ပြည်ထောင်စုရာထူးဝန်အဖွဲ့

ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ၊ နည်းဥပဒေများ၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊

နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ ဝန်ထမ်းရေးရာ ကိစ္စရပ်များ


Search
Generic filters
Filter by Lawbook Names
နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ
နိုင်ငံ့ဝန်ထမ်းဥပဒေ
ပြည်ထောင်စုရာထူးဝန်အဖွဲ့နည်းဥပဒေများ
ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ
ဝန်ထမ်းရေးရာကိစ္စရပ်များ

ဤစကားလုံးများဖြင့်ရှာဖွေနိုင်သည်။ ပုဒ်မ(၁)နည်းဥပဒေ(၁)အပိုဒ်(၁)အခန်း(၁)rule(1)article(1)section(1)chapter(1)

နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ (မူလပြဋ္ဌာန်းချက်)

၂၃၁။     ဝန်ထမ်းစည်းကမ်းဆိုင်ရာ ပြစ်မှုတစ်ရပ်ရပ် သို့မဟုတ် ဥပဒေတစ်ရပ်ရပ်ကိုကျူးလွန်ခြင်း ကြောင့် တာဝန်မှယာယီရပ်ဆိုင်းထားခြင်း သို့မဟုတ် စုံစမ်းစစ်ဆေးခြင်းခံနေရသည့် ဝန်ထမ်း တစ်ဦးသည် ယင်းကာလအတွင်း အငြိမ်းစားယူရမည့် အသက်ပြည့်စေကာမူ စုံစမ်းစစ်ဆေးခြင်း နှင့်စပ်လျဉ်း၍ အပြီးသတ်အမိန့်မချမှတ်ရသေးမီ အငြိမ်းစားယူခွင့် မပြုရ။

၂၃၂။      အငြိမ်းစားယူသောဝန်ထမ်းသည် –

  • (က)    နိုင်ငံတော်၏ ဝန်ထမ်းအဖွဲ့အစည်းတစ်ရပ်ရပ်တွင် တာဝန်ထမ်းဆောင်ခြင်းဖြစ်ရမည်။
  • ( ခ )    ဖွဲ့စည်းပုံဖြင့် ခွင့်ပြုထားသည့်ရာထူးတွင် အချိန်ပြည့် တာဝန်ထမ်းဆောင်ခြင်း ဖြစ်ရမည်။
  • ( ဂ )    တာဝန်ထမ်းဆောင်ခြင်းကြောင့် ရရှိသည့်လစာကို နိုင်ငံတော်ဘဏ္ဍာရန်ပုံငွေမှကျခံခြင်း ဖြစ်ရမည်။

၂၃၃။     ဝန်ထမ်းသည် –

  • (က)    တည်ဆဲဥပဒေတစ်ရပ်ရပ်ပါ ပြဋ္ဌာန်းချက်များအရ သီးခြားသတ်မှတ်သည့် ကိစ္စမှ တစ်ပါး အသက် ၆၀ နှစ်ပြည့်သောအခါ သတ်မှတ်ချက်များနှင့်အညီ သက်ပြည့် ပင်စင်ခံစားခွင့်ရှိသည်။
  • ( ခ )    အသက်  ၅၅  နှစ်ပြည့်ပြီးဖြစ်သော ဝန်ထမ်းသည် လုပ်သက်နှစ်  ၃၀  ပြည့်လျှင် နှစ်ပြည့်ပင်စင်ခံစားခွင့်ရှိသည်။
  • ( ဂ )   လုပ်သက်  ၁၀ နှစ်နှင့် အထက်ရှိသည့် ဝန်ထမ်းသည် မကျန်းမာ၍ တာ၀န်ကို ဆက်လက်မထမ်းဆောင်နိုင်သည့်အခါတွင် သတ်မှတ်ထားသော ဆေးအဖွဲ့၏ ထောက်ခံချက်ဖြင့် နာမကျန်းပင်စင်ခံစားခွင့်ရှိသည်။
  • (ဃ)    ရာထူးတစ်ခုကို ဖျက်သိမ်းလိုက်သည့်အခါ ယင်းရာထူး၌ ခန့်ထားသည့်ဝန်ထမ်းကို အခြားရာထူးတစ်ခုသို့ပြောင်း‌ရွှေ့နေရာချထားခြင်းမပြုနိုင်လျှင်သော်လည်းကောင်း၊ ယင်းဝန်ထမ်းမှ ပြောင်းရွှေ့တာဝန်ထမ်းဆောင်ရန်ဆန္ဒမပြုလျှင်သော်လည်းကောင်း လျော်ကြေးပင်စင်ခံစားခွင့်ပြုရမည်။
  • ( င )    ဝန်ထမ်းသည် တာဝန်ထမ်းဆောင်မှုကို အကြောင်းပြု၍ ရောဂါရရှိသည့်အခါတွင် ဖြစ်စေ၊ ထိခိုက်အနာတရဖြစ်သည့်အခါတွင်ဖြစ်စေ၊ မသန်စွမ်းဖြစ်သည့်အခါတွင် ဖြစ်စေ သတ်မှတ်ထားသောဆေးအဖွဲ့၏ထောက်ခံချက်ဖြင့် အထူးပင်စင်ခံစားခွင့် ရှိသည်။
  • ( စ )    ဝန်ထမ်းသည် တာဝန်ထမ်းဆောင်နေဆဲတွင်ဖြစ်စေ၊ အငြိမ်းစားယူပြီးနောက်မှ ဖြစ်စေ ကွယ်လွန်ခဲ့လျှင် ကျန်ရစ်သူမိသားစုအတွက် မိသားစုပင်စင်ကို သတ်မှတ် ချက်များနှင့် အညီ ခံစားခွင့်ရှိသည်။
  • (ဆ)    အသက်  ၅၅  နှစ်ပြည့်ပြီးဖြစ်သော ဝန်ထမ်းသည် လုပ်သက် နှစ် ၂၀ ကျော်လွန်လျှင် သော်လည်းကောင်း၊ အသက် ၅၀ နှစ်ပြည့်ပြီးသော ဝန်ထမ်းသည် လုပ်သက်  ၂၅  နှစ် ကျော်လွန်လျှင်သော်လည်းကောင်း  လျှော့ပေါ့ပင်စင်ခံစားခွင့်ရှိသည်။ သို့ရာတွင် နိုင်ငံတော်၏လိုအပ်ချက်အရ ဖော်ပြပါသတ်မှတ်ချက်များမပြည့်မီသော်လည်း လျှော့ပေါ့ ပင်စင်ခွင့်ပြုနိုင်သည်။

၂၃၄။     ဝန်ထမ်းတစ်ဦး ပင်စင်အကျိုးခံစားခွင့်ရှိသည့် အများဆုံးလုပ်သက် ကန့်သတ်ချက်သည် အသက်  ၁၈  နှစ်ပြည့်ချိန်မှ အမှန်တကယ် ပင်စင်ယူသည့်အချိန်အထိ ကာလများဖြစ်သည်။ ဝန်ထမ်း၏ အသက်  ၁၈ နှစ်ပြည့်ပြီးနောက်ပိုင်း လုပ်သက်အနက်မှ ရာထူးတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ကာလများအပြင်   အောက်ပါကာလများကိုလည်း ပင်စင်အကျိုးခံစားခွင့်  တွက်ချက်ရာတွင် ထည့်သွင်း ရေတွက်သည် –

  • (က)    လစာရအလုပ်သင်ကာလ၊
  • ( ခ )    အစမ်းခန့်ကာလ၊
  • ( ဂ )    ကူးပြောင်းချိန်ကာလ၊
  • (ဃ)    တာဝန်ချိန်အဖြစ်သတ်မှတ်ခြင်းခံရသော တာဝန်မှယာယီရပ်ဆိုင်းထားသည့်ကာလ၊
  • ( င )    တာဝန်ချိန်အဖြစ် မသတ်မှတ်သော်လည်း ပင်စင်ခံစားခွင့်ရှိသောကာလဟု သတ်မှတ်သည့် တာဝန်မှယာယီရပ်ဆိုင်းထားသည့်ကာလ၊
  • ( စ )    တာဝန်ချိန်ဟုသတ်မှတ်သည့် အခြားကိစ္စရပ်များအတွက် ကာလများ။

၂၃၅။     အောက်ပါခွင့်ကာလများကို ပင်စင်အကျိုးခံစားခွင့်တွက်ချက်ရာတွင် ထည့်သွင်းရေတွက်သည် –

  • (က)    လုပ်သက်ခွင့်ကာလ၊
  • ( ခ )    အထူးမသန်စွမ်းခွင့်ကာလ၊
  • ( ဂ )    ပညာလေ့လာဆည်းပူးခွင့်ကာလ၊
  • (ဃ)    မီးဖွားခွင့်ကာလ၊
  • ( င )    သောင်းကျန်းမှုများကြောင့် ခွင့်ပြုခဲ့သည့် အထူးခွင့်ကာလ၊
  • ( စ )    သင်္ဘောသားနာမကျန်းခွင့်ကာလ၊
  • (ဆ)    ပျမ်းမျှလစာရရှိသောဆေးရုံခွင့်ကာလ၊
  • ( ဇ )   ဆေးလက်မှတ်ခွင့်ကာလ။

၂၃၆။     အရာထမ်း၊ အမှုထမ်းများ၏ ပင်စင်အကျိုးခံစားခွင့်အလို့ငှာ ရာထူးစုအမျိုးအစား မတူသော်လည်း လုပ်သက်နှစ်ခုကို ပေါင်းစပ်ရေတွက်ရမည်။ ပင်စင်အကျိုးခံစားခွင့်ရှိသော ပြတ်တောက်နေသည့်လုပ်သက်ကာလများကို ဆက်စပ်ပေးပိုင်ခွင့်ရှိသူက ခိုင်လုံသောအကြောင်း ရှိပါက ပင်စင်အကျိုးငှာ ဆက်စပ်ခွင့်ပြုနိုင်သည်။ ယင်းသို့ခွင့်ပြုရာတွင် ယခင်လုပ်သက်သည် အနည်းဆုံးတစ်နှစ်ရှိရမည်။

၂၃၇။     လျော်ကြေးပင်စင်အတွက် လုပ်သက်ဆုငွေသာ ခံစားခဲ့ရပြီးတာဝန်ပြန်လည်ထမ်းဆောင်သည့် ဝန်ထမ်းသည် ယခင်ရရှိခဲ့သည့်ဆုငွေကို ပြန်လည်ပေးသွင်းပါက ယခင်ဆောင်ရွက်ခဲ့သည့် အမှုထမ်းသက်ကို ပေါင်းစပ်ထည့်သွင်းတွက်ချက်ရမည်။

၂၃၈။     လျော်ကြေးပင်စင်ရရှိသည့်ဝန်ထမ်းတစ်ဦးသည် လျော်ကြေးပင်စင်လစာများ ထုတ်ယူ ခံစားပြီး ပြတ်တောက်ကာလရှိပြီးမှ တာဝန်ပြန်လည်ထမ်းဆောင်ရာတွင် ယင်းထမ်းဆောင်ခဲ့သည့် နေ့မှစ၍ ပင်စင်လစာထုတ်ယူခြင်းကို ရပ်ဆိုင်းခဲ့လျှင် ယခင်လုပ်သက်ကို ပေါင်းစပ်ထည့်သွင်း တွက်ချက်ရမည်။

၂၃၉။     အငြိမ်းစားယူပြီးသောဝန်ထမ်းသည် တာဝန်ပြန်လည်ထမ်းဆောင်သည့်နေ့မှစ၍ ယခင် ပင်စင်လစာကို ရပ်ဆိုင်းရမည်။ တာဝန်ပြန်လည်ထမ်းဆောင်သည့်နေ့မှစ၍ သုံးလအတွင်း ပင်စင် လစာကို ရပ်ဆိုင်းခြင်းမပြုခဲ့ပါက ယခင်အမှုထမ်းသက်ကို ပြန်လည်တာဝန်ထမ်းဆောင်သော အမှုထမ်းသက်နှင့်ပင်စင်ကိစ္စအလို့ငှာ ဆက်စပ်ခွင့်မရှိပါ။

၂၄၀။     နာမကျန်းပင်စင်ရရှိခံစားနေသော အငြိမ်းစားတစ်ဦးကို ကျန်းမာရေးအခြေအနေ ပြန်လည် ကောင်းမွန်လာ၍ နိုင်ငံ့တာဝန်ပြန်လည်ထမ်းဆောင်ခြင်းအား တားမြစ်ခြင်းမရှိသော်လည်း နာမကျန်း ပင်စင်ယူစဉ်က ဝန်ထမ်း၏မကျန်းမာမှုသည် တာဝန်ထမ်းဆောင်စဉ်ဖြစ်ပေါ်နေသော အခြေအနေ ကြောင့် ခွင့်ပြုခြင်းဖြစ်ကြောင်းဖော်ပြထားလျှင် ယင်းဝန်ထမ်းတာဝန်ပြန်လည်ထမ်းဆောင်သည့်အခါ မူလထမ်းဆောင်ခဲ့သည့်ဌာနတွင် ပြန်လည်တာဝန်ထမ်းဆောင်ခွင့်မရှိပါ။ သို့ရာတွင် အခြားနေရာဌာန များ၌ တာဝန်ထမ်းဆောင်နိုင်ခွင့်ရှိသည်။ နာမကျန်းပင်စင်ရရှိခံစားနေသော အငြိမ်းစားတစ်ဦး ပြန်လည်တာဝန်ထမ်းဆောင်ပါက နည်းဥပဒေ ၂၃၇ နှင့် ၂၃၈ ပါအတိုင်း လုပ်သက်ကို တွက်ချက် ရမည်။

my_MMMY