၂၀၁၉ ရက်နေ့တွင် ဒုတိယအကြိမ်ပြင်ဆင်သည်။

၁၁။ အဖွဲ့သည် အဖွဲ့၏လုပ်ငန်းများဆောင်ရွက်ရာတွင် အဖွဲ့ဝင်များဖြင့် အဖွဲ့ငယ်များကို ဖွဲ့စည်းဆောင်ရွက်နိုင်သည်။

၁၂။ အဖွဲ့သည် အဖွဲ့၏လုပ်ငန်းများ ဆောင်ရွက်ရာတွင် ကျွမ်းကျင်မှုဆိုင်ရာ အကူအညီလိုအပ်ပါက ဝန်ထမ်းအဖွဲ့အစည်းများထံမှလည်းကောင်း၊ ကျွမ်းကျင်သူပုဂ္ဂိုလ်များထံမှလည်းကောင်း အကူအညီတောင်းခံခွင့်ရှိသည်။ **၁၇-၅-၂၀၁၉ ရက်နေ့တွင် ဒုတိယအကြိမ်ပြင်ဆင်သည်။

၁၃။ အဖွဲ့သည် ဝန်ထမ်းများနှင့်ပတ်သက်သည့် လိုအပ်သော အချက် အလက်များကို သက်ဆိုင်ရာ ဝန်ထမ်းအဖွဲ့အစည်းများထံမှ တောင်းခံခွင့်ရှိသည်။ **၁၇-၅-၂၀၁၉ ရက်နေ့တွင် ဒုတိယအကြိမ်ပြင်ဆင်သည်။

အခန်း(၄)
ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၏ ရာထူးသက်တမ်း၊ ရာထူးမှနုတ်ထွက်ခြင်း၊ တာဝန်မှရပ်စဲခြင်းနှင့် လစ်လပ်ရာထူးနေရာတွင် ဖြည့်စွက်ခန့်ထားခြင်း

၁၄။ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၏ ရာထူးသက်တမ်းသည် နိုင်ငံတော်သမ္မတ၏ ရာထူးသက်တမ်းအတိုင်းဖြစ်သည်။

၁၅။(က) ဥက္ကဋ္ဌသည် ရာထူးသက်တမ်းမကုန်ဆုံးမီ အကြောင်းတစ်ခုခု ကြောင့် မိမိသဘောဆန္ဒအလျောက် ရာထူးမှနုတ်ထွက်လိုလျှင် ထိုသို့နုတ်ထွက်လိုကြောင်း နိုင်ငံတော်သမ္မတထံ စာဖြင့်တင်ပြပြီးရာထူးမှနုတ်ထွက်နိုင်သည်။

(ခ) အဖွဲ့ဝင်တစ်ဦးဦးသည် ပုဒ်မခွဲ (က) ပါအတိုင်း ရာထူးမှ နုတ်ထွက်လိုလျှင် ထိုသို့နုတ်ထွက်လိုကြောင်း ဥက္ကဋ္ဌမှတစ်ဆင့် နိုင်ငံတော်သမ္မတထံ စာဖြင့်တင်ပြပြီး ရာထူးမှ နုတ်ထွက်
နိုင်သည်။

၁၆။ ပေးအပ်သည့်တာဝန်ကို ကျေပွန်စွာမထမ်းဆောင်နိုင်သော သို့မဟုတ် ပုဒ်မ ၁၈ ပါ ကျင့်ဝတ်နှင့်စည်းကမ်းများကို လိုက်နာစောင့်ထိန်းခြင်းမရှိသော ဥက္ကဋ္ဌ သို့မဟုတ် အဖွဲ့ဝင်တစ်ဦးဦးအား ရာထူးမှနုတ်ထွက်ရန် နိုင်ငံတော် သမ္မတက ညွှန်ကြားနိုင်သည်။ နိုင်ငံတော်သမ္မတ၏ ညွှန်ကြားချက်ကို လိုက်နာ ခြင်းမပြုလျှင် တာဝန်မှရပ်စဲခြင်းခံရမည်။

၁၇။ ရာထူးမှနုတ်ထွက်ခြင်းကြောင့်ဖြစ်စေ၊ တာဝန်မှရပ်စဲခံရခြင်းကြောင့် ဖြစ်စေ၊ ကွယ်လွန်ခြင်းကြောင့်ဖြစ်စေ၊ အခြားအကြောင်းတစ်ခုခုကြောင့် ဖြစ်စေ ဥက္ကဋ္ဌ သို့မဟုတ် အဖွဲ့ဝင်ရာထူးနေရာလစ်လပ်လျှင် နိုင်ငံတော်သမ္မတသည် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ဥက္ကဋ္ဌ သို့မဟုတ် အဖွဲ့ဝင်ခန့်ထားခြင်းနှင့် စပ်လျဉ်း သည့် ပြဋ္ဌာန်းချက်များနှင့်အညီ ဥက္ကဋ္ဌအသစ် သို့မဟုတ် အဖွဲ့ဝင်အသစ်အား ခန့်အပ်တာဝန်ပေးနိုင်သည်။ ထိုသို့ခန့်အပ်တာဝန်ပေးခြင်းခံရသည့် ဥက္ကဋ္ဌ သို့မဟုတ် အဖွဲ့ဝင်၏ ရာထူးသက်တမ်းသည် နိုင်ငံတော်သမ္မတ၏ ကျန်ရှိသည့် ရာထူးသက်တမ်းအတွက်သာ ဖြစ်စေရမည်။

အခန်း(၅)
ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၏ ကျင့်ဝတ်နှင့်စည်းကမ်းများ

၁၈။ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည် အောက်ပါကျင့်ဝတ်နှင့်စည်းကမ်းများကို လိုက်နာစောင့်ထိန်းရမည် –

  • (က) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်မှတစ်ပါး မည်သည့် နိုင်ငံ၏ကျေးဇူးသစ္စာကိုမျှ ခံယူခြင်းမပြုရ။
  • (ခ) ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ဤဥပဒေနှင့် တည်ဆဲဥပဒေများပါ ပြဋ္ဌာန်းချက်များကို လိုက်နာစောင့်ထိန်းရမည်။
  • (ဂ) တာဝန်ထမ်းဆောင်ရာ၌ အဂတိမလိုက်စားဘဲ ဖြောင့်မတ် တည်ကြည်စွာ ထမ်းဆောင်ရမည်။
  • (ဃ) မိမိတာဝန်၊ သိက္ခာနှင့်အညီ ပြောဆိုနေထိုင်ကျင့်ကြံရမည်။

အခန်း(၆)
အဖွဲ့အစည်းအဝေးများ

၁၉။ အဖွဲ့၏ ပုံမှန်အစည်းအဝေးကို သာမန်အားဖြင့် တစ်လလျှင် အနည်းဆုံး နှစ်ကြိမ်ကျင်းပရမည်။ လိုအပ်ပါက အထူးအစည်းအဝေးကို ခေါ်ယူ ကျင်းပနိုင်သည်။

my_MMMY