နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ (မူလပြဋ္ဌာန်းချက်) နည်းဥပဒေ – ၈၄
ရှောင်တခင်ခွင့်
၈၄။ ရှောင်တခင်ခွင့်သည် ရုတ်တရက်နာမကျန်းဖြစ်ခြင်းကြောင့်လည်းကောင်း၊ အရေးကြီးသော ကိုယ်ရေးကိစ္စရုတ်ချည်းပေါ်ပေါက်ခြင်းကြောင့်လည်းကောင်း အလုပ်ခွင်သို့မလာရောက်ဘဲ နေခွင့် ပြုသည့် ခွင့်ရက်တိုဖြစ်သည်။ ရှောင်တခင်ခွင့်ခံစားနေသည့် ဝန်ထမ်းကို အလုပ်ခွင်၌ရှိနေသကဲ့သို့ မှတ်ယူရမည်။ ရှောင်တခင်ခွင့်ကို ခွင့်ပြုရာတွင် –
(က) အလုပ်ခွင်သို့မလာရောက်နိုင်သည့် နေ့ရက်များအတွက် ရှောင်တခင်ခွင့်တောင်းခံ ရမည်။
( ခ ) ရှောင်တခင်ခွင့်ခံစားသူသည် ခွင့်ပေးပိုင်ခွင့်ရှိသူ၏ ခွင့်ပြုချက်မရဘဲ တာဝန်ကျရာ ဒေသမှ ထွက်ခွာခွင့်မရှိစေရ။
( ဂ ) သာမန်အားဖြင့် ပြက္ခဒိန်နှစ် တစ်နှစ်အတွင်း၌ ရှောင်တခင်ခွင့် ၁၀ ရက်ထက်ပို၍ ခွင့်မပြုရ။
(ဃ) သို့ရာတွင် ခိုင်လုံသည့်အကြောင်းရှိပါက ပြက္ခဒိန်နှစ်တစ်နှစ်အတွင်း၌ ၁၀ ရက် ထက်ပို၍ ခွင့်ပြုနိုင်သည်။ ယင်းသို့ခွင့်ပြုရခြင်းသည် ယခင်ခံစားပြီးဖြစ်သည့် ရှောင်တခင်ခွင့်ရက်များတွင်ရုံးပိတ်ရက်များပါဝင်ခဲ့ခြင်း သို့မဟုတ် ယခုတောင်းခံ သည့်ရှောင်တခင်ခွင့်ရက်များတွင် ရုံးပိတ်ရက်ပါဝင်နေခြင်းတို့အတွက် ရှောင်တခင်ခွင့် ၁၀ ရက်ထက်ပိုပြီး ခွင့်ပြုပေးရန် ခိုင်လုံသည့်အကြောင်းများရှိလျှင် ခွင့်ပြုပိုင်ခွင့် ရှိသူက ထည့်သွင်းစဉ်းစားပြီး ခွင့်ပြုပေးရန်ဖြစ်သည်။
( င ) သွေးလှူသည့်နေ့ရက်နှင့် နောက်တစ်ရက်ကို အထူးရှောင်တခင်ခွင့်အဖြစ် သီးသန့် ခံစားခွင့်ရှိသည်။ သို့ရာတွင် ရှောင်တခင်ခွင့် ၁၀ ရက်တွင် ယင်းနှစ်ရက်ကို ထည့်သွင်းရေတွက်ခြင်းမပြုရ။ အခြားခွင့်များနှင့် ရှေ့ နောက်ဆက်၍ ခွင့်မပြုရ။
( စ ) ရှောင်တခင်ခွင့်ရက်အတွက် တာဝန်ချိန်လစာနှုန်းပြည့်ကို ခံစားခွင့်ရှိသည်။
(ဆ) ရှောင်တခင်ခွင့်ကို အခြားခွင့်များနှင့်ဖြစ်စေ၊ ကူးပြောင်းချိန်နှင့်ဖြစ်စေ၊ အားလပ်ရက် ရှည်နှင့်ဖြစ်စေ ဆက်၍ခွင့်မပြုရ။ ရှောင်တခင်ခွင့်နှင့်တစ်ဆက်တည်း အခြားခွင့် တစ်မျိုးကိုတောင်းခံခဲ့သော် ရှောင်တခင်ခွင့် ပျက်ပြယ်သွားပြီးနောက် ရှောင်တခင်ခွင့် နှင့်ဆက်၍ တောင်းခံသောခွင့်ကို ရှောင်တခင်ခွင့်စသည့်နေ့ရက်မှစ၍ ခွင့်ပြုရမည်။
( ဇ ) ရှောင်တခင်ခွင့်အတွက် ခွင့်မှတ်တမ်းများကို ခွင့်ပြုပိုင်ခွင့်ရှိသူထံတွင်ထားရှိရမည်။