၇။ အငြိမ်းစားယူခြင်းကိစ္စ
နည်းဥပဒေ ၂၆၉ အရ မိသားစုအထူးပင်စင်ခံစားခွင့်ရှိသည့်ကာလ သတ်မှတ်ချက်မှာ အောက်ပါအတိုင်းဖြစ်သည် –
- (က) ကွယ်လွန်သူဝန်ထမ်း၏ ဇနီး သို့မဟုတ် ခင်ပွန်း၊ မိခင် သို့မဟုတ် ဖခင်ကို ခွင့်ပြုသည့်ကိစ္စတွင် ခံစားခွင့်ရရှိသူ သေဆုံးသည့်နေ့ရက် သို့မဟုတ် ထပ်မံ အိမ်ထောင်ပြုသည့်နေ့ရက် (ထိုနေ့ရက်နှစ်ခု အနက် စောရာနေ့ရက်) အထိ၊
- ( ခ ) အရွယ်မရောက်သေးသည့် သား သို့မဟုတ် အရွယ်မရောက်သေးသည့် ညီကို ခွင့်ပြု သည့်ကိစ္စတွင် ခံစားခွင့်ရရှိသူ အသက် ၁၈ နှစ်ပြည့်သည့်နေ့ရက်အထိ၊
- ( ဂ ) အိမ်ထောင်မပြုရသေးသည့် သမီး သို့မဟုတ် အရွယ်မရောက်သေးသည့် ညီမကို ခွင့်ပြုသည့်ကိစ္စတွင် ခံစားခွင့်ရရှိသူ အိမ်ထောင်ပြုသည့်နေ့ရက် သို့မဟုတ် အသက် ၂၁ နှစ်ပြည့်သည့်နေ့ရက် (ထိုနေ့ရက်နှစ်ခုအနက် စောရာနေ့ရက်) အထိ။
နည်းဥပဒေ ၂၇၀ အရ ဝန်ထမ်း၏ကျန်ရစ်သူတရားဝင် ဇနီးကို ခွင့်ပြုသည့် မိသားစု အထူးပင်စင်သည် ယင်းထပ်မံ အိမ်ထောင်ပြုသည့်အခါတွင် ရပ်စဲသွားစေရမည်။ သို့ရာတွင် ဒုတိယအိမ်ထောင်ပြုပြီး ခင်ပွန်းဖြစ်သူကွယ်လွန်သည့်အခါ၌ ငွေကြေးကျပ်တည်းသည့် အခြေ အနေမျိုးရှိနေသည်ဟု ဝန်ကြီးဌာနနှင့်အဖွဲ့အစည်းအကြီးအမှူး သို့မဟုတ် ခွင့်ပြုပိုင်ခွင့်ရှိသည့် ပုဂ္ဂိုလ်က ယုံကြည်ပါက မိသားစုအထူးပင်စင် တစ်ရပ်လုံးကိုဖြစ်စေ၊ တစ်စိတ်တစ်ဒေသကိုဖြစ်စေ ပြန်လည်ခွင့်ပြုနိုင်သည်။
နည်းဥပဒေ ၂၇၁ အရ အထူးပင်စင် သို့မဟုတ် မိသားစုအထူးပင်စင်တောင်းခံရန် အကြောင်း ပေါ်ပေါက်သည့်အခါတွင် အနာတရဖြစ်သည့်ဝန်ထမ်း သို့မဟုတ် သေဆုံးသည့်ဝန်ထမ်း တာဝန်ထမ်းဆောင် ခဲ့သည့်ဝန်ထမ်းအဖွဲ့အစည်းသည် အထူးပင်စင်တောင်းခံလွှာကို ဝန်ကြီး ဌာနနှင့်အဖွဲ့အစည်းထံသို့ အောက်ပါစာရွက်စာတမ်းများနှင့်အတူ ပေးပို့ရပါမည်-
- (က) အနာတရဖြစ်ခဲ့ရသည့် အကြောင်းခြင်းရာ သို့မဟုတ် ရောဂါရရှိခဲ့သည့် အကြောင်း ခြင်းရာ သို့မဟုတ် သေဆုံးခဲ့ရသည့် အကြောင်းခြင်းရာ အပြည့်အစုံကို ဖော်ပြသည့် အစီရင်ခံစာ၊
- ( ခ ) အထူးပင်စင် (အနာတရပင်စင်) အတွက် ပင်စင်ဦးစီးဌာန၏ သတ်မှတ်ပုံစံ(က) သို့မဟုတ် မိသားစုအထူးပင်စင်အတွက် သတ်မှတ်ပုံစံ (ခ) တို့တွင် ဖြည့်သွင်းထား သည့်လျှောက်လွှာ၊
- ( ဂ ) အနာတရဖြစ်သည့်ဝန်ထမ်း သို့မဟုတ် ရောဂါရရှိခဲ့သည့် ဝန်ထမ်း၏ကိစ္စတွင် ဆေးအဖွဲ့၏ အစီရင်ခံစာ၊
- (ဃ) သေဆုံးသည့်ဝန်ထမ်း၏ကိစ္စတွင် သေဆုံးရခြင်းအကြောင်းကို ဖော်ပြသည့် ဆေးအဖွဲ့ ၏ အစီရင်ခံစာ၊
- ( င ) ဆေးအဖွဲ့၏ အစီရင်ခံစာမရရှိနိုင်သည့် အကြောင်းခြင်းရာများဖြင့် သေဆုံးခဲ့ရသည့် ဝန်ထမ်း၏ကိစ္စတွင် ဝန်ထမ်းမည်ကဲ့သို့သေဆုံးခဲ့ရကြောင်း ဖော်ပြသည့်အထောက် အထား၊
- ( စ ) အနာတရဖြစ်မှု၏ ပြင်းထန်မှုအတိုင်းအတာနှင့်ပတ်သက်၍ ဆေးအဖွဲ့၏ အစီရင်ခံစာ ရယူရန် မဖြစ်နိုင်သည့်ကိစ္စမျိုးတွင် ယင်းအစီရင်ခံစာအစား မြို့နယ်ဆရာဝန်ကြီး၏ အစီရင်ခံစာ သို့မဟုတ် အခြားယုံကြည်စိတ်ချသော အထောက်အထားကို ပြုစုပေးရန် လုပ်ပိုင်ခွင့်လွှဲအပ်ထားသည့် အဖွဲ့အစည်း၏အစီရင်ခံစာ၊
- (ဆ) အထူးပင်စင်ခံစားခွင့် ရှိ မရှိ ခံစားခွင့်ရှိပါက မည်သည့်အတိုင်းအတာအထိ ခံစားခွင့်ရှိသည်တို့ကို ဖော်ပြသည့် ပင်စင်ဦးစီးဌာနသို့ ပေးပို့ရမည့်အစီရင်ခံစာ။
နည်းဥပဒေ ၂၇၂(က) အရ သက်ပြည့်အငြိမ်းစား ဝန်ထမ်း တစ်ဦး၏ တတ်ကျွမ်းမှု ပညာကို ရယူရန်လိုအပ်သဖြင့် ကျွမ်းကျင်သူအဖြစ် စာချုပ်ချုပ်ဆို၍ ခန့်အပ်သည့်ကိစ္စရပ်ကို သက်ဆိုင်ရာဝန်ထမ်းအဖွဲ့အစည်းသည် ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြ၍ အဆုံးအဖြတ် ရယူဆောင်ရွက်ရပါမည်။
နည်းဥပဒေ ၂၅၅ အရ အထူးပင်စင်ခံစားခွင့်ပြုခြင်းကို ဝန်ကြီးဌာနနှင့်အဖွဲ့အစည်း အကြီးအမှူး သို့မဟုတ် ခွင့်ပြုပိုင်ခွင့်လွှဲအပ်ထားသည့် အဖွဲ့ကသာခွင့်ပြုနိုင်သည်။ အထူးပင်စင် ခွင့်ပြုရေးတွင် ဝန်ထမ်းဘက်မှ တာဝန်ပျက်ကွက်မှု သို့မဟုတ် ပေါ့ဆမှု၏ အတိုင်းအတာကိုလည်း ထည့်သွင်းစဉ်းစားရမည်။
နည်းဥပဒေ ၂၅၂(ဂ) အရ အငြိမ်းစားယူပြီးသောဝန်ထမ်းအား ဝန်ထမ်းများအတွက် ပြဋ္ဌာန်းထားသည့် နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများပါပြဋ္ဌာန်းချက်အရ အရေးယူအပြစ်ပေး၍ မရပါ။ သို့ရာတွင် အငြိမ်းစားသည် နည်းဥပဒေ ၁၆၃၊ နည်းဥပဒေခွဲ (ပ) နှင့် နည်းဥပဒေခွဲ (ဖ) ပါ အပြုအမူတစ်ရပ်ရပ်ကို ကျူးလွန်ခဲ့သော် ယင်းအငြိမ်းစား၏ပင်စင်လစာတစ်စိတ်တစ်ဒေသကိုဖြစ်စေ သို့မဟုတ် အားလုံးကိုဖြစ်စေ လျှော့ချခြင်း၊ ရပ်ဆိုင်ခြင်း၊ ပြန်လည်ရုပ်သိမ်းခြင်းပြုနိုင်သည်။
နည်းဥပဒေ ၂၅၂(ဃ) အရ အငြိမ်းစားတစ်ဦးအတွက် ခွင့်ပြုပြီးဖြစ်သည့် ပင်စင်လစာကို အငြိမ်းစားမယူမီက ကျူးလွန်ခဲ့သော ပြစ်မှုတစ်ရပ်ရပ်ကို အကြောင်းပြု၍ ရပ်ဆိုင်းထားခြင်းကို ဖြစ်စေ၊ လျှော့ခြင်းကိုဖြစ်စေ မပြုရ။
နည်းဥပဒေ ၂၅၂ (င) အရ အငြိမ်းစားတစ်ဦး၌ တင်ရှိသည့် ကြွေးမြီများအတွက် ပင်စင် လစာကို တရားရုံး၏ အမိန့်ဒီဂရီအရ သိမ်းဆည်းခြင်း သို့မဟုတ် ဝရမ်းကပ်ခြင်းမပြုရပါ။
နည်းဥပဒေ ၂၅၂ (ဆ) အရ အမြဲတမ်းရာထူးတစ်ခုကို ဖျက်သိမ်းရာ၌ ထိုရာထူးတွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းအား အခြားအလုပ်အကိုင်တစ်ခုခုကို မပေးလျှင် ရာထူးမှ ထွက်ခွာရမည့်နေ့ မတိုင်မီ (၃) လ ကြိုတင်၍ အကြောင်းကြားရမည်။
နည်းဥပဒေ ၂၅၂ (ဌ) အရ ပင်စင်စားကွယ်လွန်ခဲ့လျှင် ပင်စင်လစာ ကျန်ငွေများကို ပင်စင်စား၏ တရားဝင်အမွေစားအမွေခံများအား ထုတ်ပေးနိုင်သည်။ ပင်စင်ဦးစီးဌာနသည် လိုအပ် သလို စိစစ်၍ အမွေစားအမွေခံအား ထုတ်ပေးနိုင်ရန် ဘဏ် သို့မဟုတ် ငွေတိုက်ခွဲသို့ သီးခြားအမိန့် စာဖြင့် ငွေထုတ်ပေးခွင့်ပြုမိန့် ထုတ်ပေးရမည်။