ပြည်ထောင်စုရာထူးဝန်အဖွဲ့

ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ၊ နည်းဥပဒေများ၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊

နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ ဝန်ထမ်းရေးရာ ကိစ္စရပ်များ


Search
Generic filters
Filter by Lawbook Names
နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ
နိုင်ငံ့ဝန်ထမ်းဥပဒေ
ပြည်ထောင်စုရာထူးဝန်အဖွဲ့နည်းဥပဒေများ
ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ
ဝန်ထမ်းရေးရာကိစ္စရပ်များ

ဤစကားလုံးများဖြင့်ရှာဖွေနိုင်သည်။ ပုဒ်မ(၁)နည်းဥပဒေ(၁)အပိုဒ်(၁)အခန်း(၁)rule(1)article(1)section(1)chapter(1)

နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ – Mobile

၂၁၃။   ဌာနဆိုင်ရာအရေးယူမှုတွင် ချမှတ်သည့်ပြစ်ဒဏ်နှင့်စပ်လျဉ်း၍ သက်ဆိုင်ရာဝန်ထမ်း အဖွဲ့အစည်းက အမိန့်ထုတ်ပြန်ရမည်။ အမိန့်မိတ္တူတစ်စောင်ကို ပြစ်ဒဏ်ချမှတ်ခြင်းခံရသော ဝန်ထမ်းထံသို့ပေးပို့ပြီး အမိန့်စာပါအချက်အလက်များကို ဝန်ထမ်း၏ ဝန်ထမ်းမှတ်တမ်းစာအုပ်တွင် ပြည့်စုံစွာရေးသွင်းထားရမည်။

၂၁၄။   (က)    တရားရုံး၏ပြစ်ဒဏ်စီရင်ခံရခြင်းကြောင့် ဝန်ထမ်းဆိုင်ရာ ပြစ်ဒဏ်တစ်ရပ်ရပ်ကို ချမှတ် ခဲ့ပြီးနောက် အယူခံတရားရုံးက မူလတရားရုံး၏ ပြစ်ဒဏ်ကိုပယ်ဖျက်ပြီး ဝန်ထမ်းကို အပြစ်မှလွှတ်လိုက်သည့် အမှုကိစ္စမျိုးတွင် ယင်းဝန်ထမ်းနှင့်စပ်လျဉ်း၍ ဌာနဆိုင်ရာက အပြစ်ပေးခဲ့ခြင်းကို ပြန်လည်သုံးသပ်စိစစ်ရမည်။ ဝန်ထမ်းဆိုင်ရာပြစ်ဒဏ်ချမှတ်ခဲ့ ခြင်းသည် ဝန်ထမ်းကျင့်ဝတ်ပျက်ယွင်းမှု၊ စည်းကမ်းဖောက်ဖျက်မှု၊ လုပ်ငန်းတာဝန် ပျက်ကွက်မှု၊ ဥပဒေချိုးဖောက်မှုအတွက် ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းမဟုတ်ဘဲ တရားရုံး၏ ပြစ်ဒဏ်ကျခံရခြင်းကို အကြောင်းပြု၍ ချမှတ်ခြင်းဖြစ်ပါက ယင်းသို့ပြစ်ဒဏ်ချမှတ် ခဲ့သည့်အမိန့်ကို ပယ်ဖျက်နိုင်သည်။

( ခ )    တရားရုံး၏ပြစ်ဒဏ်စီရင်ခြင်းကြောင့်မဟုတ်ဘဲ ဌာနဆိုင်ရာက သီးခြားစစ်ဆေးပြီး ဝန်ထမ်းဆိုင်ရာပြစ်ဒဏ်ချမှတ်ခဲ့သည့် အခြေအနေမျိုးတွင် တရားရုံးမှပြစ်ဒဏ်စီရင် ခဲ့ခြင်းအပေါ် အယူခံတရားရုံးမှ မူလတရားရုံး၏ ပြစ်ဒဏ်ကို ပယ်ဖျက်ပြီး ဝန်ထမ်းကို အပြစ်မှ လွှတ်လိုက်သည့်ကိစ္စအတွက်ဖြစ်ပါက ဝန်ထမ်းဆိုင်ရာပြစ်ဒဏ်ကို ပယ်ဖျက်ရန် မလိုပါ။

( ဂ )    တရားရုံး၏ပြစ်ဒဏ်စီရင်ချက်ကို စောင့်ဆိုင်းပြီးမှဖြစ်စေ၊ သီးခြားဌာနဆိုင်ရာစစ်ဆေးမှု ဖွင့်လှစ်စစ်ဆေးပြီး တရားရုံး၏ပြစ်ဒဏ်စီရင်ချက်ကို မစောင့်ဆိုင်းဘဲဖြစ်စေ လိုအပ် သလို ဆောင်ရွက်ရမည်။

၂၁၅။   ရာထူးမှထုတ်ပယ်ခြင်း၊ ဝန်ထမ်းအဖြစ်မှထုတ်ပစ်ခြင်းခံရသူများ၏ အမည်စာရင်းကို သက်ဆိုင်ရာ ဝန်ထမ်းအဖွဲ့အစည်းကပြုစု၍ ဝန်ထမ်းအဖွဲ့အစည်းအားလုံးသို့ ပေးပို့အကြောင်းကြား ရမည်။

၂၁၆။    ဝန်ထမ်းအဖွဲ့အစည်းများသည် ရာထူးမှထုတ်ပယ်ခြင်း၊ ဝန်ထမ်းအဖြစ်မှ ထုတ်ပစ်ခြင်း ခံရသူများ၏ အမည်စာရင်းကို သတ်မှတ်ထားသည့် ဇယား(၄)ပါအတိုင်း ရာထူးဝန်အဖွဲ့၊ ဝန်ထမ်း ရေးရာဦးစီးဌာနသို့ပေးပို့ပြီး မိတ္တူကို ပြည်‌ထောင်စုအစိုးရအဖွဲ့ရုံးသို့ ပေးပို့ရမည်။ ယင်းစာရင်း များကို ရာထူးဝန်အဖွဲ့၊ ဝန်ထမ်းရေးရာဦးစီးဌာနက နှစ်အလိုက် ပြုစုထိန်းသိမ်း၍ ပြည်ထောင်စု အစိုးရအဖွဲ့ရုံးသို့ အစီရင်ခံတင်ပြရမည်။

၂၁၇။     ဝန်ထမ်းများခန့်ထားခြင်း၊ ဌာနကူးပြောင်း တာဝန်ထမ်းဆောင်ခြင်း၊ နုတ်ထွက်ခြင်း၊ ထုတ်ပယ်ခြင်း၊ ထုတ်ပစ်ခြင်းနှင့် အငြိမ်းစားယူခြင်းတို့အတွက် သက်ဆိုင်ရာဝန်ကြီးဌာနနှင့် အဖွဲ့အစည်းက  စတင်ဆောင်ရွက်သည့်နေ့ရက်မှ တစ်လအတွင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန၊ အလုပ်သမား ညွှန်ကြားရေးဦးစီးဌာနသို့ စာရင်းပေးပို့ဆောင်ရွက်ရမည်။

အခန်း(၂၀)

 အယူခံခြင်း

 

၂၁၈။     ဌာနဆိုင်ရာအရေးယူမှုတွင် ဝန်ထမ်းသည်ချမှတ်ခြင်းခံရသည့် နည်းဥပဒေ ၂၀၉ အရ ဝန်ထမ်းဆိုင်ရာပြစ်ဒဏ်များနှင့်စပ်လျဉ်း၍လည်းကောင်း၊ အမိန့်၊ ဆုံးဖြတ်ချက်နှင့်စပ်လျဉ်း၍ လည်းကောင်း မကျေနပ်ပါက အယူခံမှုတင်သွင်းခွင့်ရှိသည်။

၂၁၉။   အယူခံမှုတင်သွင်းလိုသည့် ဝန်ထမ်းက လျှောက်ထားတောင်းခံပါက ဌာနဆိုင်ရာစစ်ဆေးမှု တွင် နှုတ်ဖြင့်စစ်ဆေးသည့် သက်သေများ၏ ထွက်ဆိုချက်မှတ်တမ်းနှင့် ဌာနဆိုင်ရာစစ်ဆေးရေး အဖွဲ့၏ အစီရင်ခံစာမိတ္တူတို့ကို ထုတ်ပေးရမည်။

၂၂၀။   ဝန်ထမ်းသည် ဌာနဆိုင်ရာအရေးယူမှုတွင် ချမှတ်သော ပြစ်ဒဏ်နှင့်စပ်လျဉ်း၍လည်းကောင်း၊ အမိန့်၊ ဆုံးဖြတ်ချက်နှင့်စပ်လျဉ်း၍လည်းကောင်း မကျေနပ်ပါက အမိန့်စာလက်ခံရရှိသည့် နေ့ရက် မှစ၍ ခြောက်လအတွင်းတွင် မူလပြစ်ဒဏ် သို့မဟုတ် အမိန့် သို့မဟုတ် ဆုံးဖြတ်ချက်ချမှတ်ခဲ့သည့် အဆင့်၏ အထက်အဆင့်အကြီးအမှူးထံသို့ အယူခံလွှာကို ပုံစံ (၁၂) ပါအတိုင်း တင်သွင်းနိုင်သည်။ သတ်မှတ်ထားသည့် အယူခံကာလထက်ကျော်လွန်မှ တင်သွင်းလာသည့် အယူခံလွှာကို သာမန်အားဖြင့် လက်ခံစဉ်းစားခြင်းမပြုရ။ သို့ရာတွင် ခိုင်လုံသောအကြောင်းပြချက် တင်ပြနိုင်ပါက အယူခံကာလ ကန့်သတ်ချက်ကို လျှော့ပေါ့ရန်စဉ်းစားနိုင်သည်။ အယူခံလွှာကို လက်ခံ၍ စစ်ဆေးပေးနိုင်သည်။

၂၂၁။    အယူခံလွှာကိုတင်သွင်းရာတွင် –

  • (က)     အမှုကိစ္စနှင့်  သက်ဆိုင်သည့် အကြောင်းအရာအကျဉ်းချုပ်ကို  ဖော်ပြရမည်။
  • ( ခ )     အယူခံလွှာတင်သွင်းသည့်အချက်နှင့် ယင်းကို အထောက်အကူဖြစ်စေမည့်အကြောင်း အချက်များ ပါဝင်စေရမည်။
  • ( ဂ )    သက်ဆိုင်ရာ ဝန်ထမ်းအဖွဲ့အစည်းကို ထိခိုက်စေမည့် အသုံးအနှုန်းများနှင့် ပုဂ္ဂိုလ်ရေး ထိပါးပုတ်ခတ်မှုများ မပါရှိစေရ။
  • (ဃ)     အယူခံလွှာတင်သွင်းသူကိုယ်တိုင် လက်မှတ်ရေးထိုးရမည်။
  • ( င )     အမှုကိစ္စနှင့် သက်ဆိုင်သည့်အမိန့်စာ မိတ္တူတစ်စောင် ပူးတွဲ ပါရှိရမည်။
  • ( စ )    မူလပြစ်ဒဏ် သို့မဟုတ် အမိန့် သို့မဟုတ် ဆုံးဖြတ်ချက်ချမှတ်ခဲ့သည့်အဆင့်၏ အထက်အဆင့်အကြီးအမှူးထံသို့ တင်သွင်းရမည်။

၂၂၂။       အယူခံမှုကို ဆုံးဖြတ်ခွင့်နှင့်စပ်လျဉ်း၍ –

  • (က)    မူလပြစ်ဒဏ် သို့မဟုတ် အမိန့်ကိုချမှတ်ခဲ့သူ၏ အထက်အဆင့်အကြီးအမှူးက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သည့်အယူခံအဖွဲ့သည် ထိုပြစ်ဒဏ် သို့မဟုတ် အမိန့်နှင့် စပ်လျဉ်းသည့် အယူခံမှုကို ဆုံးဖြတ်ခွင့်ရှိသည်။ မူလပြစ်ဒဏ် သို့မဟုတ် အမိန့်ကို ချမှတ်ခဲ့ရာတွင် ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းအကြီးအမှူး ကိုယ်တိုင်ပါဝင်ခဲ့လျှင် ယင်းကပင် အယူခံအဖွဲ့၏ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်၍ မူလအမှုကိုဆုံးဖြတ်ရာ၌ မပါဝင်သူနှစ်ဦးကို အယူခံအဖွဲ့ဝင်များအဖြစ် ထည့်သွင်းဖွဲ့စည်းပြီး အယူခံမှုကို ဆုံးဖြတ်ရမည်။
  • ( ခ )    ဝန်ကြီးဌာနနှင့်အဖွဲ့အစည်းအကြီးအမှူးများက အယူခံဝင်သည့်အမှုမှအပ အခြား အယူခံမှုများသည် သက်ဆိုင်ရာဝန်ကြီးဌာနနှင့်အဖွဲ့အစည်းအဆင့်၌ပင် ပြီးပြတ် စေရမည်။
  • ( ဂ )    ဝန်ထမ်းအဖွဲ့အစည်းအလိုက် အယူခံဆုံးဖြတ်ခွင့်ရှိသည့် အယူခံအဖွဲ့အဆင့်ဆင့်ကို သတ်မှတ်ရမည်။
my_MMMY