ပြည်ထောင်စုရာထူးဝန်အဖွဲ့

ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ၊ နည်းဥပဒေများ၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊

နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ ဝန်ထမ်းရေးရာ ကိစ္စရပ်များ


Search
Generic filters
Filter by Lawbook Names
နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ
နိုင်ငံ့ဝန်ထမ်းဥပဒေ
ပြည်ထောင်စုရာထူးဝန်အဖွဲ့နည်းဥပဒေများ
ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ
ဝန်ထမ်းရေးရာကိစ္စရပ်များ

ဤစကားလုံးများဖြင့်ရှာဖွေနိုင်သည်။ ပုဒ်မ(၁)နည်းဥပဒေ(၁)အပိုဒ်(၁)အခန်း(၁)rule(1)article(1)section(1)chapter(1)

နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ (မူလပြဋ္ဌာန်းချက်)

၁၃၁။     ခွင့်ပြုသည့်ကူးပြောင်းချိန် ကုန်ဆုံးသည့်ရက်၏ နောက်တစ်ရက်တွင် အလုပ်ဝင်ရောက်ရန် ဖြစ်သော်လည်း အလုပ်မဝင်ရောက်သည့် ဝန်ထမ်းသည် ကူးပြောင်းချိန်ကုန်ဆုံးသည့်ရက်၏ နောက်ရက်မှအစပြု၍ လစာဖြစ်စေ၊ ခွင့်လစာကိုဖြစ်စေ ခံစားခွင့်မရှိ။ ကူးပြောင်းချိန်ကုန်ဆုံးပြီးနောက် အလုပ်ဝင်ရောက်ရန် ခိုင်လုံသော အကြောင်းပြချက်မရှိဘဲ တမင်ပျက်ကွက်လျှင် ယင်းပျက်ကွက်မှုကို မလျော်ကန်သော အပြုအမူတစ်ရပ်အဖြစ် သတ်မှတ်ပြီး နည်းဥပဒေများနှင့်အညီ အရေးယူခြင်း ခံရမည်။

အခန်း (၁၀)

ပြင်ပဝန်ထမ်းတာဝန်ထမ်းဆောင်ခြင်းဆိုင်ရာပြဋ္ဌာန်းချက်များ

၁၃၂။     မည်သည့်ဝန်ထမ်းကိုမဆို ယင်း၏ဆန္ဒမပါဘဲ ပြင်ပဝန်ထမ်းတာဝန်ကိုထမ်းဆောင်ရန် လွှဲပြောင်းစေလွှတ်ခြင်းမပြုရ။ ပြင်ပအဖွဲ့အစည်းမှ တာဝန်ထမ်းဆောင်ခွင့်ပြုရန် ဝန်ထမ်းအမည်ဖြင့် တိုက်ရိုက်အဆိုပြုခြင်းကိုခွင့်မပြုရ။

၁၃၃။     ပြင်ပဝန်ထမ်းစည်းကမ်းချက်ဖြင့် တာဝန်ထမ်းဆောင်ခွင့်ပြုနိုင်သည့်ကာလမှာ  သုံးနှစ်ဖြစ် သည်။ ထပ်မံလိုအပ်ပါက နောက်ထပ်နှစ်နှစ်အထိသာ ခွင့်ပြုပြီး စုစုပေါင်းငါးနှစ်ထက်မပိုစေရ။ ပြင်ပဝန်ထမ်းစည်းကမ်းချက်ဖြင့် လွှဲပြောင်းတာဝန်ထမ်းဆောင်မည့် ဝန်ထမ်းသည် လုပ်သက် ၁၀ နှစ်ပြည့်ပြီးဖြစ်ရမည့်အပြင် စေလွှတ်ချိန်၌ အသက်  ၅၅  နှစ်ထက် မကြီးစေရ။

၁၃၄။     ဝန်ထမ်းအဖွဲ့အစည်းများသည် ပြင်ပဝန်ထမ်းတာဝန်ထမ်းဆောင်ခွင့်ပြုရန် ထုတ်ပြန်မည့် အမိန့်ကို ရာထူးဝန်အဖွဲ့နှင့်ကြိုတင်ညှိနှိုင်းပြီး အတည်ပြုချက်ရရှိမှသာ ထုတ်ပြန်ရမည်။

၁၃၅။     ခွင့်ခံစားလျက်ရှိသော ဝန်ထမ်းကို ပြင်ပဝန်ထမ်းတာဝန်ထမ်းဆောင်ရန် လွှဲပြောင်းပေးသည့် အခါ ယင်းသို့လွှဲပြောင်းပေးသည့်နေ့ရက်မှစ၍ ပြင်ပဝန်ထမ်းတာဝန် စတင်ထမ်းဆောင်သည့်ရက်ဟု မှတ်ယူရမည်။

၁၃၆။     ပြင်ပဝန်ထမ်းတာဝန်ထမ်းဆောင်နေသူ၏ လစာနှင့်ကူးပြောင်းချိန်တို့နှင့်စပ်လျဉ်း၍ –

  • (က)    ပြင်ပဝန်ထမ်းတာဝန်ထမ်းဆောင်သူသည် မူလရာထူးကိုစွန့်လွှတ်သည့်နေ့ရက်မှစ၍ ယင်း၏လစာကို တာဝန်ထမ်းဆောင်မည့် ပြင်ပအဖွဲ့အစည်းထံမှ ထုတ်ယူခံစား ရမည်။
  • ( ခ )    ဝန်ထမ်းကိုပြင်ပဝန်ထမ်းတာဝန်ထမ်းဆောင်ရန် လွှဲပြောင်းပေးသည့်အဖွဲ့အစည်း သည်ဝန်ထမ်း၏လစာ၊ ကူးပြောင်းချိန်နှင့် ကူးပြောင်းချိန်လစာတို့ကို ပြင်ပဝန်ထမ်း တာဝန်ထမ်းဆောင်ရန်ခေါ်ယူခန့်ထားမည့်အဖွဲ့အစည်းနှင့်ညှိနှိုင်းသတ်မှတ်နိုင်သည်။

၁၃၇။     ပြည်ထောင်စုအစိုးရသည် ပြင်ပဝန်ထမ်းတာဝန်ထမ်းဆောင်ခြင်းအတွက် ရရန်ရှိသည့် ထည့်ဝင်ကြေးများကို လျှော်ပစ်ခြင်း၊ တဖန်ပေးဆောင်ရန် ကာလလွန်နေသည့် ထည့်ဝင်ကြေးများ အတွက် အတိုးနှုန်းသတ်မှတ်ခြင်းတို့ကို လိုအပ်သလို ခွင့်ပြုဆောင်ရွက်နိုင်သည်။

၁၃၈။     ထည့်ဝင်ကြေးများကို သက်ဆိုင်ရာလကုန်ဆုံးသည့်နေ့ရက်မှစ၍ ၁၅ ရက်အတွင်း ပေးဆောင်ခြင်းမရှိခဲ့သော်  ၁၆  ရက်မြောက်နေ့ရက်မှစ၍ ထည့်ဝင်ကြေးများပေးဆောင်ပြီးသည့် နေ့ရက်အထိ ပေးဆောင်ရန်ကျန်ရှိသည့် ရက်လွန်ကြေးအတွက်အတိုးကို သတ်မှတ်ထားသောနှုန်း အတိုင်း ပေးသွင်းစေရမည်။ ခိုင်လုံသည့်အကြောင်းပြချက်ရှိလျှင် ပြည်ထောင်စုအစိုးရက အတိုးကို လျှော့နိုင်သည်    သို့မဟုတ် တောင်းခံရန်ရှိသည့်အတိုးကို လျှော်ပစ်နိုင်သည်။

၁၃၉။     ပြင်ပဝန်ထမ်းတာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းသည် မိခင်ဝန်ထမ်းအဖွဲ့အစည်းမှ ခွင့်ပြုချက်မရဘဲ ယင်းတာဝန်ထမ်းဆောင်နေသည့် ပြင်ပအဖွဲ့အစည်းထံမှ ပြင်ပဝန်ထမ်းခြင်း အတွက် ပင်စင်ဖြစ်စေ၊ လုပ်သက်ဆုငွေဖြစ်စေ လက်ခံနိုင်ခွင့်မရှိစေရ။

၁၄၀။     ပြင်ပဝန်ထမ်းတာဝန်ထမ်းဆောင်လျက်ရှိသည့် ဝန်ထမ်းကို မိခင်ဝန်ထမ်းအဖွဲ့အစည်းတွင် ရာထူးတိုးမြှင့်ခန့်ထားခြင်းခံရသည့်အခါ လစာသတ်မှတ်ရာတွင် ပြင်ပအဖွဲ့အစည်းမှ ရရှိသည့်လစာကို ထည့်သွင်းစဉ်းစားခြင်းမပြုရ။ မိခင်ဝန်ထမ်းအဖွဲ့အစည်းတွင် ပြန်လည်တာဝန်ထမ်းဆောင်ချိန် တွင်မှ တိုးမြှင့်ခန့်ထားသည့်ရာထူး၏ လစာနှင့်စရိတ်များကိုခံစားခွင့်ရှိသည်။

my_MMMY