ပြည်ထောင်စုရာထူးဝန်အဖွဲ့

ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ၊ နည်းဥပဒေများ၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊

နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ ဝန်ထမ်းရေးရာ ကိစ္စရပ်များ


Search
Generic filters
Filter by Lawbook Names
နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ
နိုင်ငံ့ဝန်ထမ်းဥပဒေ
ပြည်ထောင်စုရာထူးဝန်အဖွဲ့နည်းဥပဒေများ
ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ
ဝန်ထမ်းရေးရာကိစ္စရပ်များ

ဤစကားလုံးများဖြင့်ရှာဖွေနိုင်သည်။ ပုဒ်မ(၁)နည်းဥပဒေ(၁)အပိုဒ်(၁)အခန်း(၁)rule(1)article(1)section(1)chapter(1)

နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ (မူလပြဋ္ဌာန်းချက်)

၃၁။ ရာထူးတိုးမြှင့်ခြင်းကို အောက်ပါအခြေခံမူများနှင့်အညီ ဆောင်ရွက်ရမည် –

  • (က) သက်ဆိုင်ရာ ဝန်ထမ်းအဖွဲ့အစည်း၏ လုပ်ငန်းစွမ်းရည်တိုးတက်မြင့်မားရေးကို ဦးတည်ချက်ထားခြင်း၊
  • ( ခ ) ရာထူးအဆင့်အတွက် အနည်းဆုံးလိုအပ်သော ပညာအရည်အချင်း၊ ကျွမ်းကျင်မှု အရည်အချင်းများကို သတ်မှတ်ထားခြင်း၊
  • ( ဂ ) တိုးမြှင့်ခန့်ထားမည့်ရာထူးအတွက် သတ်မှတ်ထားသော အရည်အချင်းပြည့်မီသည့် ဌာနတွင်းမှ ဝန်ထမ်းများကိုသာ ရာထူးတိုးမြှင့်ရေးအတွက် ထည့်သွင်းစဉ်းစားခြင်း၊
  • (ဃ) အရည်အချင်းစစ်ဆေးချက်အရ အသင့်လျော်ဆုံးဝန်ထမ်းကို ရာထူးတိုးမြှင့် ခန့်ထားခြင်း။

၃၂။ ရာထူးတိုးမြှင့်ရေးကိစ္စကို ဆောင်ရွက်ရာတွင် အောက်ပါတို့ကို ထည့်သွင်းစဉ်းစားရမည် –

  • (က) ဝန်ထမ်းအဖွဲ့အစည်း၏ လုပ်ငန်းသဘာဝအရ တိုးမြှင့်ခန့်အပ်ရမည့် ရာထူးများ အတွက် သတ်မှတ်ထားသည့် ပညာအရည်အချင်းနှင့် ကျွမ်းကျင်မှုအရည်အချင်း၊
  • ( ခ ) အခြားသော ထူးကဲသာလွန်သည့်အရည်အချင်းများ၊
  • ( ဂ ) ရာထူးဝန်အဖွဲ့က သတ်မှတ်ထားသော သင်တန်းများတက်ရောက်ပြီးခြင်း ရှိ မရှိ၊
  • (ဃ) ရာထူးဝန်အဖွဲ့က သတ်မှတ်ထားသော သင်တန်းတက်ရောက်ပြီးသူများအနက်မှ အဆိုပါ သင်တန်းတွင် စံပြထူးချွန်ဆုရရှိခဲ့သူတို့ကို ဦးစားပေးစဉ်းစားခြင်းနှင့် သင်တန်းဆင်းမှတ်ချက်မကောင်းသူ၊ ကျရှုံးသူတို့ကို တန်းစီဇယား၏အောက်၌ ထားရှိခြင်း။

ရာထူးတိုးမြှင့်ခြင်းဆိုင်ရာသတ်မှတ်ချက်များ

၃၄။ (က) ဤနည်းဥပဒေများပါသတ်မှတ်ချက်များသည် နိုင်ငံတော်သမ္မတကသာ တိုက်ရိုက် ခန့်အပ်သည့် ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးရာထူး၏ အောက်တစ်ဆင့်နိမ့်သော ရာထူးအဆင့်များအထိ တိုးမြှင့်ခန့်ထားမည့် ဝန်ထမ်းများနှင့် သက်ဆိုင်စေရမည်။

( ခ ) တပ်ဖွဲ့အသွင်ဖွဲ့စည်းထားသော ဝန်ထမ်းအဖွဲ့အစည်းများ၌ ရာထူးတိုးမြှင့်ခြင်းဆိုင်ရာ ကိစ္စများကို လုပ်ငန်းလိုအပ်ချက်နှင့်အညီ ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာဝန်ထမ်း အဖွဲ့အစည်းသည် ဤနည်းဥပဒေများ၏ အခြေခံသဘောနှင့်ညီညွတ်သော နည်းစနစ် များကို သီးခြားသတ်မှတ်နိုင်သည်။

( ဂ ) ရာထူးဝန်အဖွဲ့က ရွေးချယ်ပေးရန်သတ်မှတ်သည့် ပြန်တမ်းဝင်အရာရှိရာထူး အဆင့်သို့ ဌာနတွင်းမှဝန်ထမ်းများကို တိုးမြှင့်ခန့်အပ်ရန် လိုအပ်သည့်ကိစ္စရပ်တွင် ရာထူးဝန်အဖွဲ့နှင့် ညှိနှိုင်းဆောင်ရွက်ရမည်။

(ဃ) ရာထူး၏လုပ်ငန်းသဘာဝအလိုက် အနည်းဆုံးလိုအပ်သည့် ပညာအရည်အချင်း၊ ကျွမ်းကျင်မှုအရည်အချင်းတို့ကို သက်ဆိုင်ရာဝန်ထမ်းအဖွဲ့အစည်းသည် ယင်းတို့၏ လိုအပ်ချက်နှင့်အညီ ပြည်ထောင်စုအစိုးရအဖွဲ့၏ အတည်ပြုချက် ရယူသတ်မှတ် ရမည်။

( င ) ဝန်ထမ်းတစ်ဦးကို ဌာနဆိုင်ရာစုံစမ်းစစ်ဆေးမှု ပြုလုပ်နေစဉ်ကာလအတွင်း ရာထူး တိုးမြှင့်ခန့်ထားရေးအတွက် အရည်အချင်းစစ်ဆေးခြင်းနှင့် တန်းစီဇယားတွင် ထည့်သွင်းရေးဆွဲခြင်းပြုလုပ်နိုင်သော်လည်း တာဝန်မှယာယီရပ်ဆိုင်းခြင်း ခံနေရခြင်း သို့မဟုတ် ဥပဒေကြောင်းအရ အချုပ်အနှောင်ခံနေရခြင်း သို့မဟုတ် အာမခံဖြင့် လွှတ်ထားခြင်းခံရသည့် ဝန်ထမ်းကိုမူ ရာထူးတိုးမြှင့်ရေးအတွက် စစ်ဆေးခြင်းနှင့် တန်းစီဇယားတွင် ထည့်သွင်းရေးဆွဲခြင်းမပြုရ။

ချိန်နှုန်းလစာ (၁၄၀၀၀ဝိ -၂၀၀ဝိ – ၁၅၀၀၀ဝိ) အဆင့်နှင့် အောက်ဝန်ထမ်းများအား အရည်အချင်း စစ်ဆေးအကဲဖြတ်ခြင်း

၃၅။(က) ဝန်ထမ်း၏အရည်အချင်းကိုစစ်ဆေးရာတွင် ရေးဖြေစာမေးပွဲစစ်ဆေးခြင်း၊ လက်တွေ့ လုပ်ငန်းအရည်အချင်းစစ်ဆေးခြင်း၊ ရေးဖြေစာမေးပွဲနှင့်လက်တွေ့လုပ်ငန်း နှစ်ရပ် စလုံးဖြင့်စစ်ဆေးခြင်း၊ လူတွေ့စစ်ဆေး၍ အရည်အချင်းအကဲဖြတ်အမှတ်ပေးခြင်း နည်းလမ်းများကို အသုံးပြုရမည်။

( ခ ) ရာထူးအဆင့်၏ လုပ်ငန်းသဘာဝအလိုက် ရေးဖြေစာမေးပွဲကိုဖြစ်စေ၊ လက်တွေ့ လုပ်ငန်းအရည်အချင်း စစ်ဆေးခြင်းကိုဖြစ်စေ ပြုလုပ်ရန်မလိုအပ်ပါက လူတွေ့ စစ်ဆေး၍ အရည်အချင်းအကဲဖြတ် အမှတ်ပေးခြင်းနည်းကို အသုံးပြုစစ်ဆေး ရမည်။

( ဂ ) အရည်အချင်းစစ်ဆေးရာ၌ အောက်ပါအမှတ်ပေးစနစ်ကို ကျင့်သုံးရမည် –

  • (၁) ရေးဖြေစာမေးပွဲနှင့်လက်တွေ့ပါစစ်ဆေးရာတွင် –
    • (ကက) ရေးဖြေစာမေးပွဲအမှတ်ပြည့် ၄၀ မှတ်
      နှင့်
      လက်တွေ့အမှတ်ပြည့် ၆၀ မှတ်
      သို့မဟုတ်
    • ( ခခ ) ရေးဖြေစာမေးပွဲသက်သက် သို့မဟုတ် လက်တွေ့သက်သက်စစ်ဆေးခြင်းအတွက် အမှတ်ပြည့် ၁၀၀ မှတ်
      သို့မဟုတ်
    • ( ဂဂ ) ဌာနဆိုင်ရာအစီအစဉ်ဖြင့် ကျင်းပသည့် ဌာန ဆိုင်ရာ စာမေးပွဲ၊ အခြားနည်းစစ်ဆေးခြင်း အတွက် အမှတ်ပြည့် ၁၀၀ မှတ်
  • (၂) အကဲဖြတ်အမှတ်ပေးခြင်းအတွက် အမှတ်ပြည့် ၁၀၀ မှတ်
  • (၃) လုပ်သက်အတွက် အမှတ်ပြည့် ၁၀၀ မှတ်
  • (၄) လူတွေ့စစ်ဆေးခြင်းအတွက် အမှတ်ပြည့် ၅၀ မှတ်

(ဃ) ဌာနဆိုင်ရာ လူတွေ့စစ်ဆေးရန်မလိုဟု ဆုံးဖြတ်သည့်ကိစ္စများတွင် လူတွေ့စစ်ဆေး ခြင်းမပြုဘဲ ဆောင်ရွက်နိုင်သည်။

( င ) ဝန်ထမ်းများ၏အရည်အချင်းကို စစ်ဆေးရန်အတွက် အကဲဖြတ်မှတ်တမ်းရေး သည့် စနစ်ကို ကျင့်သုံးရမည်။

( စ ) အကဲဖြတ်မှတ်တမ်းရေးရာတွင် ဝန်ထမ်းအား အနီးကပ်တာဝန်ယူ ကြီးကြပ် ကွပ်ကဲသည့်အရာထမ်းက ကနဦးမှတ်တမ်းရေး၍ အထက်အဆင့် အလိုက် တာဝန်ယူ ကြီးကြပ်သည့် အရာထမ်းများက ထပ်ဆင့်မှတ်ချက်ရေးပြီး ဝန်ထမ်း အဖွဲ့အစည်းအကြီးအမှူး သို့မဟုတ် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရ၏ တာဝန်လွှဲအပ်ခြင်းခံရသူက အပြီးသတ် ထပ်ဆင့်ရေးရမည်။

(ဆ) အကဲဖြတ်အမှတ်ပေးရာ၌ အောက်ပါအရည်အချင်းများအလိုက် စိစစ်အကဲဖြတ်၍ အမှတ်ပေးရမည် –

  • (၁) ပေးအပ်သောတာဝန်နှင့်ဝတ္တရာများကိုကျေပွန်အောင် ထမ်းရွက်ခြင်း ၁၀မှတ်
  • (၂) လုပ်ငန်းကျွမ်းကျင်မှုရှိခြင်း ၁၀မှတ်
  • (၃) ယုံကြည်စိတ်ချရခြင်း ၁၀မှတ်
  • (၄) လေ့လာဆည်းပူးခြင်း ၁၀မှတ်
  • (၅) ကြိုးစားမှုရှိခြင်း ၁၀မှတ်
  • (၆) တီထွင်ကြံဆတတ်ခြင်း ၁၀မှတ်
  • (၇) ရုံး၊ အလုပ်ရုံစည်းကမ်းများကိုလိုက်နာခြင်း ၁၀မှတ်
  • (၈) အများအကျိုးအတွက်စေတနာ့ဝန်ထမ်းဆောင်ရွက်ခဲ့ခြင်း ၁၀မှတ်
  • (၉) ဆက်ဆံရေးပြေပြစ်ခြင်း ၁၀မှတ်
  • (၁၀) ခေါင်းဆောင်မှုပေးနိုင်ခြင်း ၁၀မှတ်

( ဇ ) အကဲဖြတ်အမှတ်ပေးရာတွင် –

  • (၁) သာမန်အောက်၊ သာမန်၊ သာမန်အထက်၊ ထူးချွန်အဆင့် လေးဆင့်ခွဲခြား ဖော်ပြရမည်။
  • (၂) သာမန်အောက်အဆင့်အတွက် ၃ မှတ်အထိ၊ သာမန်အဆင့်အတွက် ၄ မှတ်မှ ၆ မှတ်အထိ၊ သာမန်အထက်အဆင့်အတွက် ၇ မှတ်မှ ၈ မှတ် အထိ၊ ထူးချွန်အဆင့်အတွက် ၉ မှတ်မှ ၁၀ မှတ်အထိ ပေးရမည်။
  • (၃) သာမန်အောက်နှင့် ထူးချွန်အဆင့်များအတွက် အကဲဖြတ်မှတ်တမ်းတွင် အကျိုးအကြောင်းကို အကျဉ်းချုပ်ဖော်ပြရမည်။
  • (၄) ရာထူးတိုးမြှင့်ပေးမည့် ဝန်ထမ်းအတွက် ကိုယ်ရေးမှတ်တမ်း ဖြည့်စွက်ရန် ပုံစံကို ပုံစံ(၂) ဖြင့် ဖော်ပြထားပါသည်။

( ဈ ) အကဲဖြတ်မှတ်တမ်းရေးသူသည် –

  • (၁) သက်ဆိုင်ရာဝန်ထမ်းနှင့်ပတ်သက်၍ လွန်ခဲ့သော ပြက္ခဒိန်နှစ်အတွက် အကဲဖြတ်မှတ်တမ်းကို ဇန်နဝါရီလတွင် ရေးရမည်။
  • (၂) သက်ဆိုင်ရာဝန်ထမ်းနှင့်ပတ်သက်၍ နည်းဥပဒေခွဲ (ဆ) တွင် ဖော်ပြထားသည့် အရည်အချင်းတိုင်းကို အကဲဖြတ်လျက် မှတ်တမ်းရေး အမှတ်ပေးရမည်။
  • (၃) ပြက္ခဒိန်တစ်နှစ်အတွင်းတွင် သက်ဆိုင်ရာဝန်ထမ်းသည် ထူးချွန်ပြောင်မြောက်စွာ တာဝန်ထမ်းရွက်ခြင်းကြောင့်ဖြစ်စေ၊ အရေးယူအပြစ်ပေးခံရသောကြောင့် ဖြစ်စေ အထူးမှတ်တမ်းရေးရန်လိုအပ်ပါက ကနဦးမှတ်တမ်းရေးသူ အရာထမ်း နှင့်အထက်အဆင့်အလိုက် တာဝန်ယူကြီးကြပ်သည့် အရာထမ်းများ၊ ဝန်ထမ်း အဖွဲ့အစည်းအကြီးအမှူး သို့မဟုတ် ယင်းကတာဝန်လွှဲအပ်သူတို့က ညှိနှိုင်း၍ အကဲဖြတ်မှတ်တမ်းရေးရမည်။
  • (၄) ဝန်ထမ်းများအတွက် ရာထူးတိုးမြှင့်ခန့်အပ်ရန် အကြောင်းထူးပေါ်ပေါက်သည့် အခါ သီးခြားအကဲဖြတ်မှတ်တမ်းရေးရမည်။

(ည) အကဲဖြတ်အမှတ်ပေးရာ၌ –

  • (၁) နည်းဥပဒေခွဲ(ဆ)တွင် ဖော်ပြထားသည့် အရည်အချင်းအမျိုးအစား ၁၀ ခုအတွက် အမျိုးအစားတစ်ခုလျှင် ၁၀ မှတ် နှုန်းဖြင့် စုစုပေါင်းအမှတ်ပြည့် ၁၀၀ ပေးနိုင်သည်။
  • (၂) အကဲဖြတ်မှတ်တမ်းတွင် အကဲဖြတ်မှတ်တမ်းရေးသူများက လက်မှတ် ရေးထိုးရမည်။

၃၆။ ရာထူးသက်၊ လုပ်သက်အတွက် အမှတ်ပေးရာတွင် –

  • (က) လုပ်သက်ပြတ်နေသောကာလ၊ လစာမဲ့ခွင့်ကာလနှင့် တာဝန်တွင်ရှိသည်ဟု မသတ် မှတ်သော တာဝန်မှယာယီရပ်ဆိုင်းထားခြင်းခံရသော ကာလများကို လုပ်သက် အဖြစ် ရေတွက်ခြင်းမပြုဘဲ တစ်ဆက်တည်းဖြစ်သောလုပ်သက်အတွက်သာ အမှတ် ပေးရမည်။
  • ( ခ ) တစ်ဆက်တည်းဖြစ်သော လုပ်သက်အတွက် အမှတ်ပေးရာ၌ လက်ရှိရာထူးအဆင့် မှစ၍ ယင်းအောက်ရာထူးသက်များကို အောက်ပါအတိုင်း သတ်မှတ်ပေးရမည်-
    • (၁) လက်ရှိရာထူးအဆင့်အတွက် ရာထူးသက် တစ်နှစ်လျှင် ၃ မှတ်၊
    • (၂) အောက်တစ်ဆင့်နိမ့်သောရာထူးအဆင့်အတွက် လုပ်သက်တစ်နှစ်လျှင်၂ မှတ်၊
    • (၃) ယင်းထက် အောက်တစ်ဆင့်နိမ့်သောရာထူးအဆင့်အတွက် လုပ်သက် တစ်နှစ်လျှင် ၁ မှတ်၊
    • (၄) ထပ်မံ၍ အောက်တစ်ဆင့်နိမ့်သော ရာထူးအဆင့်တိုင်းအတွက် လုပ်သက် တစ်နှစ် လျှင် မှတ်၊
    • (၅) ရာထူးအဆင့်တိုင်းတွင် ခြောက်လထက်ကျော်သော လုပ်သက်ကို တစ်နှစ်ဟု လည်းကောင်း၊ ခြောက်လမပြည့်သော လုပ်သက်ကို တစ်ဆင့်နိမ့်သောရာထူး ၏ လုပ်သက်တွင် ပေါင်း၍လည်းကောင်း တွက်ချက်ရရှိသောအမှတ်။
  • ( ဂ ) လုပ်သက်အတွက် အများဆုံးရနိုင်သော စုစုပေါင်းအမှတ်သည် ၁၀၀ ဖြစ်သည်။
  • (ဃ) လုပ်သက်ရေတွက်ရာတွင် –
    • (၁) စတင်တာဝန်ထမ်းဆောင်သည့်ရာထူးအထိ လုပ်သက်ကို ရေတွက်ရမည်။
    • (၂) အရာထမ်းများ၏ ရာထူးတိုးမြှင့်ရေးကိစ္စတွင် ရာထူးစုအမျိုးအစားမတူသော လုပ်သက်နှစ်ခုကို ပေါင်းစပ်ရေတွက်လိုပါက သက်ဆိုင်ရာဝန်ထမ်းအဖွဲ့အစည်း သည် ရာထူးဝန်အဖွဲ့နှင့်ညှိနှိုင်းရမည်။
    • (၃) အမှုထမ်းများ၏ ရာထူးတိုးမြှင့်ရေးကိစ္စတွင် သက်ဆိုင်ရာဝန်ကြီးဌာနနှင့် အဖွဲ့အစည်း၏ စီမံခန့်ခွဲရေးကော်မတီက သဘောတူလျှင် ရာထူးစုအမျိုးအစား မတူသော လုပ်သက်နှစ်ခုကို ပေါင်းစပ်ရေတွက်နိုင်သည်။

ဝန်ထမ်းများအား ရာထူးသက်၊ လုပ်သက်သတ်မှတ်ချက်ကို လျှော့ပေါ့၍ ရာထူးတိုးမြှင့်ခန့်ထား ခွင့်ပြုခြင်း

၃၇။ ထူးချွန်သည့်ဝန်ထမ်းများကို သင့်တင့်သောကာလအတွင်း တစ်ဆင့်မြင့်ရာထူးများတွင် တိုးမြှင့် ခန့်ထားခြင်းဖြင့် ထိုက်ထိုက်တန်တန်ချီးမြှင့်သည့်အနေဖြင့်လည်းကောင်း၊ ကြိုးစားမှု၊ လေ့လာမှု ထူးကဲသာလွန်သည့် ဝန်ထမ်းများကို ချီးမြှောက်နိုင်ရန်အတွက်လည်းကောင်း သက်ဆိုင်ရာ ဝန်ကြီး ဌာနနှင့် ဝန်ထမ်းအဖွဲ့အစည်းများသည် –

  • (က) ဖွဲ့စည်းပုံပါ လစ်လပ်သည့်ရာထူးနေရာများသို့ တိုးမြှင့်ပေးရေးအတွက်ဆောင်ရွက် ရာတွင် သာမန်အားဖြင့် လိုအပ်သောအရည်အချင်းများနှင့် ပြည့်စုံသည့် ဝန်ထမ်း များကို လစ်လပ်ရာထူးဦးရေ၏ သုံးပုံနှစ်ပုံထိ အနည်းဆုံးရှိရမည့် ရာထူးသက်၊ လုပ်သက်သတ်မှတ်ချက် ပြည့်မီမှသာ ရာထူးတိုးမြှင့်ပေးရေးအတွက် စဉ်းစား ရမည်။ ကျန်လစ်လပ်ရာထူး သုံးပုံတစ်ပုံကိုမူ သက်ဆိုင်ရာဝန်ထမ်းအဖွဲ့အစည်းက သင့်လျော်သည်ဟု ယူဆလျှင် လက်ရှိအဆင့်တွင် အနည်းဆုံးရှိရမည့် ရာထူးသက်၊ လုပ်သက်ကို လျှော့ပေါ့၍ အထူးကိစ္စရပ်အနေဖြင့် ရာထူးတိုးမြှင့်ခန့်ထားနိုင်သည်။
  • ( ခ ) ဝန်ထမ်းအဖွဲ့အစည်းများက ရာထူးသက်၊ လုပ်သက်သတ်မှတ်ချက်ကို လျှော့ပေါ့၍ ရာထူးတိုးမြှင့်ခန့်ထားရေးအတွက် ဆောင်ရွက်ရာတွင် အဓိကအားဖြင့် အောက်ပါ အချက်များကို ထည့်သွင်းစဉ်းစားရန်ဖြစ်သည်-
    • (၁) လုပ်ငန်းကျွမ်းကျင်မှုရှိပြီး အထူးကြိုးစားထမ်းဆောင်ခြင်း၊
    • (၂) အထက်အရာရှိနှင့် လုပ်ဖော်ကိုင်ဖက်များအပေါ်သစ္စာရှိခြင်း၊
    • (၃) စိတ်ဓာတ်ကောင်းမွန်ခြင်းနှင့် နိုင်ငံတော်နှင့် ဌာနအကျိုးစီးပွားအတွက် မွန်မြတ်သောစေတနာထားရှိခြင်း၊
    • (၄) တီထွင်ကြံဆလုပ်ကိုင်တတ်ခြင်း၊
    • (၅) ပညာအရည်အချင်း၊ ကျွမ်းကျင်မှုအရည်အချင်း ထူးကဲသာလွန်ခြင်း၊
    • (၆) ခေါင်းဆောင်မှုကောင်းခြင်း၊
    • (၇) အကျင့်စာရိတ္တကောင်းမွန်ခြင်း။
  • ( ဂ ) ဝန်ထမ်းများအား ရာထူးသက်၊ လုပ်သက်သတ်မှတ်ချက်ကို လျှော့ပေါ့၍ ရာထူး တိုးမြှင့်ခန့်ထားရေးအတွက် သက်ဆိုင်ရာဝန်ထမ်းအဖွဲ့အစည်းအလိုက် “အရည်အချင်း စစ်ဆေးရေးအဖွဲ့”များ ဖွဲ့စည်းပြီး နည်းဥပဒေခွဲ (ခ) ပါ သတ်မှတ်ချက်များနှင့်အညီ စိစစ်ဆောင်ရွက်ရမည်။
  • (ဃ) အရည်အချင်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးရွေးချယ်သည့် ဝန်ထမ်းများအား ရာထူးသက်၊လုပ်သက်သတ်မှတ်ချက်ကိုလျှော့ပေါ့၍ ရာထူးတိုးမြှင့်ခန့်ထားခွင့်ရရှိ ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနနှင့် အဖွဲ့အစည်းအကြီးအမှူးထံ တင်ပြပြီး သဘောတူညီချက် ရယူဆောင်ရွက်ရမည်။
  • ( င ) ပြန်တမ်းဝင်အရာရှိအဆင့်သို့ ရာထူးသက်၊ လုပ်သက်သတ်မှတ်ချက်ကို လျှော့ပေါ့၍ တိုးမြှင့်ခန့်ထားရာတွင် လက်ရှိရာထူးလုပ်သက် အနည်းဆုံးတစ်နှစ်ရှိသူကိုသာ စဉ်းစား ရမည်ဖြစ်ပြီး ရာထူးဝန်အဖွဲ့သို့ အဆိုပြုညှိနှိုင်း၍ ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ကို ရယူရမည်။

လူတွေ့စစ်ဆေးခြင်း

၃၈။ (က) လူတွေ့စစ်ဆေးခြင်းကို နည်းဥပဒေ ၂၉ ပါနည်းလမ်းတစ်ရပ်ရပ်ဖြင့် စစ်ဆေးခြင်း အတွက် အမှတ်ပြည့် ၁၀၀ ၊ အကဲဖြတ်အမှတ်ပေးခြင်းအတွက် အမှတ်ပြည့် ၁၀၀ ပေးထားသည့်အနက် အနည်းဆုံးအမှတ် ၄၀ စီရရှိသူများအား ပြုလုပ်ရမည်။

( ခ ) လူတွေ့စစ်ဆေးမှုအတွက် အမှတ်ပြည့်မှာ ၅၀ ဖြစ်သည်။ လူတွေ့စစ်ဆေးခြင်း ခံရသော ဝန်ထမ်းများကို အောက်ပါအချက်များအပေါ် အခြေခံစစ်ဆေးရမည် –

  • (၁) လုပ်ငန်းကျွမ်းကျင်မှုအတွက် အမှတ်ပြည့် ၂၀ မှတ်
  • (၂) သွက်လက်ပြတ်သားမှုအတွက် အမှတ်ပြည့် ၁၀ မှတ်
  • (၃) ထိုးထွင်းဉာဏ်ကောင်းမှုအတွက် အမှတ်ပြည့် ၁၀ မှတ်
  • (၄) အထွေထွေဗဟုသုတအတွက် အမှတ်ပြည့် ၁၀ မှတ်

( ဂ ) အရည်အချင်းစစ်ဆေးရေးအဖွဲ့သည် လူတွေ့စစ်ဆေးရေးအဖွဲ့ တာဝန်ကိုပါ ဆောင်ရွက်ရမည်။

(ဃ) အရည်အချင်းစစ်ဆေးရေးအဖွဲ့ဝင် တစ်ဦးစီက လူတွေ့စစ်ဆေးမှုအတွက် အမှတ် ပေးရမည်။ တစ်ဦးစီပေးထားသောအမှတ်များကို ပျမ်းမျှပြု၍ ယင်းအဖွဲ့၏အမှတ် အဖြစ်သတ်မှတ်ပေးရမည်။

တန်းစီဇယားရေးဆွဲခြင်း

၃၉။ အရည်အချင်းစစ်ဆေးရေးအဖွဲ့သည် ရေးဖြေနှင့်လက်တွေ့စစ်ဆေးခြင်း သို့မဟုတ် ရေးဖြေ သက်သက်သော်လည်းကောင်း၊ လက်တွေ့သက်သက်သော်လည်းကောင်း စစ်ဆေးခြင်း၊ လုပ်သက် အမှတ်ပေးခြင်း၊ လူတွေ့စစ်ဆေးခြင်းနှင့် အကဲဖြတ်ရမှတ်မှရရှိသည့် စုစုပေါင်းအမှတ်အများအနည်း အလိုက် တန်းစီဇယားရေးဆွဲရမည်။ အရည်အချင်းတူလျှင် လုပ်သက်များသူကို ဦးစားပေးနိုင် သည်။ သို့ရာတွင် လုပ်ရည်ကိုင်ရည်၊ အရည်အသွေး၊ စွမ်းဆောင်ရည် ထူးခြားပြောင်မြောက်သည့် ဝန်ထမ်း ဖြစ်ပါက လုပ်သက်များသူထက် ပို၍ဦးစားပေးရမည်။

၄၀။ အရည်အချင်းစစ်ဆေးရေးအဖွဲ့သည် ရေးဖြေစစ်ဆေးခြင်း၊ လက်တွေ့စစ်ဆေးခြင်းနှင့် လူတွေ့စစ်ဆေးခြင်း မပြုနိုင်သည့်ကိစ္စများတွင် လုပ်သက်နှင့်အကဲဖြတ်ရမှတ်တို့ဖြင့့်် စုစုပေါင်းအမှတ် အများအနည်းအလိုက် တန်းစီဇယားရေးဆွဲရမည်။

my_MMMY