နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ နည်းဥပဒေ၃၅
ချိန်နှုန်းလစာ (၁၄၀ဝ၀ဝိ – ၂၀ဝဝိ- ၁၅၀ဝ၀ဝိ) အဆင့်နှင့် အောက်ဝန်ထမ်းများအား အရည်အချင်းစစ်ဆေး အကဲဖြတ်ခြင်း
၃၅။(က) ဝန်ထမ်း၏အရည်အချင်းကို စစ်ဆေးရာတွင် ရေးဖြေစာမေးပွဲစစ်ဆေးခြင်း၊ လက်တွေ့လုပ်ငန်းအရည်အချင်းစစ်ဆေးခြင်း၊ ရေးဖြေစာမေးပွဲနှင့် လက်တွေ့ လုပ်ငန်းနှစ်ရပ်စလုံးဖြင့် စစ်ဆေးခြင်း၊ လူတွေ့စစ်ဆေး၍ အရည်အချင်းအကဲဖြတ် အမှတ်ပေးခြင်း နည်းလမ်းများကို အသုံးပြုရမည်။ ပြန်တမ်းဝင်အရာရှိအဆင့် စတင်ခန့်ရာထူးသို့ တိုးမြှင့်ခန့်ထားမည့် ဝန်ထမ်းများအနက် ရေးဖြေစာမေးပွဲ အောင်မြင်သူများကို စိတ်အခြေအနေစစ်ဆေးခြင်း ဆောင်ရွက်ရမည်။*****၃၀-၁-၂၀၂၃ ရက်နေ့တွင် ပဥ္စမအကြိမ်ပြင်ဆင်သည်။
( ခ ) ရာထူးအဆင့်၏ လုပ်ငန်းသဘာဝအလိုက် ရေးဖြေစာမေးပွဲစစ်ဆေးခြင်း သို့မဟုတ် ရေးဖြေစာမေးပွဲနှင့် လက်တွေ့လုပ်ငန်းကျွမ်းကျင်မှု နှစ်ရပ်လုံးဖြင့် စစ်ဆေးခြင်းတို့ကို ပြုလုပ်၍ လူတွေ့စစ်ဆေးပြီး အရည်အချင်း အကဲဖြတ် အမှတ်ပေးခြင်းတို့ကို ပြုလုပ်ရမည်။ ပြန်တမ်းဝင်အရာရှိအဆင့် စတင်ခန့် ရာထူးသို့ တိုးမြှင့်ခန့်ထားမည့် ဝန်ထမ်းများအနက် ရေးဖြေစာမေးပွဲအောင်မြင် သူများကို စိတ်အခြေအနေစစ်ဆေးခြင်း ဆောင်ရွက်ရမည်။*****၃၀-၁-၂၀၂၃ ရက်နေ့တွင် ပဥ္စမအကြိမ်ပြင်ဆင်သည်။
(ဂ) အရည်အချင်းစစ်ဆေးရာ၌ အောက်ပါအမှတ်ပေးစနစ်ကို ကျင့်သုံးရမည်-
- (၁) ရေးဖြေစာမေးပွဲနှင့်လက်တွေ့ပါစစ်ဆေးရာတွင်-
- (ကက) ရေးဖြေစာမေးပွဲအမှတ်ပြည့် ၄၀ မှတ် နှင့်လက်တွေ့အမှတ်ပြည့် ၆၀ မှတ်သို့မဟုတ်
- ( ခခ ) ရေးဖြေစာမေးပွဲသက်သက် သို့မဟုတ် လက်တွေ့သက်သက်စစ်ဆေးခြင်းအတွက် အမှတ်ပြည့် ၁၀ဝ မှတ် သို့မဟုတ်
- ( ဂဂ ) ဌာနဆိုင်ရာအစီအစဉ်ဖြင့် ကျင်းပသည့် ဌာနဆိုင်ရာစာမေးပွဲ၊ အခြားနည်းစစ်ဆေးခြင်းအတွက် အမှတ်ပြည့် ၁၀ဝ မှတ်
- (၂) အကဲဖြတ်အမှတ်ပေးခြင်းအတွက် အမှတ်ပြည့် ၁၀ဝ မှတ်
- (၃) လုပ်သက်အတွက် အမှတ်ပြည့် ၁၀ဝ မှတ်
- (၄) လူတွေ့စစ်ဆေးခြင်းအတွက် အမှတ်ပြည့် ၅၀ မှတ်
(ဂ-၁) ပြန်တမ်းဝင်အရာရှိအဆင့် စတင်ခန့်ရာထူးသို့ တိုးမြှင့်ခန့်ထားမည့် ဝန်ထမ်းများအတွက် စိတ်အခြေအနေစစ်ဆေးတွေ့ရှိချက်ကို ထည့်သွင်းအကဲဖြတ် ဆောင်ရွက်ရမည်။*****၃၀-၁-၂၀၂၃ ရက်နေ့တွင် ပဥ္စမအကြိမ်ပြင်ဆင်သည်။
(ဃ) ဌာနဆိုင်ရာလူတွေ့စစ်ဆေးရန်မလိုဟု ဆုံးဖြတ်သည့်ကိစ္စများတွင် လူတွေ့စစ်ဆေးခြင်းမပြုဘဲ ဆောင်ရွက်နိုင်သည်။
( င ) ဝန်ထမ်းများ၏အရည်အချင်းကို စစ်ဆေးရန်အတွက် အကဲဖြတ်မှတ်တမ်း ရေးသည့်စနစ်ကို ကျင့်သုံးရမည်။
(စ) အကဲဖြတ်မှတ်တမ်းရေးရာတွင် ပုံစံ (၁၆) ပါအတိုင်း ဝန်ထမ်းအား အနီးကပ်တာဝန်ယူ ကြီးကြပ်ကွပ်ကဲသည့် အရာထမ်းက ကနဦးမှတ်တမ်းရေး၍ အထက်အဆင့်အလိုက် တာဝန်ယူကြီးကြပ်သည့် အရာထမ်းများက ထပ်ဆင့်မှတ်တမ်းရေးပြီး ဝန်ထမ်း အဖွဲ့အစည်းအကြီးအမှူး သို့မဟုတ် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရ၏ တာဝန်လွှဲအပ်ခြင်းခံရသူက အပြီးသတ်ထပ်ဆင့်ရေး၍ အတည်ပြုလက်မှတ်ရေးထိုးရမည်။*၉-၆-၂၀၁၇ ရက်နေ့တွင် ပထမအကြိမ်ပြင်ဆင်သည်။
(ဆ) အကဲဖြတ်အမှတ်ပေးရာ၌ အောက်ပါအရည်အချင်းများအလိုက် စိစစ်အကဲဖြတ်၍ အမှတ်ပေးရမည်-
- (၁) ပေးအပ်သောတာဝန်နှင့် ဝတ္တရားများကို ကျေပွန်အောင်ထမ်းရွက်ခြင်း ၁၀ မှတ်
- (၂) လုပ်ငန်းကျွမ်းကျင်မှုရှိခြင်း ၁၀ မှတ်
- (၃) ယုံကြည်စိတ်ချရခြင်း ၁၀ မှတ်
- (၄) လေ့လာဆည်းပူးခြင်း ၁၀ မှတ်
- (၅) ကြိုးစားမှုရှိခြင်း ၁၀ မှတ်
- (၆) တီထွင်ကြံဆတတ်ခြင်း ၁၀ မှတ်
- (၇) ရုံး၊ အလုပ်ရုံစည်းကမ်းများကို လိုက်နာခြင်း ၁၀ မှတ်
- (၈) အများအကျိုးအတွက် စေတနာ့ဝန်ထမ်း ဆောင်ရွက်ခဲ့ခြင်း ၁၀ မှတ်
- (၉) ဆက်ဆံရေးပြေပြစ်ခြင်း ၁၀ မှတ်
- (၁၀) ခေါင်းဆောင်မှုပေးနိုင်ခြင်း ၁၀ မှတ်
( ဇ ) အကဲဖြတ်အမှတ်ပေးရာတွင် –
- (၁) သာမန်အောက်၊ သာမန်၊ သာမန်အထက်၊ ထူးချွန်အဆင့် လေးဆင့်ခွဲခြား ဖော်ပြရမည်။
- (၂) သာမန်အောက်အဆင့်အတွက် ၃ မှတ်အထိ၊ သာမန်အဆင့်အတွက် ၄ မှတ်မှ ၆ မှတ်အထိ၊ သာမန်အထက်အဆင့်အတွက် ၇ မှတ်မှ ၈ မှတ် အထိ၊ ထူးချွန်အဆင့်အတွက် ၉ မှတ်မှ ၁၀ မှတ်အထိ ပေးရမည်။
- (၃) သာမန်အောက်နှင့် ထူးချွန်အဆင့်များအတွက် ပုံစံ(၁၆)ပါ အကဲဖြတ်မှတ်တမ်းတွင် အကျိုးအကြောင်းကို အကျဉ်းချုပ်ဖော်ပြရမည်။ *၉-၆-၂၀၁၇ ရက်နေ့တွင် ပထမအကြိမ်ပြင်ဆင်သည်။
- (၄) ရာထူးတိုးမြှင့်ပေးမည့် ဝန်ထမ်းအတွက် ကိုယ်ရေးမှတ်တမ်း ဖြည့်စွက်ရန် ပုံစံကို ပုံစံ(၂) ဖြင့် ဖော်ပြထားပါသည်။
(ဈ) အကဲဖြတ်မှတ်တမ်းရေးသူသည် –
- (၁) သက်ဆိုင်ရာဝန်ထမ်းနှင့်ပတ်သက်၍ လွန်ခဲ့သော ပြက္ခဒိန်နှစ် အတွက် အကဲဖြတ်မှတ်တမ်းကို ဇန်နဝါရီလတွင်ရေးရမည်။
- (၂) သက်ဆိုင်ရာဝန်ထမ်းနှင့်ပတ်သက်၍ နည်းဥပဒေခွဲ (ဆ) တွင်ဖော်ပြထားသည့် အရည်အချင်းတိုင်းကို အကဲဖြတ်လျက် မှတ်တမ်းရေး အမှတ်ပေးရမည်။
- (၃) ပြက္ခဒိန်တစ်နှစ်အတွင်းတွင် သက်ဆိုင်ရာဝန်ထမ်းသည် ထူးချွန် ပြောင်မြောက်စွာ တာဝန်ထမ်းရွက်ခြင်းကြောင့်ဖြစ်စေ၊ အရေးယူ အပြစ်ပေးခံရသောကြောင့်ဖြစ်စေ အထူးမှတ်တမ်းရေးရန် လိုအပ်ပါက ကနဦးမှတ်တမ်းရေးသူအရာထမ်းနှင့် အထက်အဆင့်အလိုက် တာဝန်ယူကြီးကြပ်သည့် အရာထမ်းများ၊ ဝန်ထမ်းအဖွဲ့အစည်း အကြီးအမှူး သို့မဟုတ် ယင်းကတာဝန်လွှဲအပ်သူတို့က ညှိနှိုင်း၍ အကဲဖြတ်မှတ်တမ်းရေးရမည်။
- (၄) ဝန်ထမ်းများအတွက် ရာထူးတိုးမြှင့်ခန့်အပ်ရန် အကြောင်းထူးပေါ်ပေါက်သည့်အခါ သီးခြားအကဲဖြတ်မှတ်တမ်းရေးရမည်။
(ည) အကဲဖြတ်အမှတ်ပေးရာ၌ –
- (၁) နည်းဥပဒေခွဲ (ဆ) တွင်ဖော်ပြထားသည့် အရည်အချင်း အမျိုးအစား ၁၀ ခုအတွက် အမျိုးအစား တစ်ခုလျှင် ၁၀ မှတ်နှုန်းဖြင့် စုစုပေါင်း အမှတ်ပြည့် ၁၀ဝ ပေးနိုင်သည်။
- (၂) အကဲဖြတ်မှတ်တမ်းတွင် အကဲဖြတ်မှတ်တမ်းရေးသူများက လက်မှတ် ရေးထိုးရမည်။