ပြည်ထောင်စုရာထူးဝန်အဖွဲ့

ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ၊ နည်းဥပဒေများ၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊

နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ ဝန်ထမ်းရေးရာ ကိစ္စရပ်များ


Search
Generic filters
Filter by Lawbook Names
နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ
နိုင်ငံ့ဝန်ထမ်းဥပဒေ
ပြည်ထောင်စုရာထူးဝန်အဖွဲ့နည်းဥပဒေများ
ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ
ဝန်ထမ်းရေးရာကိစ္စရပ်များ

ဤစကားလုံးများဖြင့်ရှာဖွေနိုင်သည်။ ပုဒ်မ(၁)နည်းဥပဒေ(၁)အပိုဒ်(၁)အခန်း(၁)rule(1)article(1)section(1)chapter(1)

နိုင်ငံ့၀န်ထမ်းဥပဒေ (မူလပြဋ္ဌာန်းချက်)

၅၁။ စည်းကမ်းထိန်းသိမ်းရေး ထိရောက်လျှင်မြန်စေရန်နှင့် လုပ်ငန်းတာ၀န်လစ်ဟင်းမှုမရှိ စေရန်အလို့ငှာဌာန ဆိုင်ရာစစ်ဆေးမှုများကို ကြန့်ကြာခြင်းမရှိစေဘဲ ပြီးပြတ်အောင် ဆောင်ရွက် ရမည်။

၅၂။ ဌာနဆိုင်ရာစစ်ဆေးမှုပြီးဆုံးသည့်အခါ ဝန်ထမ်းတွင် အပြစ်မရှိကြောင်းတွေ့ရှိပါက စစ်ဆေးမှု ခံခဲ့ရခြင်းကြောင့် ယင်းဝန်ထမ်း၏ ဝန်ထမ်းရေးရာအခွင့်အရေးများဆုံးရှုံးနစ်နာမှုမရှိစေရန် ဆောင်ရွက်ပေးရမည်။

အခန်း (၁၁)
ဝန်ထမ်းစည်းကမ်းဆိုင်ရာပြစ်ဒဏ်ချမှတ်ခြင်းနှင့်အယူခံခြင်း

ပြစ်ဒဏ်များ

၅၃။ ဌာနဆိုင်ရာ အရေးယူမှုများတွင် အောက်ဖော်ပြပါ ပြစ်ဒဏ်တစ်ရပ်ကိုဖြစ်စေ၊ ပြစ်ဒဏ် တစ်ရပ် ထက်ပို၍ဖြစ်စေ နည်းဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီချမှတ်နိုင်သည် –

  • (က) စာဖြင့်သတိပေးခြင်း။
  • ( ခ ) နှစ်တိုးလစာရပ်ဆိုင်းခြင်း။
  • ( ဂ ) ရာထူးတိုးမြှင့်ခြင်းကို ရပ်ဆိုင်းခြင်း။
  • (ဃ) လစာနှုန်းအတွင်း လစာလျှော့ချခြင်း။
  • ( င ) ရာထူးအဆင့်လျှော့ချခြင်း။
  • ( စ ) ပေါ့လျော့မှုကြောင့်ဖြစ်စေ၊ အမိန့်နှင့်ညွှန်ကြားချက်များကို မလိုက်နာမှုကြောင့် ဖြစ်စေ ပေါ်ပေါက်သည့်ဆုံးရှုံးမှု တန်ဖိုးအပြည့်အဝ သို့မဟုတ် တစ်စိတ်တစ်ဒေသ ကိုပေးလျော်စေခြင်း။
  • (ဆ) တာ၀န်မှယာယီရပ်ဆိုင်းခဲ့သည့် ကာလအတွက် လစာအပြည့် ခံစားခွင့်မပြုခြင်း သို့မဟုတ် ထိုကာလကို တာ၀န်ချိန်အဖြစ် မသတ်မှတ်ခြင်း။
  • ( ဇ ) ရာထူးမှ ထုတ်ပယ်ခြင်း။
  • (ဈ) ဝန်ထမ်းအဖြစ်မှ ထုတ်ပစ်ခြင်း။

၅၄။ ဝန်ထမ်းအား ပြစ်ဒဏ်ချမှတ်သည့်အခါ –

  • (က) ပညာပေးပြုပြင်ရေးနှင့် စည်းကမ်းထိန်းသိမ်းမှု ထိရောက်ရေးတို့ကို ဦးတည်ချက် ထားရမည်။
  • ( ခ ) ပြစ်မှုနှင့်ပြစ်ဒဏ် လိုက်လျောညီထွေ ရှိစေရမည်။

အခန်း (၁၂)
အငြိမ်းစားယူခြင်း

ပင်စင်အမျိုးအစားများ

၅၆။ ဝန်ထမ်းသည် အောက်ပါပင်စင်အမျိုးအစားများအနက်မှ တစ်မျိုးမျိုးကို ခံစားခွင့်ရှိသည် –

  • (က) သက်ပြည့်ပင်စင်။
  • ( ခ ) နှစ်ပြည့်ပင်စင်။
  • ( ဂ ) နာမကျန်းပင်စင်။
  • (ဃ) လျော်ကြေးပင်စင်။
  • ( င ) အထူးပင်စင်။
  • ( စ ) မိသားစုပင်စင်။
  • (ဆ) လျှော့ပေါ့ပင်စင်။

၅၇။ တည်ဆဲဥပဒေတစ်ရပ်ရပ်ပါ ပြဋ္ဌာန်းချက်များအရ သီးခြားသတ်မှတ်သည့် ကိစ္စမှတစ်ပါး ဝန်ထမ်းသည် အငြိမ်းစားယူရမည့် အသက်ပြည့်သောအခါ အငြိမ်းစားယူရမည်။ ထိုသို့အငြိမ်းစား ယူရသည့်အခါ ဝန်ထမ်းသည် သတ်မှတ်ချက်များနှင့်အညီ သက်ပြည့်ပင်စင် ခံစားခွင့်ရှိစေရမည်။

၅၈။ ဝန်ထမ်းသည် အငြိမ်းစားယူရမည့် အသက်မပြည့်သေးသော်လည်း အငြိမ်းစားယူနိုင်ခွင့် ရှိသည့်လုပ်သက်ပြည့်သောအခါ နှစ်ပြည့်ပင်စင်ခံစားခွင့်ရှိသည်။ သတ်မှတ် လုပ်သက်မပြည့်သေးသည့် ဝန်ထမ်းကို အငြိမ်းစားယူရန် လိုအပ်သည့်ကိစ္စရပ်တွင် ပြည်ထောင်စုအစိုးရအဖွဲ့က ဤကိစ္စအလို့ငှာ တာ၀န်လွှဲအပ်ထားသည့် အဖွဲ့အစည်း၏ သဘောတူညီချက်ဖြင့် ပင်စင်ခံစားခွင့်ပြုနိုင်သည်။

၅၉။ ဝန်ထမ်းသည် မကျန်းမာ၍ တာ၀န်ကို ဆက်လက်မထမ်းဆောင်နိုင်သည့်အခါတွင် သတ်မှတ်ထားသောဆေးအဖွဲ့၏ ထောက်ခံချက်ဖြင့် နာမကျန်းပင်စင် ခံစားခွင့်ရှိစေရမည်။

၆၀။ ရာထူးတစ်ခုကို ဖျက်သိမ်းလိုက်သည့်အခါ ထိုရာထူး၌ ခန့်ထားသည့် ဝန်ထမ်းကို အခြား ရာထူးတစ်ခုသို့ ပြောင်း‌ရွှေ့နေရာချထားခြင်း မပြုနိုင်ပါက လျော်ကြေးပင်စင်ခံစားခွင့်ပြုရမည်။

my_MMMY