နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ (မူလပြဋ္ဌာန်းချက်) နည်းဥပဒေ -၁၅၃
၁၅၃။ ဖော်ပြပါဒေသစရိတ်ခံစားခွင့်ရှိသော မြို့နယ်များတွင် အမှုထမ်းရန် တာဝန်ချခြင်းခံရသည့် ဝန်ထမ်းများအားလုံးသည် –
(က) ဒေသစရိတ်ခံစားခွင့်ရှိသည့် မြို့နယ်များတွင်နေထိုင်ပြီး တာဝန်ထမ်းဆောင်မှသာ လျှင် ဒေသစရိတ်ကို ခံစားခွင့်ရှိသည်။
( ခ ) ဒေသစရိတ်ခံစားခွင့်ရှိသည့်ဒေသမှ ဒေသစရိတ်ခံစားခွင့်မရှိသည့်ဒေသသို့ ယာယီ ပြောင်းရွှေ့ရပါက ယင်းသို့ ပြောင်းရွှေ့တာဝန်ထမ်းဆောင်ရသည့်ကာလအတွင်း၌
အောက်ပါသတ်မှတ်ချက်များနှင့်ညီညွတ်မှသာလျှင် ဒေသစရိတ်ဆက်လက်ခံစားခွင့် ရှိပါသည် –
- (၁) ယာယီပြောင်းရွှေ့သည့်ကာလသည် ကူးပြောင်းချိန်မပါဝင်ဘဲ လေးလထက် မကျော်လွန်ခြင်း၊
- (၂) ယာယီပြောင်းရွှေ့သည့်ကာလကုန်ဆုံးလျှင် ဝန်ထမ်းအားဒေသစရိတ်ခံစားခွင့် ရှိသည့်ရာထူးသို့ ပြန်လည်ပြောင်းရွှေ့ရန်ရည်ရွယ်ကြောင်းဖြင့် ပြောင်းရွှေ့မိန့်တွင် ထည့်သွင်းဖော်ပြပါရှိခြင်း၊
- (၃) ယာယီပြောင်းရွှေ့သည့်ကာလတွင်ဝန်ထမ်းနှင့်အတူနေပြီးဝန်ထမ်းအပေါ်တွင် လုံးဝမှီခိုနေရသည့် ဇနီး သို့မဟုတ် ခင်ပွန်း၊ သားသမီးများ (လင်ပါ မယားပါ သားသမီးများနှင့် တရားဝင်မွေးစားသားသမီးများအပါအဝင်) ဖြစ်သော မိသားစုသည် မူလရာထူးတည်ရာဖြစ်သည့် ဒေသစရိတ်ခံစားခွင့်ရှိသော ဒေသ၌ ဆက်လက်နေထိုင်လျက်ရှိခြင်း။
( ဂ ) ယာယီပြောင်းရွှေ့သည့်ဒေသသို့ အသွားတွင်လည်းကောင်း၊ ယင်းဒေသမှအပြန်တွင် လည်းကောင်း ရခွင့်ရှိသည့် ကူးပြောင်းချိန်အတွက် ဒေသစရိတ်ကိုခံစားခွင့်ရှိသည်။
(ဃ) ဒေသစရိတ်ခံစားခွင့်ရှိသည့်ဒေသမှ ယင်းစရိတ်ခံစားခွင့်မရှိသည့် ဒေသတွင် နိုင်ငံတော်ကကျင်းပသည့် နေ့ကြီးရက်ကြီးအခမ်းအနားတက်ရောက်ရသည့်ကာလ သို့မဟုတ် ထိုဒေသသို့ တာဝန်ဖြင့်ဖြစ်စေ၊ အစည်းအဝေးတက်ရောက်ရန်ဖြစ်စေ၊ ဌာနဆိုင်ရာသင်တန်းများ တက်ရောက်ရန်ဖြစ်စေ၊ ဌာနအလိုက်ပြုလုပ်သော ပြိုင်ပွဲ များနှင့် နိုင်ငံတော်က ကြီးမှူးပြုလုပ်သည့်ပြိုင်ပွဲများတွင် ယှဉ်ပြိုင်ရန်ဖြစ်စေ သွားရောက်နေထိုင်သည့်ကာလအတွက် ဒေသစရိတ်ခံစားခွင့်ရှိသည်။