ပြည်ထောင်စုရာထူးဝန်အဖွဲ့

ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ၊ နည်းဥပဒေများ၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊

နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ ဝန်ထမ်းရေးရာ ကိစ္စရပ်များ


Search
Generic filters
Filter by Lawbook Names
နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ
နိုင်ငံ့ဝန်ထမ်းဥပဒေ
ပြည်ထောင်စုရာထူးဝန်အဖွဲ့နည်းဥပဒေများ
ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ
ဝန်ထမ်းရေးရာကိစ္စရပ်များ

ဤစကားလုံးများဖြင့်ရှာဖွေနိုင်သည်။ ပုဒ်မ(၁)နည်းဥပဒေ(၁)အပိုဒ်(၁)အခန်း(၁)rule(1)article(1)section(1)chapter(1)

နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ (မူလပြဋ္ဌာန်းချက်)

၈၁။      ဝန်ထမ်းကို အငြိမ်းစားယူရမည့် အသက်ပြည့်သည့်နေ့ရက်မတိုင်မီ အငြိမ်းစားယူရန် ကြိုတင်ပြင်ဆင်ခွင့် လေးလခံစားခွင့်ပြုရမည်။ အငြိမ်းစားယူရန် ကြိုတင်ပြင်ဆင်ခွင့်ကို အချိန်မီ တောင်းခံခဲ့ရာတွင် ခွင့်ပေးပိုင်ခွင့်ရှိသူက တောင်းခံသည့် ခွင့်ကာလတစ်ခုလုံးကိုဖြစ်စေ၊ တစ်စိတ် တစ်ဒေသကိုဖြစ်စေ အများပြည်သူအကျိုးငှာ ငြင်းပယ်ခဲ့လျှင် ထိုငြင်းပယ်သည့်ခွင့်ကာလကို အငြိမ်းစားယူရမည့် နေ့ရက်မှစ၍ စတင်ခံစားခွင့်ရှိသည်။ ယင်းကိစ္စရပ်တွင် အငြိမ်းစားယူရန် သတ်မှတ်ထားသော အသက်ထက် ကျော်လွန်သောကာလကို အမှုထမ်းသက်တွင် ထည့်သွင်း တွက်ချက်ရမည်။

၈၂။       အငြိမ်းစားယူရမည့် နေ့ရက်နှင့်တစ်ဆက်တည်း စာချုပ်ဖြင့်ပြန်လည်ခန့်ထားခြင်းခံရသည့် သက်ပြည့်အငြိမ်းစားတစ်ဦးတွင် ငြင်းပယ်ခွင့်ကာလများရှိနေခဲ့ပါက ပြန်လည်ခန့်ထားချိန်၌ ထိုခွင့်ကာလတစ်ရပ်လုံးအတွက် ခံစားခွင့်ရှိသောခွင့်လစာကို တစ်လုံးတည်း ထုတ်ပေးရမည်။

၈၃။       စာရိတ္တပျက်ပြားမှုကြောင့်ဖြစ်စေ၊ ဆက်လက်တာဝန်ထမ်းဆောင်ရန် မသင့်လျော်သောကြောင့် ဖြစ်စေ၊ ရာထူးတာဝန်ထမ်းဆောင်မှုပျက်ယွင်းခြင်းကြောင့်ဖြစ်စေ ရာထူးမှထုတ်ပယ်ခြင်း သို့မဟုတ် ဝန်ထမ်းအဖြစ်မှ ထုတ်ပစ်ခြင်းခံရသည့်ဝန်ထမ်းသည် မည်သည့်ခွင့်အမျိုးအစားကိုမျှ ခံစားခွင့်မရှိ စေရ။

ရှောင်တခင်ခွင့်

၈၄။       ရှောင်တခင်ခွင့်သည် ရုတ်တရက်နာမကျန်းဖြစ်ခြင်းကြောင့်လည်းကောင်း၊ အရေးကြီးသော ကိုယ်ရေးကိစ္စရုတ်ချည်းပေါ်ပေါက်ခြင်းကြောင့်လည်းကောင်း အလုပ်ခွင်သို့မလာရောက်ဘဲ နေခွင့် ပြုသည့် ခွင့်ရက်တိုဖြစ်သည်။ ရှောင်တခင်ခွင့်ခံစားနေသည့် ဝန်ထမ်းကို အလုပ်ခွင်၌ရှိနေသကဲ့သို့ မှတ်ယူရမည်။ ရှောင်တခင်ခွင့်ကို ခွင့်ပြုရာတွင် –

(က)    အလုပ်ခွင်သို့မလာရောက်နိုင်သည့် နေ့ရက်များအတွက် ရှောင်တခင်ခွင့်တောင်းခံ ရမည်။

( ခ )    ရှောင်တခင်ခွင့်ခံစားသူသည် ခွင့်ပေးပိုင်ခွင့်ရှိသူ၏ ခွင့်ပြုချက်မရဘဲ တာဝန်ကျရာ ဒေသမှ ထွက်ခွာခွင့်မရှိစေရ။

( ဂ )    သာမန်အားဖြင့် ပြက္ခဒိန်နှစ်  တစ်နှစ်အတွင်း၌ ရှောင်တခင်ခွင့်  ၁၀ ရက်ထက်ပို၍ ခွင့်မပြုရ။

(ဃ)    သို့ရာတွင် ခိုင်လုံသည့်အကြောင်းရှိပါက ပြက္ခဒိန်နှစ်တစ်နှစ်အတွင်း၌  ၁၀ ရက် ထက်ပို၍ ခွင့်ပြုနိုင်သည်။ ယင်းသို့ခွင့်ပြုရခြင်းသည် ယခင်ခံစားပြီးဖြစ်သည့် ရှောင်တခင်ခွင့်ရက်များတွင်ရုံးပိတ်ရက်များပါဝင်ခဲ့ခြင်း သို့မဟုတ် ယခုတောင်းခံ သည့်ရှောင်တခင်ခွင့်ရက်များတွင် ရုံးပိတ်ရက်ပါဝင်နေခြင်းတို့အတွက် ရှောင်တခင်ခွင့်  ၁၀ ရက်ထက်ပိုပြီး ခွင့်ပြုပေးရန် ခိုင်လုံသည့်အကြောင်းများရှိလျှင် ခွင့်ပြုပိုင်ခွင့် ရှိသူက ထည့်သွင်းစဉ်းစားပြီး ခွင့်ပြုပေးရန်ဖြစ်သည်။

( င )    သွေးလှူသည့်နေ့ရက်နှင့် နောက်တစ်ရက်ကို အထူးရှောင်တခင်ခွင့်အဖြစ် သီးသန့် ခံစားခွင့်ရှိသည်။ သို့ရာတွင် ရှောင်တခင်ခွင့်  ၁၀ ရက်တွင် ယင်းနှစ်ရက်ကို ထည့်သွင်းရေတွက်ခြင်းမပြုရ။ အခြားခွင့်များနှင့် ရှေ့  နောက်ဆက်၍ ခွင့်မပြုရ။

( စ )    ရှောင်တခင်ခွင့်ရက်အတွက် တာဝန်ချိန်လစာနှုန်းပြည့်ကို ခံစားခွင့်ရှိသည်။

(ဆ)    ရှောင်တခင်ခွင့်ကို အခြားခွင့်များနှင့်ဖြစ်စေ၊ ကူးပြောင်းချိန်နှင့်ဖြစ်စေ၊ အားလပ်ရက် ရှည်နှင့်ဖြစ်စေ ဆက်၍ခွင့်မပြုရ။ ရှောင်တခင်ခွင့်နှင့်တစ်ဆက်တည်း အခြားခွင့် တစ်မျိုးကိုတောင်းခံခဲ့သော် ရှောင်တခင်ခွင့် ပျက်ပြယ်သွားပြီးနောက် ရှောင်တခင်ခွင့် နှင့်ဆက်၍ တောင်းခံသောခွင့်ကို ရှောင်တခင်ခွင့်စသည့်နေ့ရက်မှစ၍ ခွင့်ပြုရမည်။

( ဇ )   ရှောင်တခင်ခွင့်အတွက် ခွင့်မှတ်တမ်းများကို ခွင့်ပြုပိုင်ခွင့်ရှိသူထံတွင်ထားရှိရမည်။

၈၅။       ခွေးရူးကိုက်ရောဂါကုသရန် အထူးရှောင်တခင်ခွင့်ကို  –

  • (က)    ဆေးအဖွဲ့၏ ထောက်ခံချက်ဖြင့် တစ်လအထိခွင့်ပြုနိုင်သည်။
  • ( ခ )    သာမန်အားဖြင့်ရရှိသည့် ရှောင်တခင်ခွင့်ရက်များတွင် ထည့်သွင်းခြင်းမပြုရ။
  • ( ဂ )    လစာနှုန်းပြည့် ခံစားခွင့်ပြုရမည်။
  • (ဃ)    အခြားခွင့်အမျိုးအစားများနှင့် ရှေ့  နောက်ဆက်၍ ခွင့်မပြုရ။

ကူးစက်ရောဂါကာကွယ်ခွင့်

၈၆။       ကူးစက်ရောဂါကာကွယ်ခွင့်သည် ဝန်ထမ်း၏မိသားစု သို့မဟုတ် အတူနေမိသားစု၌ ကူးစက် ရောဂါဖြစ်ပွားသောကြောင့် ဝန်ထမ်းကိုအလုပ်ခွင်သို့မလာရောက်စေရန် ခွင့်ပြုသောခွင့်ဖြစ်သည်။ ဤခွင့်ခံစားနေသူဝန်ထမ်းကို အလုပ်ခွင်၌ရှိနေသကဲ့သို့ မှတ်ယူရမည်။ ကူးစက်ရောဂါ ကာကွယ်ခွင့်ကို –

  • (က)    သက်ဆိုင်ရာ ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးက မြို့နယ်၊ ကျေးလက်၊ တိုက်နယ် ဆေးရုံတို့မှ ဆရာဝန်၏ထောက်ခံချက် အရသာ ခွင့်ပြုရမည်။
  • ( ခ )    သာမန်အားဖြင့်  ၂၁  ရက်အထိ ခွင့်ပြုရန်ဖြစ်သော်လည်း ထူးခြားသောအခြေအနေ တွင်  ရက် ၃၀  အထိခွင့်ပြုနိုင်သည်။
  • ( ဂ )    အခြားခွင့်များ၏ ရှေ့မှဖြစ်စေ၊ နောက်မှဖြစ်စေ ဆက်စပ်ခွင့်ပြုနိုင်သည်။
  • (ဃ)    ခွင့်ကာလအတွင်း တာဝန်ချိန်လစာနှုန်းပြည့် ခံစားခွင့်ပြုရမည်။
  • ( င )    ခံစားနေသည့် ဝန်ထမ်း၏နေရာတွင် လူစားမခန့်ရ။

လုပ်သက်ခွင့်

၈၇။    လုပ်သက်ခွင့်သည်တာဝန်ထမ်းဆောင်သည့်ကာလကို အခြေပြု၍ ရခွင့်ရှိသောခွင့်ဖြစ်သည်။ ရခွင့်ရှိသောကာလမှာတာဝန်ချိန်၏   ဖြစ်သည်။ အချိန်ပြည့်တာဝန်ထမ်းဆောင်ရက် ၁၁ ရက် ရှိတိုင်း လုပ်သက်ခွင့် တစ်ရက်စုဆောင်းခွင့်ရှိပြီး ရုံးပိတ်ရက်များရှိလျှင်လည်း တစ်ဆက်တည်း ထည့်သွင်းတွက်ချက်သည်။

၈၈။    လုပ်သက်ခွင့်ကိုဆေးလက်မှတ်ခွင့်နှင့်  လစာမဲ့ခွင့်တို့၏ရှေ့မှဖြစ်စေ၊ နောက်မှဖြစ်စေ တစ်ဆက်တည်း ဆက်စပ်ခံစားခွင့်ရှိသည်။ အငြိမ်းစားယူရန် ကြိုတင်ပြင်ဆင်ခွင့်ကို ငြင်းပယ်ထား သည့်ကိစ္စမှတစ်ပါး  အငြိမ်းစားယူရမည့်နေ့ရက်ထက်ကျော်၍ ခံစားခွင့်မရှိစေရ။

အားလပ်ရက်ရှည်ခံစားခွင့် ဆိုင်ရာကိစ္စရပ်များ

၉၀။       အားလပ်ရက်ရှည်ဆိုသည်မှာ ပြက္ခဒိန်နှစ်တစ်နှစ်အတွင်းတစ်ဆက်တည်း ပိတ်ရက် ၁၅  ရက် ထက်ကျော်လွန်သော ကာလတစ်ရပ်ကို ဆိုသည်။ ပြက္ခဒိန်နှစ်  တစ်နှစ်အတွင်း၌ အားလပ်ရက်ရှည် ကာလတစ်ခုတည်းရှိပြီး ထိုအားလပ်ရက်ရှည်ကာလသည် ရက်  ၃၀  အောက်လျော့နည်းပါကလည်း ထိုကာလကို  တစ်လဟုမှတ်ယူရမည်။

my_MMMY