ပြည်ထောင်စုရာထူးဝန်အဖွဲ့

ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ၊ နည်းဥပဒေများ၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊

နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ ဝန်ထမ်းရေးရာ ကိစ္စရပ်များ


Search
Generic filters
Filter by Lawbook Names
နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ
နိုင်ငံ့ဝန်ထမ်းဥပဒေ
ပြည်ထောင်စုရာထူးဝန်အဖွဲ့နည်းဥပဒေများ
ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ
ဝန်ထမ်းရေးရာကိစ္စရပ်များ

ဤစကားလုံးများဖြင့်ရှာဖွေနိုင်သည်။ ပုဒ်မ(၁)နည်းဥပဒေ(၁)အပိုဒ်(၁)အခန်း(၁)rule(1)article(1)section(1)chapter(1)

နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ (မူလပြဋ္ဌာန်းချက်) နည်းဥပဒေ -၂၀၀

၂၀၀။       နှုတ်ဖြင့် စစ်ဆေးရာတွင် –

  • (က)    စွဲချက်ပါအချက်အလက်များနှင့်စပ်လျဉ်း၍ ထောက်ခံထွက်ဆိုနိုင်မည့် သက်သေ များကို ရှေးဦးစွာစစ်ဆေးပြီး ပုံစံ(၁၀)ပါအတိုင်း မှတ်တမ်းတင်ရမည်။ ထိုသက်သေ များ၏ ထွက်ဆိုချက်တွင် အရေးယူခံရသည့်ဝန်ထမ်းနှင့် ငြိစွန်းသည့် အချက် အလက်များပါရှိ၍ ထိုအချက်အလက်များကို ဖြေရှင်းနိုင်ရန် အရေးယူခံရသည့် ဝန်ထမ်းက ပြန်လှန် စစ်မေးလိုပါက စစ်မေးခွင့်ပြုရမည်။
  • ( ခ )    ထို့နောက် အရေးယူခံရသည့်ဝန်ထမ်းအား စွဲချက်များကို ရှင်းလင်းပြောပြပြီး ယင်းစွဲချက် များနှင့်စပ်လျဉ်း၍ စစ်ဆေးမေးမြန်းရမည်။
  • ( ဂ )    အရေးယူခံရသည့် ဝန်ထမ်းကိုယ်တိုင် သက်သေအဖြစ် စစ်ဆေးခံလိုပါက ယင်း ဝန်ထမ်းကို သက်သေအဖြစ် ပုံစံ(၁၁)ပါအတိုင်း စစ်ဆေးနိုင်သည်။
  • (ဃ)    အရေးယူခံရသည့်ဝန်ထမ်းဘက်မှ တင်ပြလိုသည့်သက်သေများ ရှိ  မရှိ မေးမြန်း၍ ရှိပါက သက်သေများ၏ အမည်စာရင်းကိုတောင်းဆိုပြီး ယင်းသက်သေများကို စစ်ဆေးရေးအတွက် စီစဉ်ဆောင်ရွက်ရမည်။
  • ( င )    ရှေးဦးစုံစမ်းမှုတွင်ပါဝင်ခဲ့သည့် သက်သေများကို ထပ်မံစစ်ဆေးရန် လိုအပ်ပါက ယင်းသက်သေများကို ခေါ်ယူစစ်ဆေးနိုင်သည်။
  • ( စ )    အရေးယူခံရသည့်ဝန်ထမ်းဘက်မှ တင်ပြလိုသည့် သက်သေများ၏အမည်စာရင်းကို တင်သွင်းရန် အချိန်သတ်မှတ်ပေးရမည်။ သက်သေအမည်စာရင်းကိုရရှိသည့်အခါ ခေါ်ယူစစ်ဆေးရန် လိုအပ်သော သက်သေများအား စစ်​ဆေးမည့်နေ့ရက်ကို သတ်မှတ်၍  စစ်ဆေးမည့်နေရာသို့လာရောက်ရန် ချိန်းဆိုရမည်။
  • (ဆ)    အရေးယူခံရသည့်ဝန်ထမ်းဘက်မှ တင်ပြသည့် သက်သေအမည်စာရင်းပါ သက်သေ တစ်ဦးဦးကို ခေါ်ယူစစ်ဆေးရန် မလိုအပ်လျှင်ဖြစ်စေ၊ မသင့်လျော်ဟုယူဆလျှင် ဖြစ်စေ၊ ခေါ်ယူစစ်ဆေးရန်မဖြစ်နိုင်သည့် သက်သေတစ်ဦး၏ အမည်စာရင်းကို တင်သွင်းထားခြင်းမှာ တမင်သက်သက် အမှုကြန့်ကြာစေရန်အတွက်ဖြစ်သည်ဟု ယူဆလျှင်ဖြစ်စေ အဆိုပါ သက်သေကို ခေါ်ယူစစ်ဆေးရန် ငြင်းပယ်နိုင်သည်။ ထိုသို့ငြင်းပယ်သည့်အခါ အကျိုးအကြောင်းဖော်ပြ၍ အမှုတွဲတွင် မှတ်တမ်းတင် ထားရမည်။
  • ( ဇ )    ချိန်းဆိုသည့်နေ့ရက်တွင် မလာရောက်နိုင်သည့် သက်သေများအနက်မှ အဓိက သက်သေများကို စစ်ဆေးရန် နောက်ထပ်နေ့ရက်သတ်မှတ်ပြီး ချိန်းဆိုရမည်။ စစ်ဆေးပြီးသည့် သက်သေများ၏ထွက်ဆိုချက်များဖြင့်ပင် လုံလောက်ပြီဖြစ်၍ အလားတူသက်သေများကို ခေါ်ယူရန် မလိုအပ်တော့ဟုယူဆပါက အကျိုးအကြောင်း ဖော်ပြ၍ ယင်းသက်သေများကို သက်သေစာရင်းမှ ပယ်ဖျက်နိုင်သည်။
  • (ဈ)     သက်သေစရိတ်ပေးရန် လိုအပ်သည့်ကိစ္စမျိုးတွင် တရားရုံးများ၌ ခွင့်ပြုသည့် သက်သေစရိတ်နှုန်းအတိုင်း သက်သေစရိတ်ပေးနိုင်သည်။ အရေးယူခံရသည့်ဝန်ထမ်း ဘက်မှ သက်သေအများအပြားခေါ်ယူရန် အမည်စာရင်းတင်သွင်းထားပါက ယင်းသက်သေများအတွက် သက်သေစရိတ်ကို ကြိုတင်တင်သွင်းရန်  အရေးယူ ခံရသည့်ဝန်ထမ်းအား တောင်းဆိုနိုင်သည် သို့မဟုတ် စစ်ဆေးရန်မလိုအပ်ဟု ယူဆသည့် သက်သေများကို ခေါ်ယူရန် ငြင်းပယ်နိုင်သည်။
  • (ည)    ဌာနဆိုင်ရာစစ်ဆေးမှုတွင် အရေးပါသော သက်သေတစ်ဦးသည် ခိုင်လုံသော အကြောင်း တစ်စုံတစ်ရာကြောင့် ဌာနဆိုင်ရာစစ်ဆေးရေးအဖွဲ့ရှေ့သို့ မလာရောက် နိုင်ပါက ဌာနဆိုင်ရာစစ်ဆေးရေးအဖွဲ့ကဖြစ်စေ၊ အရေးယူခံရသည့်ဝန်ထမ်းကဖြစ်စေ မေးမြန်းလိုသော အချက်များကို စာဖြင့်ရေးသားပေးပို့၍ ယင်းသက်သေကိုယ်တိုင် လက်မှတ်ရေးထိုးထားသည့် ထွက်ဆိုချက်ကိုရယူနိုင်သည်။ ဤသို့သက်သေထံမှ စာဖြင့်ရေးသား ပေးပို့သည့် သက်သေထွက်ဆိုချက်ကို အရေးယူခံရသည့် ဝန်ထမ်းအား ဖတ်ပြရမည်။ ထိုသို့ ထွက်ဆိုချက်တွင် အရေးယူခံရသည့်ဝန်ထမ်းနှင့် ငြိစွန်းသည့် အချက်အလက်များပါရှိသဖြင့် အရေးယူခံရသည့်ဝန်ထမ်းက ပြန်လှန်မေးမြန်း လိုပါက ထိုမေးမြန်းချက်များ နှင့်စပ်လျဉ်း၍ သက်သေ၏ ဖြေကြားထွက်ဆိုချက် များကို စာဖြင့်ထပ်မံရယူရမည်။
  • ( ဋ )    သက်သေထွက်ဆိုချက်ကို ရယူသည့်အခါ မှန်ကန်စွာထွက်ဆိုရန် သက်သေကို သတိပေးပြီးမှ စစ်ဆေးမေးမြန်းရမည်။ သို့ရာတွင် သက်သေကို ကျမ်းသစ္စာကျိန်ဆို စေခြင်းမပြုရ။
  • ( ဌ )    သက်သေထွက်ဆိုချက်ကို မှတ်တမ်းတင်ရာ၌ သက်သေသည် ဝန်ထမ်းဖြစ်ပါက ယင်း၏အမည်၊ ရာထူး၊ ဌာန သို့မဟုတ် ရုံး သို့မဟုတ် အဖွဲ့အစည်း၊ နေရပ် လိပ်စာတို့ကို ရေးသားရမည်။ သက်သေသည် ဝန်ထမ်းမဟုတ်ပါက ယင်း၏အမည်၊ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်၊ အဘအမည်၊ အလုပ်အကိုင်၊ နေရပ်လိပ်စာတို့ကို ရေးသားရမည်။ သက်သေထွက်ဆိုချက်များကို လက်ရေးဖြင့်ဖြစ်စေ၊ လက်နှိပ်စက် သို့မဟုတ် ကွန်ပျူတာဖြင့်ဖြစ်စေ ရေးသားရိုက်နှိပ်ရမည်။
  • ( ဍ )    သက်သေထွက်ဆိုချက်မှတ်တမ်းကို သက်သေထွက်ဆိုသူအား ဖတ်ပြရမည်။ ထွက်ဆို ချက်နှင့်ကွဲလွဲမှုရှိပါက သက်သေ၏ဆန္ဒနှင့်အညီ ထွက်ဆိုချက်မှတ်တမ်းကို ပြင်ဆင် ပေးရမည်။  ထွက်ဆိုခဲ့သည့်အတိုင်း  မှန်ကန်ကြောင်းဝန်ခံလျှင်  ယင်းသက်သေကို ထွက်ဆိုချက်မှတ်တမ်းတွင် လက်မှတ်ရေးထိုးစေရမည်။ လက်မှတ်မရေးထိုးတတ်သူ ဖြစ်ပါက လက်ဝဲလက်မဗွေပုံစံကို ရယူရမည်။ ဌာနဆိုင်ရာစစ်ဆေးရေးအဖွဲ့ ဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များကလည်း သက်သေတစ်ဦးစီ၏ သက်သေထွက်ဆိုချက် မှတ်တမ်းတွင် လက်မှတ်ရေးထိုးရမည်။ အရေးကြီးသည့် အမှုကိစ္စမျိုးဖြစ်ပါက လက်မှတ်ရေးထိုး စေသည့်အပြင် လက်ဝဲလက်မဗွေပုံစံပါနှိပ်နိုင်သည်။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

my_MMMY