၂၀။ ရာထူးသက်၊ လုပ်သက်အတွက်အမှတ်ပေးရာတွင် ဆောင်ရွက်ရမည့် လုပ်ထုံးလုပ်နည်းများကို ဖော်ပြပါ။
နည်းဥပဒေ ၃၆ ပါ ပြဋ္ဌာန်းချက်အရ ရာထူးသက်၊ လုပ်သက်အတွက်အမှတ်ပေးရာတွင် –
- (က) လုပ်သက်ပြတ်နေသောကာလ၊ လစာမဲ့ခွင့်ကာလနှင့် တာဝန်တွင်ရှိသည်ဟု မသတ်မှတ်သော တာဝန်မှယာယီရပ်ဆိုင်းထားခြင်းခံရသောကာလများကို လုပ်သက် အဖြစ်ရေတွက်ခြင်းမပြုဘဲ တစ်ဆက်တည်းဖြစ်သော လုပ်သက်နှင့် ဝန်ကြီးဌာန၊ အဖွဲ့အစည်းတစ်ခုမှ ဝန်ကြီးဌာန၊ အဖွဲ့အစည်းတစ်ခုသို့ တစ်ဆက်တည်းပြောင်းရွှေ့တာဝန်ထမ်းဆောင်ခဲ့သော လုပ်သက်တို့ကို ပေါင်းစပ် ရေတွက် အမှတ်ပေးရမည်။
- ( ခ ) တစ်ဆက်တည်းဖြစ်သော လုပ်သက်အတွက် အမှတ်ပေးရာ၌ လက်ရှိရာထူးအဆင့် မှစ၍ ယင်းအောက်ရာထူးသက်များကို အောက်ပါအတိုင်း သတ်မှတ်ပေးရမည်-
- (၁) လက်ရှိရာထူးအဆင့်အတွက် ရာထူးသက်တစ်နှစ်လျှင် ၃ မှတ်၊
- (၂) အောက်တစ်ဆင့်နိမ့်သောရာထူးအဆင့်အတွက် လုပ်သက်တစ်နှစ်လျှင် ၂ မှတ်၊
- (၃) ယင်းထက်အောက်တစ်ဆင့်နိမ့်သောရာထူးအဆင့်အတွက် လုပ်သက်တစ်နှစ် လျှင် ၁ မှတ်၊
- (၄) ထပ်မံ၍ အောက်တစ်ဆင့်နိမ့်သော ရာထူးအဆင့်တိုင်းအတွက် လုပ်သက် တစ်နှစ်လျှင် ၁/၂ မှတ်၊
- (၅) ရာထူးအဆင့်တိုင်းတွင် ခြောက်လထက်ကျော်သော လုပ်သက်ကို တစ်နှစ်ဟု လည်းကောင်း၊ ခြောက်လမပြည့်သောလုပ်သက်ကို တစ်ဆင့်နိမ့်သော ရာထူး၏ လုပ်သက်တွင်ပေါင်း၍လည်းကောင်း တွက်ချက်ရရှိသောအမှတ်။
- ( ဂ ) လုပ်သက်အတွက် အများဆုံးရနိုင်သော စုစုပေါင်းအမှတ်သည် ၁၀၀ ဖြစ်သည်။
- (ဃ) လုပ်သက်ရေတွက်ရာတွင် –
- (၁) စတင်တာဝန်ထမ်းဆောင်သည့် ရာထူးအထိ လုပ်သက်ကို ရေတွက်ရမည်။
- (၂) အရာထမ်းများ၏ ရာထူးတိုးမြှင့်ရေးတွင် ရာထူးစုအမျိုးအစားမတူသော လုပ်သက်နှစ်ခုကို ပေါင်းစပ်ရေတွက်ရမည်။ ထိုသို့ရေတွက်ရာတွင် သက်ဆိုင်ရာဝန်ထမ်းအဖွဲ့အစည်းသည် ရာထူးဝန်အဖွဲ့နှင့် ညှိနှိုင်းရမည်။
- (၃) အမှုထမ်းများ၏ ရာထူးတိုးမြှင့်ရေးတွင် သက်ဆိုင်ရာဝန်ကြီးဌာနနှင့် အဖွဲ့အစည်း၏ စီမံခန့်ခွဲရေးကော်မတီက သဘောတူလျှင် ရာထူးစုအမျိုးအစား မတူသောလုပ်သက်နှစ်ခုကို ပေါင်းစပ်ရေတွက်ရမည်။