ပြည်ထောင်စုရာထူးဝန်အဖွဲ့

ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ၊ နည်းဥပဒေများ၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊

နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ ဝန်ထမ်းရေးရာ ကိစ္စရပ်များ


Search
Generic filters
Filter by Lawbook Names
နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ
နိုင်ငံ့ဝန်ထမ်းဥပဒေ
ပြည်ထောင်စုရာထူးဝန်အဖွဲ့နည်းဥပဒေများ
ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ
ဝန်ထမ်းရေးရာကိစ္စရပ်များ

ဤစကားလုံးများဖြင့်ရှာဖွေနိုင်သည်။ ပုဒ်မ(၁)နည်းဥပဒေ(၁)အပိုဒ်(၁)အခန်း(၁)rule(1)article(1)section(1)chapter(1)

နိုင်ငံ့၀န်ထမ်းဥပဒေ (မူလပြဋ္ဌာန်းချက်)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံ့၀န်ထမ်းဥပဒေ
( ၂၀၁၃ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၅။)
၁၃၇၄ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၁ ရက်
(၂၀၁၃ ခုနှစ်၊ မတ်လ ၈ ရက်)
ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။

အခန်း (၁)
အမည်နှင့် အဓိပ္ပာယ်ဖော်ပြချက်

၁။ ဤဥပဒေကို နိုင်ငံ့ဝန်ထမ်းဥပဒေ ဟု ခေါ်တွင်စေရမည်။

၂။ ဤဥပဒေတွင်ပါရှိသော အောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပာယ် သက်ရောက်စေရမည် –

  • (က) ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုသည်မှာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေကိုဆိုသည်။
  • ( ခ ) ဝန်ထမ်းဖွဲ့စည်းပုံ ဆိုသည်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဤဥပဒေပါပြဋ္ဌာန်း ချက်များနှင့်အညီ ပြည်ထောင်စုအစိုးရအဖွဲ့က အတည်ပြုထားသော ၀န်ထမ်း အဖွဲ့အစည်း၏ ဖွဲ့စည်းပုံကိုလည်းကောင်း၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အစိုးရက ပြည်ထောင်စုအစိုးရအဖွဲ့နှင့် ကြိုတင်ညှိနှိုင်း၍ ဖွဲ့စည်းသော ဝန်ထမ်း အဖွဲ့အစည်း၏ ဖွဲ့စည်းပုံကိုလည်းကောင်းဆိုသည်။
  • ( ဂ ) ဝန်ထမ်းအဖွဲ့အစည်း ဆိုသည်မှာ ဖွဲ့စည်းပုံဖြင့် ဖွဲ့စည်းထားသော နိုင်ငံ့၀န်ထမ်း အဖွဲ့အစည်းကို ဆိုသည်။
  • (ဃ) ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူး ဆိုသည်မှာ နိုင်ငံတော်သမ္မတက ဝန်ထမ်းအဖွဲ့ အစည်းတစ်ခုခုတွင် ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးအဖြစ် တာဝန်ပေးခန့်အပ် ခြင်းခံရသူကိုဆိုသည်။
  • ( င ) ဝန်ထမ်းဆိုသည်မှာ ၀န်ထမ်းအဖွဲ့အစည်းတစ်ရပ်ရပ်၏ ဖွဲ့စည်းပုံပါရာထူး တစ်ခုခုတွင် ခန့်အပ်ခြင်းခံရသည့် နိုင်ငံ့၀န်ထမ်းကို ဆိုသည်။ ယင်းစကားရပ်တွင် ဤဥပဒေပါ ကိစ္စအလို့ငှာ တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ မပါဝင်။
  • ( စ ) ဝန်ကြီးဌာနနှင့် အဖွဲ့အစည်း ဆိုသည်မှာ ပြည်ထောင်စုအစိုးရအဖွဲ့ ဝန်ကြီးဌာန အသီးသီး၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးဌာနအသီးသီး နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုများကိုဆိုသည်။ ယင်းစကားရပ်တွင် ဤဥပဒေပါ ကိစ္စ အလို့ငှာနိုင်ငံတော်သမ္မတရုံး၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၊ လွှတ်တော်ရုံး၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ခုံရုံး၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ရုံး၊ နေပြည်တော် ကောင်စီရုံးနှင့် စည်ပင်သာယာရေးကော်မတီရုံးများလည်း ပါဝင်သည်။
  • (ဆ) ရာထူးအနွယ်ပိုင်ဆိုင်ခွင့် ဆိုသည်မှာ ဖွဲ့စည်းပုံပါ လစ်လပ်သောအမြဲတမ်းရာထူး၌ အတည်ပြုခန့်အပ် ပိုင်ဆိုင်ခွင့်ရရှိခြင်းကိုဆိုသည်။
  • ( ဇ ) စတင်ခန့်ရာထူး ဆိုသည်မှာ ဝန်ထမ်းအဖွဲ့အစည်းအသီးသီးရှိ ဝန်ထမ်းအမျိုး အစားအလိုက် စတင်ဝင်ရောက်ရမည့် ရာထူးအဆင့်ကိုဆိုသည်။
  • (ဈ) ရာထူးဝန်အဖွဲ့ ဆိုသည်မှာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ကိုဆိုသည်။

အခန်း(၂)
ဝန်ထမ်းအဖွဲ့အစည်းများ

၃။ ပြည်ထောင်စုအစိုးရအဖွဲ့သည် ဝန်ထမ်းအဖွဲ့အစည်းများကို လိုအပ်သလို ဖွဲ့စည်းနိုင်သည်။ ယင်းသို့ ဖွဲ့စည်းရာတွင်လုပ်ငန်းတာဝန်နှင့် လုပ်ပိုင်ခွင့်များကို သတ်မှတ်ပေးရမည်။ လိုအပ်သော ဝန်ထမ်းများကိုလည်း ခန့်အပ်နိုင်သည်။

၄။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရသည် မိမိတာဝန်ယူ အကောင်အထည်ဖော်ရ သည့်လုပ်ငန်းများကို ဆောင်ရွက်နိုင်ရန် ဖွဲ့စည်းပုံအ‌ခြေခံဥပဒေနှင့် ဤဥပဒေပါပြဋ္ဌာန်းချက်များနှင့် အညီလည်းကောင်း၊ ပြည်ထောင်စုအစိုးရနှင့် ကြိုတင်ညှိနှိုင်း၍လည်းကောင်း တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဆိုင်ရာ ဝန်ထမ်းအဖွဲ့အစည်းများကို လိုအပ်သလိုဖွဲ့စည်းနိုင်သည်။ လိုအပ်သော ဝန်ထမ်းများကို ခန့်အပ်နိုင်သည်။

၅။ ပြည်ထောင်စုအစိုးရအဖွဲ့သည် ဝန်ထမ်းအဖွဲ့အစည်းများဖွဲ့စည်းရေးနှင့်စပ်လျဉ်း၍ လိုအပ်သော မူဝါဒများချမှတ်ခြင်း၊ ဖွဲ့စည်းပုံအတည်ပြုခြင်း၊ ရာထူးဝန်အဖွဲ့၏ ထောက်ခံချက်ကိုရယူပြီး ဝန်ထမ်းများ၏ ရာထူးအဆင့်များနှင့် ချိန်နှုန်းလစာများကို သတ်မှတ်ခြင်း၊ ဝန်ထမ်းများကို ကျွမ်းကျင်မှု၊ အတတ်ပညာနှင့် လုပ်ငန်းသဘာဝတို့အရ ဝန်ထမ်းအမျိုးအစား စုစည်းဖွဲ့စည်းခြင်းနှင့် ယင်းလုပ်ငန်းများကို အခါအားလျော်စွာပြန်လည် စိစစ်သုံးသပ်၍ ပြင်ဆင်ခြင်းတို့ ပြုလုပ်နိုင်သည်။

အခန်း (၃)
ရွေးချယ်ခန့်ထားခြင်း

၆။ နိုင်ငံတော်သမ္မတသည် ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးများကို ခန့်အပ်ခြင်း၊ အတည်ပြု ခြင်း၊ ပြောင်းရွေ့ခြင်း၊ အငြိမ်းစားယူခြင်း၊ ထုတ်ပယ်ခြင်းနှင့် ထုတ်ပစ်ခြင်းတို့ကို ပြုလုပ်နိုင်သည်။

၇။ ဝန်ထမ်းရွေးချယ်ခန့်ထားရေးကိစ္စများနှင့်စပ်လျဉ်း၍ ပြည်ထောင်စုအစိုးရအဖွဲ့၏ အခါ အားလျော်စွာ သတ်မှတ်ချက်များနှင့်အညီ –

  • (က) သက်ဆိုင်ရာ ဝန်ကြီးဌာနနှင့်အဖွဲ့အစည်းအကြီးအမှူးသည် ဝန်ထမ်းအဖွဲ့အစည်း အသီးသီးရှိ ဝန်ထမ်းအမျိုးအစားအလိုက် သတ်မှတ်သည့် စတင်ခန့်ရာထူးအဆင့် အတွက် ရာထူးဝန်အဖွဲ့က ရွေးချယ်ပေးသော ဝန်ထမ်းများကို ခန့်ထားရမည်။
  • ( ခ ) သက်ဆိုင်ရာ ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးသည် ပုဒ်မခွဲ (က) အရ ခန့်ထား သောရာထူးအဆင့်မှတစ်ပါး အခြားစတင်ခန့်ရာထူးအဆင့်အတွက် ဝန်ထမ်းများကို ရွေးချယ်ခန့်ထားရမည်။

၈။ (က) ဝန်ကြီးဌာနနှင့် ဝန်ထမ်းအဖွဲ့အစည်းတစ်ခုခုမှ ပြန်တမ်းဝင်အရာရှိတစ်ဦးဦးကို အခြားဝန်ကြီးဌာနနှင့် ဝန်ထမ်းအဖွဲ့အစည်းတစ်ခုသို့ ပြောင်းရွှေ့ခန့်ထားလိုပါက သတ်မှတ်ထားသည့် အရည်အချင်းနှင့်ပြည့်စုံလျှင်သက်ဆိုင်ရာဝန်ထမ်းအဖွဲ့အစည်း သည် ရာထူးဝန်အဖွဲ့နှင့်ညှိနှိုင်းရမည်။

( ခ ) ရာထူးဝန်အဖွဲ့သည် ပုဒ်မခွဲ(က)အရ ညှိနှိုင်းလာသည့်အပေါ်စိစစ်ပြီး ပြည်ထောင်စု အစိုးရအဖွဲ့သို့ တင်ပြရမည်။

၉။ ဝန်ထမ်းအဖွဲ့အစည်းများသည် ဝန်ထမ်းအမျိုးအစားအလိုက် အစမ်းခန့်ကာလနှင့် စည်းကမ်းချက်များကို ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် လိုအပ်သလို သတ်မှတ် နိုင်သည်။

အခန်း(၄)
တာ၀န်နှင့်အခွင့်အရေးများ

တာဝန်များ

၁၀။ ဝန်ထမ်းသည် အောက်ပါတို့ကိုလိုက်နာရန် တာဝန်ရှိသည် –

  • (က) နိုင်ငံတော်၏ ကျေးဇူးသစ္စာကို စောင့်သိရိုသေခြင်း။
  • ( ခ ) ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်တည်ဆဲဥပဒေများပါပြဋ္ဌာန်းချက်များကိုလိုက်နာခြင်း။
  • ( ဂ ) နိုင်ငံတော်နှင့်နိုင်ငံသားတို့၏ အကျိုးစီးပွားကို အလေးထား၍ ဆောင်ရွက်ခြင်း။
  • (ဃ) နိုင်ငံတော်ပိုင်ပစ္စည်း၊ နိုင်ငံတော်ဘဏ္ဍာများ လေလွင့်ဆုံးရှုံးမှု မရှိစေရေးနှင့် အလွဲသုံးစားမှု မပြုရေးတို့အတွက် ထိန်းသိမ်းစောင့်ရှောက်ခြင်း။
  • ( င ) မိမိအားပေးအပ်ထားသော တာ၀န်နှင့်ဝတ္တရားများကိုကျေပွန်စွာ ထမ်းဆောင်ခြင်း။
  • ( စ ) ဤဥပဒေအရပြုလုပ်သော နည်းဥပဒေများ၊ စည်းမျဉ်း၊ စည်းကမ်းများ၊ အမိန့်နှင့် ညွှန်ကြားချက်များ၊ ဝန်ထမ်းအဖွဲ့အစည်းအလိုက် သီးခြားသတ်မှတ်ထားသော လုပ်ငန်းခွင်စည်းကမ်းများ၊ အမိန့်နှင့်ညွှန်ကြားချက်များကိုလိုက်နာခြင်း။
    (ဆ) ပါတီနိုင်ငံရေးကင်းရှင်းခြင်း။
  • ( ဇ ) ရာထူးဝန်အဖွဲ့က သတ်မှတ်ထားသော သင်တန်းများကို တက်ရောက်ခြင်း။
  • (ဈ) အကျင့်စာရိတ္တပျက်ပြားခြင်းနှင့် သိက္ခာမဲ့စွာပြုမူနေထိုင်ခြင်းတို့မှ ရှောင်ကြဉ်းခြင်း။
  • (ည) တာဝန်အရအပ်နှင်းထားသည့်လုပ်ပိုင်ခွင့်ကိုအလွဲသုံးစားပြုခြင်းမှ ရှောင်ကြဉ်းခြင်း။
  • ( ဋ ) လာဘ်ပေးလာဘ်ယူပြုလုပ်ခြင်းမှ ရှောင်ကြဉ်းခြင်း။
  • ( ဌ ) ပြည်သူကိုရိုသေလေးစားခြင်း။
my_MMMY