ပြည်ထောင်စုရာထူးဝန်အဖွဲ့

ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ၊ နည်းဥပဒေများ၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊

နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ ဝန်ထမ်းရေးရာ ကိစ္စရပ်များ


Search
Generic filters
Filter by Lawbook Names
နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ
နိုင်ငံ့ဝန်ထမ်းဥပဒေ
ပြည်ထောင်စုရာထူးဝန်အဖွဲ့နည်းဥပဒေများ
ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ
ဝန်ထမ်းရေးရာကိစ္စရပ်များ

ဤစကားလုံးများဖြင့်ရှာဖွေနိုင်သည်။ ပုဒ်မ(၁)နည်းဥပဒေ(၁)အပိုဒ်(၁)အခန်း(၁)rule(1)article(1)section(1)chapter(1)

နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ – Mobile

အခန်း (၂၂)

အထူးပင်စင်

 

၂၅၃။     ဤအခန်းပါ ပြဋ္ဌာန်းချက်များသည် ချိန်နှုန်းလစာဖြင့်ဖြစ်စေ၊ ပုံသေလစာဖြင့်ဖြစ်စေ၊ လုပ်ငန်းအတိုင်းအတာနှုန်းဖြင့်ဖြစ်စေ ခန့်ထား၍ နိုင်ငံတော်ဘဏ္ဍာငွေ၊ ရသုံးမှန်းခြေငွေစာရင်း အနက်မှ အသုံးစရိတ်ကျခံသည့် ဝန်ထမ်းများနှင့်သာ သက်ဆိုင်သည်။ အလုပ်သမားလျော်ကြေး ဥပဒေနှင့် အကျုံးဝင်သည့် ဝန်ထမ်းများနှင့်သက်ဆိုင်ခြင်းမရှိစေရ။

၂၅၄။     (က)    ဒဏ်ရာအနာတရဖြစ်စေခြင်းဆိုသည်မှာ ဝန်ထမ်းကိုတစ်စုံတစ်ယောက်က အောက်ပါ အခြေအနေတစ်ရပ်ရပ်တွင် အနာတရဖြစ်ခြင်းကိုဆိုသည်-

  • (၁)   တာဝန်မထမ်းဆောင်နိုင်စေခြင်းငှာ ကိုယ်ထိလက်ရောက်ကျူးလွန်ခြင်းကြောင့် ဖြစ်စေ၊ ခုခံဆန့်ကျင်ခြင်းကြောင့်ဖြစ်စေ အနာတရဖြစ်ခြင်း၊
  • (၂)    ဝန်ထမ်း၏ တာဝန်အရ ဆောင်ရွက်ချက်ကြောင့်ဖြစ်စေ၊ ဆောင်ရွက်ရန် အားထုတ်မှုကြောင့်ဖြစ်စေ အနာတရဖြစ်ခြင်း၊
  • (၃)   ရာထူးတာဝန်ကို အကြောင်းပြု၍ အနာတရဖြစ်ခြင်း။

( ခ )    မတော်တဆဖြစ်မှု ဆိုသည်မှာ ဝန်ထမ်းတာဝန်ထမ်းဆောင်ရာတွင် နည်းဥပဒေခွဲ (က) ကြောင့်မဟုတ်ဘဲ အောက်ပါအခြေအနေတစ်ရပ်ရပ်ကြောင့် အနာတရဖြစ်ခြင်းကို ဆိုသည်-

  • (၁) ရုတ်တရက်မလွှဲမရှောင်သာဖြစ်ပေါ်လာသည့်အကြောင်းကြောင့် အနာတရ ဖြစ်ခြင်း၊
  • (၂)    အရေးတကြီးပေါ်ပေါက်သည့်ကိစ္စများတွင် တာဝန်ကို အထူးကျေပွန်စွာ ထမ်းဆောင်ခြင်းကြောင့် အနာတရဖြစ်ခြင်း။

( ဂ )    ရောဂါ ဆိုသည်မှာ ဝန်ထမ်းတစ်ဦးက တာဝန်ထမ်းဆောင်ရာတွင် လုပ်ငန်းခွင် အတွင်း မတော်တဆဖြစ်မှုကိုအကြောင်းပြု၍ဖြစ်စေ၊ ပတ်ဝန်းကျင်၏ ဆိုးကျိုး တစ်ရပ်ရပ်ကြောင့်ဖြစ်စေ ဖြစ်ပေါ်ခံစားရသော ရောဂါတစ်မျိုးမျိုးကိုဆိုသည်။

(ဃ)    လုပ်ငန်း၏အထူးဘေးအန္တရာယ် ဆိုသည်မှာ အောက်ပါတို့ကိုဆိုသည်-

  • (၁)   နည်းဥပဒေခွဲ (က) ကြောင့် အနာတရဖြစ်စေနိုင်သည့် အန္တရာယ်၊
  • (၂)    သာမန်အားဖြင့် တာဝန်ထမ်းဆောင်မှု၌ အနာတရဖြစ်ရန် အလားအလာရှိ သည်ထက် ထိုအလားအလာကို ပိုမိုစေနိုင်သော တာဝန်တစ်ရပ်ရပ်ကို ထမ်းဆောင်နေစဉ်ဖြစ်စေ၊ ထိုတာဝန်ထမ်းဆောင်ခဲ့ခြင်းကို အကြောင်းပြု၍ ဖြစ်စေ မတော်တဆအနာတရဖြစ်စေနိုင်သည့် အန္တရာယ်၊
  • (၃)   ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတစ်ဦးသည် ကူးစက်ရောဂါ သို့မဟုတ် သွေးအဆိပ် ဖြစ်သည့်ရောဂါ သို့မဟုတ် အခြားရောဂါဖြစ်နေသည့်လူနာကို တာဝန်အရ ကုသမှုပြုရခြင်း၊ လူသေအလောင်းကို ခွဲစိတ်စစ်ဆေးရခြင်းတို့ကြောင့်ဖြစ်စေ ရောဂါရစေနိုင်သည့်အန္တရာယ်။

( င )    လုပ်ငန်း၏ ဘေးအန္တရာယ် ဆိုသည်မှာ ဝန်ထမ်းသည် မိမိ၏လုပ်ငန်းတာဝန်ကို ထမ်းဆောင်နေစဉ်ဖြစ်စေ၊ ထိုတာဝန်ကိုထမ်းဆောင်ခဲ့ခြင်းကို အကြောင်းပြု၍ ဖြစ်စေ လုပ်ငန်း၏အထူးဘေးအန္တရာယ်မဟုတ်သော မတော်တဆဖြစ်စေနိုင်သည့် အန္တရာယ် သို့မဟုတ် ရောဂါရရှိစေနိုင်သည့် အန္တရာယ်ကိုဆိုလိုသည်။ သို့ရာတွင် သာမန်အားဖြင့် လူတိုင်းတွေ့ကြုံနိုင်သော အန္တရာယ်မျိုးဖြစ်ပါက ထိုအန္တရာယ်သည် လုပ်ငန်းသဘာဝ၊ တာဝန်အရမလွှဲရှောင်နိုင်သည့်အခြေအနေ၊ တာဝန်နှင့်ဆက်နွှယ် နေသည့်အကြောင်းခြင်းရာတို့ကြောင့် သိသိသာသာကြီးမားလာခြင်းမရှိလျှင် ထိုအန္တရာယ်မျိုးကို လုပ်ငန်း၏ဘေးအန္တရာယ်ဟူ၍ မှတ်ယူခြင်းမပြုရ။

( စ )    အနာတရဖြစ်သည့်နေ့ရက် ဆိုသည်မှာ အောက်ပါတို့ကိုဆိုသည် –

  • (၁)   မတော်တဆဖြစ်မှု သို့မဟုတ် နည်းဥပဒေခွဲ (က) ကြောင့် အနာတရဖြစ်သည့် ကိစ္စတွင် အနာတရဖြစ်ခဲ့သည့်နေ့ရက်၊
  • (၂)    ရောဂါရရှိသည့်ကိစ္စတွင် ဆေးအဖွဲ့က အစီရင်ခံသည့်နေ့ရက်။

(ဆ)    အထူးပင်စင်ဆိုသည့်စကားရပ်တွင် ဤနည်းဥပဒေများပါကိစ္စအလို့ငှာ အနာတရ အမြဲတမ်းပင်စင်၊ ယာယီအထူးပင်စင်၊ မိသားစုအထူးပင်စင်ဆိုသည့် စကားရပ်များ လည်း ပါဝင်သည်။

၂၅၅။     အထူးပင်စင် ခံစားခွင့်ပြုခြင်းကို ဝန်ကြီးဌာနနှင့်အဖွဲ့အစည်းအကြီးအမှူး သို့မဟုတ် ခွင့်ပြု ပိုင်ခွင့်လွှဲအပ်ထားသည့် အဖွဲ့ကသာခွင့်ပြုနိုင်သည်။ အထူးပင်စင်ခွင့်ပြုရေးတွင် ဝန်ထမ်းဘက်မှ တာဝန်ပျက်ကွက်မှု သို့မဟုတ် ပေါ့ဆမှု၏ အတိုင်းအတာကို ထည့်သွင်းစဉ်းစားရမည်။

၂၅၆။     ခွင့်ပြုပိုင်ခွင့် လွှဲအပ်ထားခြင်းခံရသည့်အဖွဲ့သည် အောက်ဖော်ပြပါ အခြေအနေမျိုးတွင် ရာထူးဝန်အဖွဲ့နှင့်ညှိနှိုင်းရမည် –

  • (က)    ဤနည်းဥပဒေများနှင့်မကိုက်ညီသော်လည်း အထူးပင်စင်ခံစားခွင့်ပြုရန် လိုအပ်သော ထူးခြားသည့်ကိစ္စများရှိခြင်း၊
  • ( ခ )   ဤနည်းဥပဒေများတွင်ပါရှိသည့် ခံစားခွင့်နှုန်းများထက်ပို၍ဖြစ်စေ၊ ခံစားခွင့် အမျိုးအစားကိုပြောင်းလဲ၍ဖြစ်စေ ခံစားခွင့်ပြုရန် လိုအပ်သောအခြေအနေရှိခြင်း။

၂၅၇။     အထူးပင်စင်သည် အခြားနည်းဥပဒေများအရ ဝန်ထမ်း သို့မဟုတ် ဝန်ထမ်း၏မိသားစု ခံစားခွင့်ရှိသောပင်စင် သို့မဟုတ် လုပ်သက်ဆုငွေကို ထိခိုက်ခြင်းမရှိစေရ။ ထို့အပြင် အထူးပင်စင် ခံစားခွင့်ရရှိသည့် ဝန်ထမ်းကို ဆက်လက်တာဝန်ထမ်းဆောင်စေသည့်အခါ၌ဖြစ်စေ၊ ဝန်ထမ်း အဖြစ် ပြန်လည်ခန့်ထားသည့်အခါ၌ဖြစ်စေ  လစာသတ်မှတ်ရာတွင် အထူးပင်စင်ကို ထည့်သွင်း စဉ်းစားခြင်း မပြုရ။

၂၅၈။     အောက်ပါကိစ္စများတွင် အထူးပင်စင်ခံစားခွင့်မပြုရ –

  • (က)    အနာတရဖြစ်ခဲ့ပြီးနောက် ငါးနှစ်ကျော်မှ အထူးပင်စင်ခံစားခွင့်ပြုရန် လျှောက်လွှာ တင်သွင်းသည့်ကိစ္စ၊
  • ( ခ )    အကြမ်းဖက်မှုကြောင့်ဖြစ်စေ၊ မတော်တဆမှုကြောင့်ဖြစ်စေ၊ အနာတရဖြစ်ပြီးနောက် ခုနှစ် နှစ်ကျော်မှ သေဆုံးသည့်ကိစ္စ၊
  • ( ဂ )    ရောဂါရရှိခဲ့၍ ဆေးအဖွဲ့က တာဝန်ပြန်လည်ထမ်းဆောင်နိုင်သည့် အခြေအနေ မရှိတော့ကြောင်း အစီရင်ခံပြီးသည့်နောက်  ခုနှစ် နှစ်ကျော်မှ ယင်းရောဂါကြောင့် သေဆုံးသည့်ကိစ္စ။

၂၅၉။     အနာတရဖြစ်မှုများကို အောက်ပါအတိုင်း အမျိုးအစား ခွဲခြားသတ်မှတ်သည် –

  • (က)    အနာတရဖြစ်မှု အဆင့် (၁)။    လုပ်ငန်း၏ အထူးဘေးအန္တရာယ်ကြောင့် မျက်စိ တစ်ဖက် သို့မဟုတ် ခြေလက်အင်္ဂါတစ်ခုခု အမြဲဆုံးရှုံးခြင်း သို့မဟုတ် ယင်းသို့ ဆုံးရှုံးခြင်းထက် ပိုမိုဆိုးရွားသည့် အနာတရဖြစ်မှုများ၊
  • ( ခ )    အနာတရဖြစ်မှု အဆင့် (၂)။       လုပ်ငန်း၏ဘေးအန္တရာယ်ကြောင့် အနာတရဖြစ်ခဲ့ပြီး ယင်းအနာတရဖြစ်မှုကြောင့် ပိုမိုဆိုးရွားသည့် အနာတရဖြစ်မှု၊
  • ( ဂ )    အနာတရဖြစ်မှု အဆင့် (၃)။    လုပ်ငန်း၏ဘေးအန္တရာယ်ကြောင့် အနာတရဖြစ်ခဲ့ပြီး မသန်စွမ်းဖြစ်မှုအတိုင်းအတာအားဖြင့် ပြင်းထန်၍ အမြဲခံစားနေရမည့် အလားအလာ ရှိသော အနာတရဖြစ်မှု။

၂၆၀။     အနာတရဖြစ်မှုအဆင့် (၁) တွင်ပါဝင်သည့် အနာတရဖြစ်မှုမျိုးကို ခံစားရသည့်ဝန်ထမ်းကို အောက်ပါအတိုင်း အထူးပင်စင်ခံစားခွင့်ပြုရမည် –

  • (က)    ဇယား(၇) ပါ သတ်မှတ်ချက်များအရ ခံစားခွင့်ရှိသည့် ပင်စင်လစာနှင့်ဆုငွေ၊
  • ( ခ )    အနာတရဖြစ်သည့်နေ့ရက်မှ တစ်နှစ်ပြည့်ပြီး နောက်နေ့ရက်မှစ၍ ခံစားခွင့်ရှိသည့် အထူးပင်စင်သည်-
    • (၁)    အနာတရဖြစ်မှုကြောင့် မျက်စိတစ်ဖက် သို့မဟုတ် ခြေလက်အင်္ဂါတစ်ခုထက်ပို၍ အမြဲဆုံးရှုံးခဲ့လျှင်သတ်မှတ်ချက်များအရ ခံစားခွင့်ရှိသည့်အထူးပင်စင်အမြင့်နှုန်း၊
    • (၂)    အခြားကိစ္စများတွင် သတ်မှတ်ချက်များအရ ခံစားခွင့်ရှိသည့် အထူးပင်စင် အမြင့်နှုန်း၏ ထက်ဝက်အောက် မလျော့နည်းစေရ။

၂၆၁။     အနာတရဖြစ်မှု အဆင့် (၂) တွင်ပါဝင်သည့် အနာတရဖြစ်မှုမျိုးကိုခံစားရသည့်ဝန်ထမ်းကို အောက်ပါအတိုင်း အထူးပင်စင်ကိုခံစားခွင့်ပြုရမည် –

  • (က)    ဇယား(၇) ပါ သတ်မှတ်ချက်များအရ ခံစားခွင့်ရှိသည့် ပင်စင်လစာနှင့်ဆုငွေ၊
  • ( ခ )    ပိုမိုဆိုးရွားသော အနာတရဖြစ်သည့်ကိစ္စများတွင်  အနာတရဖြစ်သည့်နေ့ရက်မှစ၍ သတ်မှတ်ချက်များအရ ခံစားခွင့်ရှိသော အထူးပင်စင်၏ အနိမ့်နှုန်းအောက် မလျော့ နည်းစေရ၊
  • ( ဂ )    အခြားကိစ္စများတွင် အနာတရဖြစ်သည့်နေ့ရက်မှစ၍  တစ်နှစ်အထိ သတ်မှတ်ချက် များအရ ခံစားခွင့်ရှိသောအနိမ့်နှုန်းထက်မပိုသည့် ယာယီအထူးပင်စင်၊ ယင်းပင်စင် သည် အနိမ့်နှုန်းအောက် မလျော့နည်းစေရ။ သို့ရာတွင် တစ်နှစ်ကုန်ဆုံးပြီးနောက် အနာတရဖြစ်မှုကို အလွန်ပြင်းထန်စွာ ဆက်လက်ခံစားနေရကြောင်း ဆေးအဖွဲ့က နှစ်စဉ်ဆက်လက်ထောက်ခံလျှင် ယာယီအထူးပင်စင် ခံစားစေရမည်။

၂၆၂။ အနာတရဖြစ်မှု အဆင့် (၃) တွင်ပါဝင်သည့် အနာတရဖြစ်မှုမျိုးကို ခံစားရသည့်ဝန်ထမ်းကို အောက်ပါဆုငွေတစ်ခုခုကို ခံစားခွင့်ပြုရမည် –

  • (က) ဝန်ထမ်းသည် တစ်နှစ်ကျော်သော်လည်း တာဝန်ပြန်လည်ထမ်းဆောင်နိုင်မည့် အလားအလာမရှိကြောင်း ဆေးအဖွဲ့က ဆေးမှတ်ချက်ပြုပါက ဇယား (၇) ပါ အတိုင်း ခံစားခွင့်ရှိသည့်ဆုငွေ၊
  • ( ခ ) ဝန်ထမ်းသည် တစ်နှစ်အောက် လျော့နည်းသောကာလအတွက် တာဝန်ပြန်လည် ထမ်းဆောင်နိုင်ရန် အလားအလာမရှိကြောင်း ဆေးအဖွဲ့က ဆေးမှတ်ချက်ပြုပါက
    ဇယား (၇) ပါအရ ခံစားခွင့်ရှိသည့်ဆုငွေ၏ ၁/၄အောက် မလျော့နည်းစေရ။
my_MMMY