နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ (မူလပြဋ္ဌာန်းချက်) နည်းဥပဒေ – ၁၉
အကူဝန်ထမ်းအဆင့်နှင့် စာရေးဝန်ထမ်းအဆင့်များရွေးချယ်ခန့်အပ်ခြင်း
၁၉။ (က) အကူဝန်ထမ်းအဆင့် (၁) နှင့် စာရေးဝန်ထမ်းအဆင့် (၁) ရာထူးများ လစ်လပ်မှု ရှိသဖြင့် ပြင်ပမှပုဂ္ဂိုလ်များကို ခေါ်ယူရွေးချယ်ခန့်အပ်ရန်ရှိလျှင် သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့်ဝန်ထမ်းအဖွဲ့အစည်းများသည် –
- (၁) လစ်လပ်သည့်ရာထူးအတွက် သတ်မှတ်ချက်များနှင့်အညီ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန၊ အလုပ်အကိုင်နှင့်အလုပ်သမား ရှာဖွေရေးရုံးများတွင် မှတ်ပုံတင်ထားသူများအနက်မှ သတ်မှတ်အရည်အချင်း ပြည့်မီသူတို့၏ အမည်စာရင်းတောင်းယူရမည်။
- (၂) နည်းဥပဒေ ၁၈ အရ ဖွဲ့စည်းသော ရွေးချယ်ရေးအဖွဲ့သည် –
- (ကက) အမည်စာရင်းပါပုဂ္ဂိုလ်များအား လူတွေ့စစ်ဆေးခြင်းနှင့် လိုအပ်ပါက ရေးဖြေစစ်ဆေးခြင်း၊ ကျွမ်းကျင်မှုစစ်ဆေးခြင်း ပြုလုပ်ရမည်။
- ( ခခ ) လူတွေ့စစ်ဆေးခြင်း၊ရေးဖြေစစ်ဆေးခြင်း၊ ကျွမ်းကျင်မှု စစ်ဆေးခြင်း များမှရရှိသော အမှတ်များအပေါ်မူတည်၍ အရည်အချင်းအလိုက် အမှတ်စဉ်ပြီး ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူး သို့မဟုတ် ရာထူး ခန့်အပ်ပိုင်ခွင့်ရှိသူထံသို့ တင်ပြရမည်။
- (၃) ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူး သို့မဟုတ် ရာထူးခန့်အပ်ပိုင်ခွင့်ရှိသူသည် စစ်ဆေးရွေးချယ်ထားသူများအား အရည်အချင်းအလိုက် အမှတ်စဉ်အရ လစ်လပ်ရာထူးများတွင် ဖြည့်စွက်ခန့်ထားရမည်။
( ခ ) အကူဝန်ထမ်းအဆင့် (၁) နှင့် စာရေးဝန်ထမ်းအဆင့် (၁) ရာထူးများတွင် ပြင်ပမှ ပုဂ္ဂိုလ်များအား ရွေးချယ်ခန့်အပ်ခြင်းကို နည်းဥပဒေခွဲ (က) ပါအတိုင်း ဆောင်ရွက်၍ ကျန်အဆင့်များခန့်အပ်ခြင်းကို ရာထူးတိုးမြှင့်ပေးသည့်အစီအစဉ်ဖြင့်သာ ဆောင်ရွက် ရမည်။