ပြည်ထောင်စုရာထူးဝန်အဖွဲ့

ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ၊ နည်းဥပဒေများ၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊

နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ ဝန်ထမ်းရေးရာ ကိစ္စရပ်များ


Search
Generic filters
Filter by Lawbook Names
နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ
နိုင်ငံ့ဝန်ထမ်းဥပဒေ
ပြည်ထောင်စုရာထူးဝန်အဖွဲ့နည်းဥပဒေများ
ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ
ဝန်ထမ်းရေးရာကိစ္စရပ်များ

ဤစကားလုံးများဖြင့်ရှာဖွေနိုင်သည်။ ပုဒ်မ(၁)နည်းဥပဒေ(၁)အပိုဒ်(၁)အခန်း(၁)rule(1)article(1)section(1)chapter(1)

ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ – Mobile

အခန်း(၂)
ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဖွဲ့စည်းခြင်းနှင့် ခန့်အပ်တာဝန်ပေးခြင်း

အဖွဲ့ ဖွဲ့စည်းခြင်း

၄။ နိုင်ငံတော်သမ္မတသည် နိုင်ငံ့ဝန်ထမ်းရွေးချယ်ရေး၊ လေ့ကျင့်ရေးနှင့် နိုင်ငံ့ဝန်ထမ်း စည်းမျဉ်း စည်းကမ်းသတ်မှတ်ရေး တာဝန်များထမ်းဆောင်နိုင်ရန် ဥက္ကဋ္ဌအပါအဝင် အဖွဲ့ဝင်ဦးရေ အနည်းဆုံးငါးဦးမှ အများဆုံးခုနှစ်ဦးအထိ ပါဝင်သော ပြည်ထောင်စုရာထူးဝန်အဖွဲ့ကို ဖွဲ့စည်းရမည်။

ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ ခန့်အပ်တာဝန်ပေးခြင်း

၅။ နိုင်ငံတော်သမ္မသည် အောက်ပါအရည်အချင်းများနှင့် ပြည့်စုံသည့် ပုဂ္ဂိုလ်များထဲမှ ဥက္ကဋ္ဌတစ်ဦးနှင့် အဖွဲ့ဝင်များကို ခန့်အပ်တာဝန်ပေးရမည်-

  • (က) အသက် ၅၀ နှစ်ပြည့်ပြီးသူ၊
  • ( ခ ) အသက်ကန့်သတ်ချက်မှအပ ဖွဲ့စည်းပုံအ‌ခြေခံဥပဒေ ပုဒ်မ ၁၂၀ တွင် ဖော်ပြထားသော ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအတွက် သတ်မှတ်ထားသည့် အရည်အချင်း များနှင့် ပြည့်စုံသူ၊
  • ( ဂ ) ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၂၁ တွင် ဖော်ပြထားသည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအဖြစ် ရွေးချယ်တင်မြှောက်ခံပိုင်ခွင့်မရှိစေသော ပြဋ္ဌာန်းချက် များနှင့်လည်း ငြိစွန်းခြင်းမရှိသူ၊
  • (ဃ) အတွေ့အကြုံရင့်ကျက်သော အသိပညာရှင်၊ အတတ်ပညာရှင်ဖြစ်သူ၊
  • ( င ) နိုင်ငံတော်နှင့် နိုင်ငံသားများအပေါ် သစ္စာရှိသူ၊
  • ( စ ) နိုင်ငံရေးပါတီဝင်မဟုတ်သူ၊
  • (ဆ) လွှတ်တော်ကိုယ်စားလှယ် မဟုတ်သူ။

၆။ (က) ဥက္ကဋ္ဌသည် နိုင်ငံတော်သမ္မတအား တာဝန်ခံရမည်။

( ခ ) အဖွဲ့ဝင်များသည် ဥက္ကဋ္ဌအားလည်းကောင်း၊ ဥက္ကဋ္ဌမှတစ်ဆင့် နိုင်ငံတော်သမ္မတအား လည်းကောင်း တာဝန်ခံရမည်။

၇။ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည်-

  • (က) နိုင်ငံ့ဝန်ထမ်းဖြစ်ပါက ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၄၆၊ ပုဒ်မခွဲ(ဂ)ပါ ပြဋ္ဌာန်းချက် အတိုင်း ဆောင်ရွက်ရမည်။
  • ( ခ ) နောင်လာမည့် အထွေထွေရွေးကောက်ပွဲတစ်ရပ်ရပ်တွင် ပါဝင်ရွေးချယ်ခံမည့်သူ ဖြစ်ပါက နိုင်ငံသားတစ်ဦးအား ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၈၊ ပုဒ်မခွဲ (က)အရ ပေးအပ်သော ရွေးကောက်တင်မြှောက်ခံပိုင်ခွင့် မဆုံးရှုံးစေရန်အလို့ငှာ ရွေးကောက်ပွဲ ကျင်းပရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာသည့်နေ့မှစ၍ ဖွဲ့စည်းပုံအ‌ခြေခံဥပဒေပုဒ်မ ၁၂၀ နှင့် ၁၂၁ တို့ပါ ပြဋ္ဌာန်းချက်များနှင့် ကိုက်ညီလျှင်‌ ရွေးကောက်ပွဲဆိုင်ရာ ပါတီစည်းရုံးရေးလုပ်ငန်းများကိုလည်းကောင်း၊ နယ်မြေ စည်းရုံးရေးလုပ်ငန်းများကိုလည်းကောင်း ဆောင်ရွက်ခွင့်ရှိသည်။

အခန်း(၃)
အဖွဲ့၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များ

၈။ အဖွဲ့၏တာဝန်များမှာ အောက်ပါအတိုင်းဖြစ်သည်-

  • (က) ပုဒ်မ ၃ ပါ နိုင်ငံ့ဝန်ထမ်းများကို စနစ်တကျ ရွေးချယ်ခြင်း၊
  • ( ခ ) ဝန်ထမ်းများအား ထိရောက်စွာလေ့ကျင့်ပျိုးထောင်ခြင်း၊
  • ( ဂ ) ဝန်ထမ်းဆိုင်ရာကျင့်ဝတ်များ၊ စည်းမျဉ်းစည်းကမ်းများ၊ လုပ်ထုံးလုပ်နည်းများ၊ စံနှုန်းများသတ်မှတ်ရေးနှင့် မူဝါဒလမ်းညွှန်ချက်များ ချမှတ်နိုင်ရေးအတွက် ပြည်ထောင်စုအစိုးရအား အထောက်အကူပြုခြင်း၊
  • (ဃ) ဝန်ထမ်းရေးရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ သုတေသနပြုလုပ်ခြင်း၊
  • ( င ) ပြည်ထောင်စုအစိုးရ၏ ခွင့်ပြုချက်ဖြင့် ဝန်ထမ်းရေးရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ ကုလသမဂ္ဂလက်အောက်ခံအဖွဲ့အစည်းများ၊ ဒေသဆိုင်ရာအဖွဲ့အစည်းများ၊ နိုင်ငံ တကာအဖွဲ့အစည်းများနှင့် ဆက်သွယ်ဆောင်ရွက်ခြင်း၊
  • ( စ ) ဝန်ထမ်းအဖွဲ့အစည်းများက မေးမြန်းလာသည့် ဝန်ထမ်းရေးရာကိစ္စရပ်များကို လေ့လာစိစစ်ပြီး တည်ဆဲစည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ပြန်ကြားခြင်း၊
  • (ဆ) ဝန်ထမ်းများအား အရေးယူခြင်းဆိုင်ရာကိစ္စများနှင့်စပ်လျဉ်း၍ မှတ်တမ်းများကို စနစ်တကျ ထိန်းသိမ်းထားရှိခြင်း၊
  • ( ဇ ) ပြည်ထောင်စုဝန်ထမ်းအဖွဲ့အစည်းများနှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဝန်ထမ်းအဖွဲ့အစည်းများ၏ ဝန်ထမ်းရွေးချယ်ရေး၊ လေ့ကျင့်ပျိုးထောင်ရေး၊ စည်းကမ်း ထိန်းသိမ်းရေးကိစ္စများနှင့်စပ်လျဉ်း၍ စိစစ်ညှိနှိုင်းဆောင်ရွက်ခြင်း၊
  • ( ဈ ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရက မိမိတို့တာဝန်ယူ အကောင်အထည် ဖော်ရသည့် လုပ်ငန်းများကို ဆောင်ရွက်နိုင်ရန် နယ်ဘက်ဝန်ထမ်းအဖွဲ့အစည်းများ အား ဖွဲ့စည်းခြင်း၊ လိုအပ်သောနယ်ဘက်ဝန်ထမ်းများ ခန့်အပ်ခြင်းတို့ ပြုရာတွင် နိုင်ငံ့ဝန်ထမ်းဆိုင်ရာ ပြည်ထောင်စုဥပဒေနှင့်အညီလည်းကောင်း၊ ပြည်ထောင်စုအစိုးရ နှင့် ကြိုတင်ညှိနှိုင်း၍လည်းကောင်း ဖွဲ့စည်းခန့်ထားနိုင်ရန်ညှိနှိုင်းဆောင်ရွက်ခြင်း၊
  • (ည) အဖွဲ့၏ဆောင်ရွက်ချက်များကို နိုင်ငံတော်သမ္မတထံ နှစ်စဉ်အစီရင်ခံခြင်းနှင့် လိုအပ်ပါက ကြားဖြတ်အစီရင်ခံစာ တင်သွင်းခြင်း၊
  • ( ဋ ) ပြည်ထောင်စုအစိုးရအဖွဲ့က အခါအားလျော်စွာ ပေးအပ်သော တာဝန်များကို ထမ်းဆောင်ခြင်း။

၉။ ဝန်ထမ်းများအား ခန့်ထားရေးနှင့်အဆင့်တိုးမြှင့်ရေးတို့အတွက် ရွေးချယ်ခြင်းနှင့် စပ်လျဉ်း၍ အဖွဲ့၏ လုပ်ပိုင်ခွင့်များမှာ အောက်ပါအတိုင်းဖြစ်သည်-

  • (က) မည်သည့်ရာထူးအဆင့် ဝန်ထမ်းများကိုသာ အဖွဲ့ကရွေးချယ်ခွင့်ရှိကြောင်း ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် သတ်မှတ်ခြင်း၊
  • ( ခ ) အဖွဲ့ကသာ ရွေးချယ်ရန် သတ်မှတ်ထားသော ရာထူးအဆင့်မှအပ ကျန်ရာထူး အဆင့်ရှိ ဝန်ထမ်းများအား အဖွဲ့၏ညွှန်ကြားချက်များနှင့်အညီ သက်ဆိုင်ရာ ဝန်ထမ်းအဖွဲ့အစည်းများက ရွေးချယ်ရန် သတ်မှတ်ခြင်း၊
  • ( ဂ ) ပြည်ထောင်စုဝန်ထမ်းအဖွဲ့အစည်းများအား ပုဒ်မခွဲ(ခ)အရ သတ်မှတ်ရာထူးအတွက် ဝန်ထမ်းများကို သက်ဆိုင်ရာဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးက အဖွဲ့ဖွဲ့စည်း၍ ရွေးချယ်ရန်လွှဲအပ်ခြင်း၊
  • (ဃ) ပုဒ်မ ၈၊ ပုဒ်မခွဲ(ဇ)ပါ ပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်စေဘဲ ပုဒ်မ ၈ ၊ ပုဒ်မခွဲ (ဈ) ပါ ဝန်ထမ်းများကို ခန့်အပ်လိုသည့်ကိစ္စများတွင် အဖွဲ့၏ညွှန်ကြားချက်များနှင့်အညီ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးများအား ဆောင်ရွက်စေခြင်း၊
  • ( င ) ထူးခြားသည့် အခြေအနေတစ်ရပ်ရပ်ကြောင့် ဝန်ထမ်းအဖွဲ့အစည်းတစ်ခုခုတွင် မည်သည့်အဆင့် ဝန်ထမ်းကိုမဆို ခန့်အပ်ရန်လိုအပ်လျှင် ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးသို့ ထောက်ခံတင်ပြခြင်း၊
  • ( စ ) သက်ဆိုင်ရာ ဝန်ထမ်းအဖွဲ့အစည်းများက ပြန်တမ်းဝင်အရာရှိအဆင့်သို့ တိုးမြှင့်ရေး နှင့်စပ်လျဉ်း၍ ထောက်ခံလာသော ကိစ္စရပ်များကို ရာထူးတိုးမြှင့်ရေးဆိုင်ရာ သတ်မှတ်ချက်များနှင့်အညီ စိစစ်ဆောင်ရွက်ခြင်း၊

၁၀။ ဝန်ထမ်းများအား ထိရောက်စွာ လေ့ကျင့်ပျိုးထောင်ရေးနှင့်စပ်လျဉ်း၍ အဖွဲ့၏လုပ်ပိုင်ခွင့် များမှာ အောက်ပါအတိုင်းဖြစ်သည်-

  • (က) ဝန်ထမ်းများအား ထိရောက်စွာ လေ့ကျင့်ပျိုးထောင်နိုင်ရေးအတွက် ဝန်ထမ်း တက္ကသိုလ်များ၊ ဝန်ထမ်းကျောင်းများကို ဖွင့်လှစ်ခြင်း၊
  • ( ခ ) သင်တန်းများ၊ ဆွေးနွေးပွဲများနှင့် နှီးနှောဖလှယ်ပွဲများ ကျင်းပဆောင်ရွက်ခြင်း၊
  • ( ဂ ) လေ့ကျင့်ရေးဆိုင်ရာမူဝါဒများရေးဆွဲ၍ ပြည်ထောင်စုအစိုးရသို့ တင်ပြအတည်ပြုချက် ရယူဆောင်ရွက်ခြင်း၊
  • (ဃ) ပြည်ထောင်စုဝန်ထမ်းအဖွဲ့အစည်းအသီးသီးက ယင်းတို့၏ ဝန်ထမ်းများအတွက် ဖွင့်လှစ်သင်ကြားသည့် ဌာနဆိုင်ရာ ကျွမ်းကျင်မှုသင်တန်းများနှင့် စပ်လျဉ်း၍ ချမှတ်ထားသည့် လေ့ကျင့်ရေးမူဝါဒများနှင့်အညီ ပေါင်းစပ်ညှိနှိုင်းခြင်း။

၁၂။ အဖွဲ့သည် အဖွဲ့၏လုပ်ငန်းများဆောင်ရွက်ရာတွင် ကျွမ်းကျင်မှုဆိုင်ရာ အကူအညီလိုအပ်ပါက ဝန်ထမ်းအဖွဲ့အစည်းများထံမှလည်းကောင်း၊ ကျွမ်းကျင်သူပုဂ္ဂိုလ်များထံမှလည်းကောင်း အကူအညီ တောင်းခံခွင့်ရှိသည်။

၁၃။ အဖွဲ့သည် ဝန်ထမ်းများနှင့်ပတ်သက်သည့် လိုအပ်သောအချက်အလက်များကို သက်ဆိုင်ရာ ဝန်ထမ်းအဖွဲ့အစည်းများထံမှ တောင်းခံခွင့်ရှိသည်။

my_MMMY