ပြည်ထောင်စုရာထူးဝန်အဖွဲ့

ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ၊ နည်းဥပဒေများ၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊

နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ ဝန်ထမ်းရေးရာ ကိစ္စရပ်များ


Search
Generic filters
Filter by Lawbook Names
နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ
နိုင်ငံ့ဝန်ထမ်းဥပဒေ
ပြည်ထောင်စုရာထူးဝန်အဖွဲ့နည်းဥပဒေများ
ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ
ဝန်ထမ်းရေးရာကိစ္စရပ်များ

ဤစကားလုံးများဖြင့်ရှာဖွေနိုင်သည်။ ပုဒ်မ(၁)နည်းဥပဒေ(၁)အပိုဒ်(၁)အခန်း(၁)rule(1)article(1)section(1)chapter(1)

ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ – ၂၀၁၀ ပြည့်နှစ်

၁၂။ အဖွဲ့သည် အဖွဲ့၏လုပ်ငန်းများဆောင်ရွက်ရာတွင် ကျွမ်းကျင်မှုဆိုင်ရာ အကူအညီလိုအပ်ပါက ဝန်ထမ်းအဖွဲ့အစည်းများထံမှလည်းကောင်း၊ ကျွမ်းကျင်သူပုဂ္ဂိုလ်များထံမှလည်းကောင်း အကူအညီ တောင်းခံခွင့်ရှိသည်။

၁၃။ အဖွဲ့သည် ဝန်ထမ်းများနှင့်ပတ်သက်သည့် လိုအပ်သောအချက်အလက်များကို သက်ဆိုင်ရာ ဝန်ထမ်းအဖွဲ့အစည်းများထံမှ တောင်းခံခွင့်ရှိသည်။

အခန်း(၄)
ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၏ ရာထူးသက်တမ်း၊ ရာထူးမှနုတ်ထွက်ခြင်း၊ တာဝန်မှရပ်စဲခြင်းနှင့် လစ်လပ်ရာထူးနေရာတွင် ဖြည့်စွက်ခန့်ထားခြင်း

၁၄။ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၏ ရာထူးသက်တမ်းသည် နိုင်ငံတော်သမ္မတ၏ ရာထူးသက်တမ်း အတိုင်းဖြစ်သည်။

၁၅။ (က) ဥက္ကဋ္ဌသည် ရာထူးသက်တမ်းမကုန်ဆုံးမီ အကြောင်းတစ်ခုခုကြောင့် မိမိသဘော ဆန္ဒအလျောက် ရာထူးမှနုတ်ထွက်လိုလျှင် ထိုသို့နုတ်ထွက်လိုကြောင်း နိုင်ငံတော် သမ္မတထံ စာဖြင့်တင်ပြပြီး ရာထူးမှ နုတ်ထွက်နိုင်သည်။

( ခ ) အဖွဲ့ဝင်တစ်ဦးဦးသည် ပုဒ်မခွဲ(က)ပါ အတိုင်း ရာထူးမှနုတ်ထွက်လိုလျှင် ထိုသို့ နုတ်ထွက်လိုကြောင်း ဥက္ကဋ္ဌမှတစ်ဆင့် နိုင်ငံတော်သမ္မတထံ စာဖြင့်တင်ပြပြီး ရာထူးမှနုတ်ထွက်နိုင်သည်။

၁၆။ ပေးအပ်သည့်တာဝန်ကို ကျေပွန်စွာမထမ်းဆောင်နိုင်သော သို့မဟုတ် ပုဒ်မ ၁၈ ပါ ကျင့်ဝတ်နှင့် စည်းကမ်းများကို လိုက်နာစောင့်ထိန်းခြင်းမရှိသော ဥက္ကဋ္ဌ သို့မဟုတ် အဖွဲ့ဝင် တစ်ဦးဦးအား ရာထူးမှနုတ်ထွက်ရန် နိုင်ငံတော်သမ္မတက ညွှန်ကြားနိုင်သည်။ နိုင်ငံတော်သမ္မတ၏ ညွှန်ကြားချက်ကို လိုက်နာခြင်းမပြုလျှင် တာဝန်မှရပ်စဲခြင်း ခံရမည်။

၁၇။ ရာထူးမှနုတ်ထွက်ခြင်းကြောင့်ဖြစ်စေ၊ တာဝန်မှရပ်စဲခံရခြင်းကြောင့်ဖြစ်စေ၊ ကွယ်လွန်ခြင်း ကြောင့်ဖြစ်စေ၊ အခြားအကြောင်းတစ်ခုခုကြောင့်ဖြစ်စေ ဥက္ကဋ္ဌ သို့မဟုတ် အဖွဲ့ဝင် ရာထူးနေရာ လစ်လပ်လျှင် နိုင်ငံတော်သမ္မတသည် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ဥက္ကဋ္ဌ သို့မဟုတ် အဖွဲ့ဝင် ခန့်ထားခြင်းနှင့်စပ်လျဉ်းသည့် ပြဋ္ဌာန်းချက်များနှင့်အညီ ဥက္ကဋ္ဌအသစ် သို့မဟုတ် အဖွဲ့ဝင် အသစ်အား ခန့်အပ်တာဝန်ပေးနိုင်သည်။ ထိုသို့ ခန့်အပ်တာဝန်ပေးခြင်းခံရသည့် ဥက္ကဋ္ဌ သို့မဟုတ် အဖွဲ့ဝင်၏ ရာထူးသက်တမ်းသည် နိုင်ငံတော်သမ္မတ၏ ကျန်ရှိသည့်ရာထူးသက်တမ်းအတွက်သာ ဖြစ်စေရမည်။

အခန်း(၅)
ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၏ ကျင့်ဝတ်နှင့်စည်းကမ်းများ

၁၈။ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် အောက်ပါကျင့်ဝတ်နှင့် စည်းကမ်းများကို လိုက်နာစောင့်ထိန်း ရမည်-

  • (က) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်မှတစ်ပါး မည်သည့်နိုင်ငံ၏ ကျေးဇူးသစ္စာ ကိုမျှ ခံယူခြင်း မပြုရ။
  • ( ခ ) ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ဤဥပဒေနှင့် တည်ဆဲဥပဒေများပါ ပြဋ္ဌာန်းချက်များကို လိုက်နာစောင့်ထိန်းရမည်။
  • ( ဂ ) တာဝန်ထမ်းဆောင်ရာ၌ အဂတိမလိုက်စားဘဲ ဖြောင့်မတ်တည်ကြည်စွာ ထမ်းဆောင် ရမည်။
  • (ဃ) မိမိတာဝန်၊ သိက္ခာနှင့်အညီ ပြောဆိုနေထိုင် ကျင့်ကြံရမည်။

အခန်း(၆)
အဖွဲ့အစည်းအဝေးများ

၁၉။ အဖွဲ့၏ ပုံမှန်အစည်းအဝေးကို သာမန်အားဖြင့် တစ်လလျှင်အနည်းဆုံးနှစ်ကြိမ် ကျင်းပ ရမည်။ လိုအပ်ပါက အထူးအစည်းအဝေးကို ခေါ်ယူကျင်းပနိုင်သည်။

my_MMMY