၁။ ခန့်ထားရေး
နည်းဥပဒေ ၁၃ ပါပြဋ္ဌာန်းချက်အရ ဝန်ထမ်းအဖြစ်မှ အလိုအလျောက်ရပ်စဲသော ဝန်ထမ်း နှင့်ပတ်သက်၍ ရာထူးဝန်အဖွဲ့က ခိုင်လုံသောအကြောင်းများရှိသည်ဟု ယူဆလျှင် ဝန်ထမ်းအဖြစ်မှ ရပ်စဲသွားခြင်းကို ပယ်ဖျက်နိုင်မည်ဖြစ်ပြီး ဤပြဋ္ဌာန်းချက်သည် တာဝန်မှယာယီရပ်ဆိုင်းခြင်းခံရ သဖြင့် အလုပ်ခွင်မှကင်းကွာနေသောဝန်ထမ်းနှင့် မသက်ဆိုင်စေရ။
နည်းဥပဒေ ၁၄ ပါပြဋ္ဌာန်းချက်အရ ဝန်ထမ်းအဖွဲ့အစည်းအသီးသီးရှိ ပြန်တမ်းဝင်အရာရှိ အဆင့်ရာထူးနှင့်စပ်လျဉ်း၍ –
- (က) ရာထူးဝန်အဖွဲ့က စတင်ရွေးချယ်ပေးရမည့်အဆင့်ရာထူးအဖြစ် သတ်မှတ်ပြီး ရွေးချယ် ပေးရမည်။
- ( ခ ) ရာထူးလစ်လပ်မှုရှိသဖြင့် ပြင်ပပုဂ္ဂိုလ်ကိုရွေးချယ်ရန်လိုအပ်ပါက သက်ဆိုင်ရာ ဝန်ထမ်းအဖွဲ့အစည်းသည် ရာထူးဝန်အဖွဲ့သို့ အဆိုပြုညှိနှိုင်း၍ သဘောတူညီချက်ရယူရမည်။ ဝန်ထမ်းအဖွဲ့အစည်းများအနေဖြင့် သတ်မှတ်အရည်အချင်းပြည့်မီသည့် နိုင်ငံ့ဝန်ထမ်းအမှုထမ်းများကိုလည်း ဝင်ရောက်ယှဉ်ပြိုင်ဖြေဆိုခွင့်ပြုရမည်။
- ( ဂ ) ဝန်ထမ်းအဖွဲ့အစည်းများသည် မိမိတို့အဖွဲ့အစည်းအတွင်းရှိဝန်ထမ်းများကို ပြန်တမ်းဝင် အရာရှိအဆင့်ရာထူးသို့ တိုးမြှင့်ခန့်အပ်လိုပါက ရာထူးဝန်အဖွဲ့သို့ အဆိုပြုညှိနှိုင်း၍ သဘောတူညီချက်ရယူရမည်။
နည်းဥပဒေ ၁၅ ပါပြဋ္ဌာန်းချက်အရ အောက်ပါရာထူးအဆင့်များကို ဝန်ကြီးဌာနများနှင့်ဝန်ထမ်း အဖွဲ့အစည်းများက ပြင်ပပုဂ္ဂိုလ်များအား စတင်ခန့်အပ်နိုင်သည် –
- (က) အကူဝန်ထမ်းအဆင့် (၁)၊
- ( ခ ) စာရေးဝန်ထမ်းအဆင့် (၁)၊
- ( ဂ ) ကျွမ်းကျင်ဝန်ထမ်းအဆင့် (၁)၊ အဆင့် (၂)နှင့် အဆင့် (၄)၊
- (ဃ) ပညာရှင်အဆင့် (၁)၊အဆင့် (၂)နှင့် အဆင့်(၃)၊
- ( င ) စီမံခန့်ခွဲရေးဝန်ထမ်း (စီးပွားရေး) အဆင့် (၁) နှင့် အဆင့် (၂)၊
- ( စ ) စီမံခန့်ခွဲရေးဝန်ထမ်း (အုပ်ချုပ်ရေး၊ လူမှုရေး) အဆင့် (၁)။
နည်းဥပဒေ ၁၆ ပါပြဋ္ဌာန်းချက်အရ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ဝန်ထမ်းအဖွဲ့အစည်း များသည် ကျွမ်းကျင်ဝန်ထမ်းအဆင့် (၃) ရာထူးအဆင့်တွင် လုပ်ငန်းသဘာဝအရဖြစ်စေ၊ ရာထူး အဆင့်အတွက် သတ်မှတ်ထားသည့် အရည်အချင်းအရဖြစ်စေ ပြင်ပပုဂ္ဂိုလ်အား ရွေးချယ်ခန့်အပ်ရန် လိုအပ်သည့်ကိစ္စတွင် ခန့်အပ်လိုသည့် ကျွမ်းကျင်ဝန်ထမ်းအဆင့် (၃) ရာထူးကို ကျောထောက် နောက်ခံပြု၍ ကျွမ်းကျင်ဝန်ထမ်းအဆင့် (၂) ရာထူးတွင် အလုပ်သင်ဦးစွာခန့်ထား၍ လုပ်ငန်း ဆောင်ရွက်မှုကို ကျေနပ်မှုရှိပါက ကျောထောက်နောက်ခံပြုထားသည့် ကျွမ်းကျင်ဝန်ထမ်းအဆင့် (၃) ရာထူးတွင် ခန့်ထားရမည်။
နည်းဥပဒေ ၁၇ ပါပြဋ္ဌာန်းချက်အရ ဝန်ထမ်းအဖြစ် စတင်ခန့်ထားရာတွင် ခန့်ထားမည့် ရာထူးအဆင့်အတွက် သတ်မှတ်ထားသော အရည်အချင်းနှင့် ပြည့်စုံသူများကို ယှဉ်ပြိုင်ရွေးချယ် သည့်စနစ်ဖြင့် နည်းဥပဒေများနှင့်အညီ ရွေးချယ်ခန့်ထားရမည်။
နည်းဥပဒေ ၁၈ ပါပြဋ္ဌာန်းချက်အရ ဝန်ကြီးဌာနများနှင့် ဝန်ထမ်းအဖွဲ့အစည်းများသည် ပြင်ပ ပုဂ္ဂိုလ်များအား နည်းဥပဒေ ၁၅ ပါ စတင်ခန့်ရာထူးအဆင့်များတွင် ရွေးချယ်ခန့်ထားရန်လိုအပ်ပါက ဝန်ထမ်းအဖွဲ့အစည်းအတွင်းမှ သင့်လျော်မည့်ပုဂ္ဂိုလ်များပါဝင်သော ရွေးချယ်ရေးအဖွဲ့ကို ဝန်ကြီးဌာန နှင့် အဖွဲ့အစည်းအကြီးအမှူး သို့မဟုတ် ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးက ဖွဲ့စည်းရမည်။
နည်းဥပဒေ ၂၀ ပါ ပြဋ္ဌာန်းချက်အရ –
- (က) ကျွမ်းကျင်ဝန်ထမ်းအဆင့် (၁)နှင့် ကျွမ်းကျင်ဝန်ထမ်းအဆင့်(၂)ရာထူးများ လစ်လပ် မှုရှိသဖြင့် ပြင်ပမှပုဂ္ဂိုလ်များကို ခေါ်ယူရွေးချယ်ခန့်အပ်ရန်ရှိလျှင် နည်းဥပဒေ ၁၉၊ နည်းဥပဒေခွဲ (က) တွင် ဖော်ပြထားသည့်ရာထူးများကို ရွေးချယ်ခန့်အပ်သည့် နည်းလမ်းများအတိုင်း စီစဉ်ဆောင်ရွက်ရမည်။
- ( ခ ) နည်းဥပဒေ ၁၆ ပါ ကျွမ်းကျင်ဝန်ထမ်းအဆင့် (၃) ရာထူး လစ်လပ်မှုရှိသဖြင့် ပြင်ပမှ ပုဂ္ဂိုလ်များကိုခေါ်ယူ၍ အလုပ်သင်အဆင့်တွင် ရွေးချယ်ခန့်အပ်ရန် လိုအပ်လျှင် ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးက ဖွဲ့စည်းထားသော ရွေးချယ်ရေးအဖွဲ့သည် အလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေရေးရုံးများတွင် မှတ်ပုံတင်ထားသူများအနက်မှ သတ်မှတ်အရည်အချင်း ပြည့်မီသူတို့၏ အမည်စာရင်းတောင်းယူခြင်း၊ လူတွေ့ စစ်ဆေးခြင်း၊ ရေးဖြေစစ်ဆေးခြင်းနှင့်ကျွမ်းကျင်မှုစစ်ဆေးခြင်းတို့ကို ဆောင်ရွက်ပြီး ရမှတ်များပေါ်မူတည်၍ အရည်အချင်းအလိုက် အမှတ်စဉ်ပြီး ဝန်ထမ်းအဖွဲ့အစည်း အကြီးအမှူး သို့မဟုတ် ရာထူးခန့်အပ်ပိုင်ခွင့်ရှိသူထံ တင်ပြရမည်။
- ( ဂ ) ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူး သို့မဟုတ် ရာထူးခန့်အပ်ပိုင်ခွင့်ရှိသူသည် စစ်ဆေး ရွေးချယ်ထားသူများအား အရည်အချင်းအလိုက် အမှတ်စဉ်အတိုင်း လစ်လပ်ရာထူး တွင် ဖြည့်စွက်ခန့်ထားရမည်။
- (ဃ) ကျွမ်းကျင်ဝန်ထမ်းအဆင့် (၂) နှင့် ကျွမ်းကျင်ဝန်ထမ်းအဆင့် (၄) ရာထူးနေရာများ လစ်လပ်မှုရှိလျှင် ဌာနတွင်းရှိ သတ်မှတ်သည့်အရည်အချင်းနှင့် ပြည့်စုံသူဝန်ထမ်း များကို ရာထူးတိုးမြှင့်ပေးသည့် အစီအစဉ်ဖြင့်ဖြစ်စေ၊ ပြင်ပမှပုဂ္ဂိုလ်များကို ခေါ်ယူ ရွေးချယ်သည့် အစီအစဉ်ဖြင့်ဖြစ်စေ ဖြည့်စွက်ခန့်ထားခြင်းပြုနိုင်သည်။
- ( င ) ကျွမ်းကျင်ဝန်ထမ်းအဆင့် (၄) ရာထူးနေရာများ လစ်လပ်မှုရှိသဖြင့် ပြင်ပမှပုဂ္ဂိုလ် များကိုခေါ်ယူရွေးချယ်ခန့်ထားရန်ရှိလျှင်-
- (၁) ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းအကြီးအမှူးက ရွေးချယ်ရေးအဖွဲ့ကို ဖွဲ့စည်းရမည်။
- (၂) ရွေးချယ်ရေးအဖွဲ့သည် ရွေးချယ်ခန့်အပ်ရန်ရှိသည့် ရာထူးနေရာများအတွက် လိုအပ်သော ပညာအရည်အချင်း၊ လိုအပ်သော ကျွမ်းကျင်မှုလိုအပ်သော ကျား၊ မ အရေအတွက်စသည့် သတ်မှတ်ချက်များကိုပြုစု၍ ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းအကြီးအမှူးထံ တင်ပြအတည်ပြုချက်ရယူရမည်။
- (၃) သတ်မှတ်သည့်အရည်အချင်းနှင့်ပြည့်စုံသူများ ယှဉ်ပြိုင်အရွေးခံနိုင်ရန် လျှောက်လွှာ ခေါ်ယူသည့် ကြော်ငြာစာကို တစ်လထက်မနည်း အချိန်ပေး၍ သတင်းစာများ တွင် ထည့်သွင်းကြော်ငြာရမည်။
- (၄) အခြားဝန်ထမ်းအဖွဲ့အစည်းများမှ လျှောက်ထားသူများသည် သက်ဆိုင်ရာ ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းအကြီးအမှူး၏ ခွင့်ပြုချက်ဖြင့် လျှောက်ထားရမည်။
- (၅) ရွေးချယ်ရေးအဖွဲ့သည် ရရှိသောလျှောက်လွှာများကို စိစစ်ပြီးနောက် ရေးဖြေ စစ်ဆေးခြင်း၊ လူတွေ့စစ်ဆေးခြင်းနှင့် လိုအပ်လျှင် ကျွမ်းကျင်မှုစစ်ဆေးခြင်း တို့ကိုပြုလုပ်ရမည်။
- (၆) ရေးဖြေစစ်ဆေးရာတွင် အောက်ဖော်ပြပါဘာသာရပ်သုံးခုကို ဘာသာရပ်တစ်ခုလျှင် နှစ်နာရီမေးခွန်းလွှာဖြင့် စစ်ဆေးရမည်-
- (ကက) မြန်မာစာ၊
- ( ခခ ) အထွေထွေဗဟုသုတ၊
- ( ဂဂ ) အင်္ဂလိပ်စာ။
- (၇) ရွေးချယ်ရေးအဖွဲ့သည် ခန့်အပ်ရန်ရှိသည့်ရာထူးဦးရေအပေါ်မူတည်၍ လူတွေ့ စစ်ဆေးရန် သင့်လျော်မည့်ဦးရေကို အောက်ပါအတိုင်း သတ်မှတ်နိုင်သည် –
ခန့်အပ်ရန်ရှိသည့်ရာထူး |
လူတွေ့စစ်ဆေးရန်လျာထား |
ဦးရေ |
သတ်မှတ်သူဦးရေ |
၁ နေရာမှ ၁၀ နေရာထိ |
ခန့်အပ်ရန်ရှိသည့် ရာထူး အရေအတွက်၏နှစ်ဆထက် မပိုသောဦးရေ |
၁၁ နေရာနှင့်အထက် |
ခန့်အပ်ရန်ရှိသည့်ရာထူး အရေအတွက်၏ ၁.၅ဆ ထက်မပိုသောဦးရေ |
- (၈) ရေးဖြေနှင့် လူတွေ့စစ်ဆေးခြင်းများမှ ရရှိသောအမှတ်အများအနည်းအလိုက်၊ အရည်အချင်းအလိုက် အမှတ်စဉ်၍ လိုအပ်သည့် ဝန်ထမ်းများကို ရွေးချယ် ခန့်အပ်ရန် ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းအကြီးအမှူးထံ တင်ပြရမည်။ ထိုသို့ တင်ပြရာတွင် လိုအပ်ပါက ရွေးချယ်ခန့်အပ်ရန်ရှိသည့် ဝန်ထမ်းဦးရေ၏ သင့်လျော်သောအရေအတွက်ကို အရန်အဖြစ် စာရင်းထည့်သွင်းရမည်။
- (၉) ကြော်ငြာခေါ်ယူထားသော ရာထူးနေရာအတွက် အရည်အချင်းအလိုက် အမှတ်စဉ်ကို အတည်ပြုပြီး နောက်ထပ်မံရွေးချယ်ခန့်အပ်ရန် ပေါ်ပေါက် လာလျှင်အရည်အချင်းအလိုက်အမှတ်စဉ်အတိုင်း အရန်စာရင်းတွင် ထည့်သွင်း ထားသူများအနက်မှ ရွေးချယ်ခန့်အပ်နိုင်သည်။
- (၁၀) ကျွမ်းကျင်ဝန်ထမ်းအဆင့် (၁) ၊ ကျွမ်းကျင်ဝန်ထမ်းအဆင့် (၂) နှင့် ကျွမ်းကျင် ဝန်ထမ်းအဆင့်(၄)ရာထူးများတွင် ပြင်ပမှပုဂ္ဂိုလ်များအား ရွေးချယ်ခန့်အပ်ခြင်း များကို ဤနည်းဥပဒေ ၂၀ တွင် ဖော်ပြသည့်အတိုင်း ဆောင်ရွက်၍ ကျန် အဆင့်များတွင် ခန့်အပ်ခြင်းကို ရာထူးတိုးမြှင့်ပေးသည့် အစီအစဉ်ဖြင့်သာ ဆောင်ရွက်ရမည်။
နည်းဥပဒေ ၄ ပါ ပြဋ္ဌာန်းချက်အရ ဝန်ထမ်းတစ်ဦးကို ဖွဲ့စည်းပုံပါရာထူးတစ်ခု၌ အတည်ပြု ခန့်ထားရာတွင်-
- (က) ရာထူးသည် အမြဲတမ်းလစ်လပ်သည့် ရာထူးဖြစ်ရမည်။
- ( ခ ) တစ်ချိန်တည်း၌ ဝန်ထမ်းတစ်ဦးထက်ပို၍ ခန့်ထားခြင်းမပြုရ။
- ( ဂ ) ဝန်ထမ်းတစ်ဦး၏ ရာထူးအနွယ် ပိုင်ဆိုင်ခွင့်ရှိထားသည့်ရာထူး၌ အခြားဝန်ထမ်း တစ်ဦးကို အတည်ပြုခန့်ထားခြင်းမပြုရ။ သို့ရာတွင် အငြိမ်းစားယူရန် ကြိုတင် ပြင်ဆင်ခွင့် ခံစားနေသည့် ဝန်ထမ်း၏ရာထူးနေရာ၌ အခြားဝန်ထမ်းတစ်ဦးအား ခန့်ထားခြင်းနှင့် သက်ဆိုင်ခြင်း မရှိစေရ။
- (ဃ) ဝန်ထမ်းသည် အသက် ၁၈ နှစ်ပြည့်ပြီးဖြစ်ရမည်။
- ( င ) ပြင်ပပုဂ္ဂိုလ်ဖြစ်ပါက ကျန်းမာကြောင်းဆေးလက်မှတ်နှင့် သက်ဆိုင်ရာ မြို့နယ် ရဲစခန်း၏ ပြစ်မှုကင်းရှင်းကြောင်း ထောက်ခံစာမူရင်းတို့ကို တင်ပြနိုင်သူဖြစ်ရမည်။ မီးဖွားပြီး ရက်သတ္တပတ် ဆယ့်နှစ်ပတ်ပြည့်သည့်အခါမှသာ ခန့်ထားမည်ဖြစ်ကြောင်း အသိပေး၍ ကိုယ်ဝန်ရှိသူများကို ရွေးချယ်ထားနိုင်သည်။
နည်းဥပဒေ ၅ ပါ ပြဋ္ဌာန်းချက်အရ အတည်ပြုခန့်ထားခြင်းခံရသော ဝန်ထမ်းသည် နိုင်ငံတော်၏ အကျိုးအတွက် လိုအပ်လျှင် အချိန်ပြည့်တာဝန်ထမ်းဆောင်ရမည်ဖြစ်ပြီး မူလတာဝန်အပြင် အခြား လိုအပ်သော တာဝန်များကိုပေးအပ်ပါက ထမ်းဆောင်ရမည်။
နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၄၊ နည်းဥပဒေခွဲ (ဃ) ပါပြဋ္ဌာန်းချက်အရ နိုင်ငံ့ဝန်ထမ်းအဖြစ် ခန့်ထားရာတွင် ဝန်ထမ်းသည် အသက် (၁၈) နှစ်ပြည့်ပြီးသူဖြစ်ရမည်။