ပြည်ထောင်စုရာထူးဝန်အဖွဲ့နည်းဥပဒေများ မူလပြဌာန်းချက် နည်းဥပဒေ ၂
၂။ ဤနည်းဥပဒေများတွင် ပါရှိသော စကားရပ်များသည် ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေတွင် ပါရှိသည့်အတိုင်း အဓိပ္ပာယ်သက်ရောက်စေရမည်။ ထို့ပြင် အောက်ပါစကားရပ်များသည် ဖော်ပြပါ အတိုင်း အဓိပ္ပာယ်သက်ရောက်စေရမည်-
- (က) အရာထမ်း ဆိုသည်မှာ ပြန်တမ်းဝင်အရာရှိအဆင့်နှင့်အထက် ရာထူးအဆင့်ရှိ ဝန်ထမ်းများကိုဆိုသည်။
- ( ခ ) အမှုထမ်း ဆိုသည်မှာ ပြန်တမ်းဝင်အရာရှိအဆင့်အောက် ရာထူးအဆင့်ရှိ ဝန်ထမ်းများကိုဆိုသည်။
- ( ဂ ) စတင်ခန့်ရာထူး ဆိုသည်မှာ ဝန်ထမ်းအဖွဲ့အစည်းအသီးသီးရှိ ဝန်ထမ်းအမျိုးအစားအလိုက် စတင်ဝင်ရောက်ရမည့် ရာထူးအဆင့်ကိုဆိုသည်။
- (ဃ) အလုပ်သင် ဆိုသည်မှာ ဝန်ထမ်းအဖွဲ့အစည်း၏ ဖွဲ့စည်းပုံပါ သတ်မှတ်ထားသော ရာထူးကို ကျောထောက်နောက်ခံပြု၍ လုပ်ငန်းတာဝန်နှင့် ဆိုင်သော ကျွမ်းကျင်မှု အရည်အချင်းများ ပြည့်ဝစေရန် ရည်ရွယ် ခန့်ထားခြင်း ခံရသူကို ဆိုသည်။
- ( င ) ရာထူးသက် ဆိုသည်မှာ လက်ရှိရာထူးအဆင့်တွင် တာဝန်ထမ်းဆောင်သည့် ကာလကိုဆိုသည်။
- ( စ ) လုပ်သက် ဆိုသည်မှာ ဝန်ထမ်းအဖွဲ့အစည်းတစ်ခုတွင် ဝန်ထမ်းအဖြစ် တာဝန် ထမ်းဆောင်ခဲ့သော ကာလကိုဆိုသည်။ ယင်းစကားရပ်တွင် အလုပ်သင်ကာလ၊ အစမ်းခန့်ကာလ၊ လစာမဲ့ခွင့်မှအပ ခွင့်ခံစားနေသောကာလ၊ တာဝန်ချိန်အဖြစ် သတ်မှတ်ခွင့်ပြုထားသော တာဝန်မှယာယီရပ်ဆိုင်းသည့်ကာလနှင့် တာဝန်ချိန် အဖြစ် သတ်မှတ်ခွင့်ပြုထားသော အခြားတာဝန်ထမ်းဆောင်သည့် ကာလများလည်း အကျုံးဝင်သည်။
- (ဆ) ကူးပြောင်းချိန် ဆိုသည်မှာ ဒေသတစ်ခုမှ တစ်ခုသို့ ပြောင်းရွှေ့ရသည့် ဝန်ထမ်းကို မူလရာထူးရှိရာဒေသမှ ပြောင်းရွှေ့ရမည့်ဒေသသို့ သွားရောက်ရန် ခွင့်ပြုသည့် ကာလကိုဆိုသည်။
- ( ဇ ) ပြင်ပဝန်ထမ်း ဆိုသည်မှာ ပြည်တွင်း၌ဖြစ်စေ၊ ပြည်ပ၌ဖြစ်စေ ပြင်ပအဖွဲ့အစည်း တစ်ခုခု၌ ပြည်ထောင်စုအစိုးရ၏ ခွင့်ပြုချက်ဖြင့် အချိန်ပြည့် လွှဲပြောင်းတာဝန် ထမ်းဆောင်နေပြီး လစာကို ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေမှအပဖြစ်သော အခြား ဘဏ္ဍာရန်ပုံငွေတစ်ရပ်ရပ်မှ ရယူခံစားနေသော ဝန်ထမ်းကိုဆိုသည်။
- (စျ) ပြင်ပဝန်ထမ်းစည်းကမ်းချက် ဆိုသည်မှာ ပြင်ပဝန်ထမ်းလိုက်နာရန် သက်ဆိုင်ရာ အစိုးရဌာန၊ အဖွဲ့အစည်းက ထုတ်ပြန်သည့် စည်းကမ်းများကိုဆိုသည်။