FAQ
နည်းဥပဒေ ၁၅၀ အရ ပြည်တွင်း၌ဖြစ်စေ၊ ပြည်ပ၌ဖြစ်စေ ပညာဆက်လက်သင်ကြားရန် သို့မဟုတ် လုပ်ငန်းဆိုင်ရာလေ့ကျင့်မှုများရယူရန် ရွေးချယ်စေလွှတ်ခြင်းခံရသော ဝန်ထမ်း၏ ပညာသင်ကာလတစ်ခုလုံးကို အချိန်ပြည့်တာဝန်ထမ်းဆောင်နေသည့်ကာလအဖြစ် သတ်မှတ်ရမည်။ ထို့အပြင် ပညာသင်ကာလကို အကန့်အသတ်မထားဘဲ ထိုကာလတစ်လျှောက်လုံးတွင် (နှစ်တိုး အပါအဝင်) လစာအပြည့် ခွင့်ပြုရမည်။
နည်းဥပဒေ ၁၅၁ အရ ဝန်ထမ်းသည် ပြည်ပသို့တာဝန်ဖြင့် သွားရောက်နေသည့်ကာလ အတွက် လစာကို ပြည်ပသို့ မသွားရောက်မီက ခံစားရရှိနေသည့် နှုန်းအတိုင်း ပြည်တွင်း၌ ကျပ်ငွေဖြင့် ခံစားခွင့်ရှိသည်။ ပြည်ပ၌ရှိစဉ် ပြည်တွင်းတွင် ရာထူးတိုးမြှင့်ခန့်ထားခြင်းခံရပါက ယင်းသို့ တိုးမြှင့် ခန့်ထားသည့် ရာထူးလစာကို တိုးမြှင့်ခန့်ထားသည့်နေ့ရက်မှစ၍ ခံစားခွင့်ရှိသည်။
နည်းဥပဒေ ၁၃၂ အရ ပြင်ပအဖွဲ့အစည်းများမှ ပြင်ပဝန်ထမ်းစည်းကမ်းချက်ဖြင့် တာဝန် ထမ်းဆောင်ခွင့်ပြုရန် ဝန်ထမ်း၏အမည်ဖြင့် တိုက်ရိုက်အဆိုပြုခြင်းကို ခွင့်မပြုရ။
နည်းဥပဒေ ၁၃၃ အရ ပြင်ပဝန်ထမ်းစည်းကမ်းချက်ဖြင့် တာဝန်ထမ်းဆောင်ခွင့်ပြုနိုင်သည့် ကာလမှာ သုံးနှစ်ဖြစ်သည်။ ထပ်မံ လိုအပ်ပါက နောက်ထပ်နှစ်နှစ်အထိသာ ခွင့်ပြုပြီး စုစုပေါင်း ငါးနှစ်ထက်မပိုစေရ။ ပြင်ပဝန်ထမ်းစည်းကမ်းချက်ဖြင့် လွှဲပြောင်းတာဝန်ထမ်းဆောင်မည့် ဝန်ထမ်းသည် လုပ်သက် ၁၀ နှစ်ပြည့်ပြီးဖြစ်ရမည့်အပြင် စေလွှတ်ချိန်၌ အသက် ၅၅ နှစ်ထက်မကြီးစေရ။ သို့ရာတွင် နိုင်ငံတော် အစိုးရနှင့် ပုဂ္ဂလိကအကျိုးတူပူးပေါင်းဆောင်ရွက်ရသည့် နိုင်ငံပိုင်စက်ရုံ၊ အလုပ်ရုံများ၊ ကုန်ထုတ်လုပ်ငန်းများမှ ဝန်ထမ်းများအတွက် လုပ်သက်နှင့် အသက်ကန့်သတ်မှုမရှိဘဲ ငါးနှစ်ထက်ပို၍ သက်တမ်းတိုးတင်ပြလာပါက သက်ဆိုင်ရာဝန်ကြီးဌာန၏ ထောက်ခံတင်ပြချက်ဖြင့် ပြည်ထောင်စုအစိုးရအဖွဲ့၏ ခွင့်ပြုချက်ရယူပြီး တစ်နှစ်ချင်းသက်တမ်းတိုးနိုင်သည်။
ပြင်ပဝန်ထမ်းစည်းကမ်းချက်ဖြင့် လွှဲပြောင်းတာဝန်ထမ်းဆောင်မည့် ဝန်ထမ်းသည် စေလွှတ် ချိန်၌ အသက် ၅၅ နှစ်ထက် မကြီးစေရ။
ပြင်ပဝန်ထမ်းစည်ကမ်းချက်ဖြင့် လွှဲပြောင်းတာဝန်ထမ်းဆောင်မည့်ဝန်ထမ်းသည် စေလွှတ် ချိန်၌ လုပ်သက် ၁၀ နှစ်ပြည့်ပြီးဖြစ်ရပါမည်။
နည်းဥပဒေ ၁၃၄ အရ ဝန်ထမ်းအဖွဲ့အစည်းများသည် ပြင်ပဝန်ထမ်းတာဝန်ထမ်းဆောင် ခွင့်ပြုရန် ထုတ်ပြန်မည့်အမိန့်ကို ရာထူးဝန်အဖွဲ့နှင့် ကြိုတင်ညှိနှိုင်းပြီး အတည်ပြုချက်ရရှိမှသာ ထုတ်ပြန်ရမည်ဖြစ်ပါသည်။
နည်းဥပဒေ ၁၃၅ အရ ခွင့်ခံစားလျက်ရှိသော ပြင်ပဝန်ထမ်းတာဝန်ထမ်းဆောင်ရန် လွှဲပြောင်း ပေးသည့်အခါ ယင်းသို့ လွှဲပြောင်းပေးသည့်နေ့ရက်မှစ၍ ပြင်ပဝန်ထမ်းတာဝန် စတင်ထမ်းဆောင် သည့်ရက်ဟု မှတ်ယူရမည်ဖြစ်ပါသည်။
နည်းဥပဒေ ၁၃၆၊ နည်းဥပဒေခွဲ (က) အရ ပြင်ပဝန်ထမ်းတာဝန်ထမ်းဆောင်နေသူသည် မူလရာထူးကို စွန့်လွှတ်သည့်နေ့ရက်မှစ၍ ယင်း၏လစာကို တာဝန်ထမ်းဆောင်မည့် ပြင်ပ အဖွဲ့အစည်းထံမှ ထုတ်ယူခံစားရမည်ဖြစ်ပါသည်။
နည်းဥပဒေ ၂၂၃၊ နည်းဥပဒေခွဲ (ခ) ပါ ပြဋ္ဌာန်းချက်အရ အယူခံသည့်အမှုသည် အချိန်ယူ၍ စိစစ်ရန်လိုအပ်သောအမှုကိစ္စမျိုးဖြစ်ကြောင်း တွေ့ရှိရသည့်အခါတွင်ဖြစ်စေ၊ အဆုံးအဖြတ်ပေးရမည့် အယူခံမှုများပြားစွာရှိနေသည့်အခြေအနေမျိုးတွင်ဖြစ်စေ အယူခံမှုကိုစိစစ်တင်ပြနိုင်ရန် အယူခံစိစစ်ရေး အဖွဲ့ကို ပုံစံ (၁၃) ဖြင့် သက်ဆိုင်ရာအကြီးအမှူးက ဖွဲ့စည်းတာဝန်ပေးအပ်ခြင်းနှင့်စပ်လျဉ်း၍ –
- (၁) အယူခံစိစစ်ရေးအဖွဲ့တွင် ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်နှစ်ဦး၊ ပေါင်းသုံးဦးပါဝင်စေရမည်။ အယူခံ စိစစ်ရေးအဖွဲ့တွင် ပါဝင်သူများသည် အယူခံဝင်သည့်ဝန်ထမ်းအောက် အဆင့်မနိမ့်သူများ ဖြစ်ရမည်။ အယူခံစိစစ်ရေးအဖွဲ့တွင် အခြားဝန်ထမ်းအဖွဲ့အစည်းမှ ဝန်ထမ်းများကို ထည့်သွင်းဖွဲ့စည်းရန် လိုအပ်ပါက သက်ဆိုင်ရာ ဝန်ထမ်းအဖွဲ့အစည်းနှင့်ညှိနှိုင်း၍ ဆောင်ရွက်နိုင်သည်။
- (၂) အယူခံစိစစ်ရေးအဖွဲ့သည် မိမိ၏စိစစ်တွေ့ရှိချက်၊ သုံးသပ်ချက်၊ ထောက်ခံချက်၊ သဘောထားဖော်ပြချက်ကို ပုံစံ (၁၄) ပါအတိုင်း အယူခံစိစစ်ရေးအဖွဲ့ ဖွဲ့စည်းတာဝန် ပေးအပ်သည့် အကြီးအမှူးထံသို့ တင်ပြရမည်။