၇။ အငြိမ်းစားယူခြင်းကိစ္စ
နည်းဥပဒေ ၂၃၄ အရ ဝန်ထမ်းတစ်ဦး ပင်စင်အကျိုးခံစားခွင့်ရှိသည့် အများဆုံး လုပ်သက် ကန့်သတ်ချက်သည် အသက် ၁၈ နှစ်ပြည့်ချိန်မှ အမှန်တကယ် ပင်စင်ယူသည့်အချိန်အထိ ကာလများ ဖြစ်သည်။ ဝန်ထမ်း၏ အသက် ၁၈ နှစ်ပြည့်ပြီးနောက်ပိုင်း လုပ်သက်အနက်မှ ရာထူးတွင် တာဝန် ထမ်းဆောင်လျက်ရှိသည့်ကာလများအပြင် အောက်ပါကာလများကိုလည်း ပင်စင်အကျိုးခံစားခွင့် တွက်ချက်ရာတွင် ထည့်သွင်းရေတွက်သည် –
- (က) လစာရအလုပ်သင်ကာလ၊
- ( ခ ) အစမ်းခန့်ကာလ၊
- ( ဂ ) ကူးပြောင်းချိန်ကာလ၊
- (ဃ) တာဝန်ချိန်အဖြစ်သတ်မှတ်ခြင်းခံရသော တာဝန်မှယာယီရပ်ဆိုင်းထားသည့်ကာလ၊
- ( င ) တာဝန်ချိန်အဖြစ် မသတ်မှတ်သော်လည်း ပင်စင်ခံစားခွင့်ရှိသောကာလဟု သတ်မှတ်သည့် တာဝန်မှယာယီရပ်ဆိုင်းထားသည့်ကာလ၊
- ( စ ) တာဝန်ချိန်ဟုသတ်မှတ်သည့် အခြားကိစ္စရပ်များအတွက် ကာလများ။
နည်းဥပဒေ ၂၃၅ အရ အောက်ပါခွင့်ကာလများကို ပင်စင်အကျိုးခံစားခွင့် တွက်ချက် ရာတွင် ထည့်သွင်းရေတွက်သည် –
- (က) လုပ်သက်ခွင့်ကာလ၊
- ( ခ ) အထူးမသန်စွမ်းခွင့်ကာလ၊
- ( ဂ ) ပညာလေ့လာဆည်းပူးခွင့်ကာလ၊
- (ဃ) မီးဖွားခွင့်ကာလ၊
- ( င ) သောင်းကျန်းမှုများကြောင့် ခွင့်ပြုခဲ့သည့် အထူးခွင့်ကာလ၊
- ( စ ) သင်္ဘောသားနာမကျန်းခွင့်ကာလ၊
- (ဆ) ပျမ်းမျှလစာရရှိသောဆေးရုံခွင့်ကာလ၊
- ( ဇ ) ဆေးလက်မှတ်ခွင့်ကာလ။
နည်းဥပဒေ ၂၄၁ အရ အသက် ၁၈ နှစ်ပြည့်သည့်နေ့မှစ၍ ထမ်းဆောင်ခဲ့သော စစ်မှုထမ်း သက်များကို ပင်စင်ခွင့်ပြုပိုင်ခွင့်ရှိသူက မြို့ပြဝန်ထမ်းအမှုထမ်းသက်များနှင့် ပေါင်းစပ်ရေတွက် ခွင့်ပြုနိုင်သည်။ သို့ရာတွင်-
- (က) စစ်မှုထမ်းသက်သည် ကျေနပ်ဖွယ်ရာရှိရမည့်ပြင် စစ်ဘက်ဆိုင်ရာပင်စင်နည်းဥပဒေ များအရ ပင်စင်ခံစားနိုင်ခွင့်ရှိ သော အမှုထမ်းသက်ဖြစ်ရမည်။
- (ခ) ပင်စင်လစာခံစားခွင့်မရရှိဘဲ လုပ်သက်ဆုငွေကိုသာ ခံစား ခဲ့ရပြီး ယင်းဆုငွေများကို နိုင်ငံတော်သို့ ပြန်လည်ပေးသွင်းပါက အမှုထမ်းသက်ကိုပေါင်းစပ်ထည့်သွင်းတွက်ချက် ရမည်။
- (ဂ) ရရှိနေသောပင်စင်လစာကို ထုတ်ယူခြင်းမှရပ်ဆိုင်းပြီး အမှုထမ်းသက်မှန်ကန်ကြောင်း နှင့်ပင်စင်နှင့်ဆုငွေ မည်မျှရရှိကြောင်းတို့ကို ကာကွယ်ရေးဝန်ကြီးဌာန ငွေစာရင်းရုံး၏ ထောက်ခံချက်ပါရှိပါက အမှုထမ်းသက်ကို ပေါင်းစပ်ထည့်သွင်းတွက်ချက်ရမည်။
နည်းဥပဒေ ၂၄၄ အရ ပင်စင်အကျိုးခံစားခွင့်ကို တွက်ချက်သည့်အခါ ယင်းအကျိုးခံစားခွင့် ရှိသည့် နှစ်ပြည်သော လုပ်သက်ကိုသာ ရေတွက်ရပြီး လစွန်းရက်စွန်းများကိုပယ်ရမည်။ သို့ရာတွင် သက်ပြည့်ပင်စင်၊ နာမကျန်းပင်စင်နှင့်လျော်ကြေးပင်စင်ယူသည့်ကိစ္စများ၌ ဝန်ထမ်း၏လုပ်သက်သည် ကျေနပ်ဖွယ်ရှိလျှင် ထိုလစွန်းရက်စွန်းများတွင် နှစ်ပြည့်ရန်လိုနေသည့်ကာလကို –
- (က) ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးက ခြောက်လအထိ ဖြည့်စွက်ခွင့်ပြုနိုင်သည်။
- ( ခ ) ဝန်ကြီးဌာနနှင့်အဖွဲ့အစည်းအကြီးအမှူးက ၁၂ လ အထိ ဖြည့်စွက်ခွင့်ပြုနိုင်သည်။
နည်းဥပဒေ ၂၄၅ အရ အောက်ပါကိစ္စများ၌ ပင်စင်အကျိုးခံစားခွင့်ရှိသည့် လုပ်သက်၏ လစွန်း ရက်စွန်းများတွင် နှစ်ပြည့်ရန်လိုနေသည့်ကာလကို ဖြည့်စွက်ရေတွက်ခွင့်မပြုရ-
- (က) လုပ်သက်ဆုငွေ ခံစားခွင့်ရှိသည့် လုပ်သက်တွင် ငါးနှစ်ပြည့်ရန်လိုသည့်ကာလ၊
- ( ခ ) ပင်စင်အကျိုးခံစားခွင့်ရှိသည့် လုပ်သက်တွင် ၁၀ နှစ် ပြည့်ရန်လိုသည့်ကာလ၊
- ( ဂ ) လုပ်သက် နှစ် ၂၀ ပြည့် လျှော့ပေါ့ပင်စင်ခံစားခွင့်အတွက် လိုသည့်ကာလ၊
- (ဃ) လုပ်သက် ၂၅ နှစ်ပြည့် လျှော့ပေါ့ပင်စင်ခံစားခွင့်အတွက် လိုသည့်ကာလ၊
- ( င ) လုပ်သက် နှစ် ၃၀ ပြည့် နှစ်ပြည့်ပင်စင်ခံစားခွင့်အတွက် လိုသည့်ကာလ။
နည်းဥပဒေ ၂၄၆ (က) (၁) အရ လုပ်သက်ဆုငွေခံစားခွင့်ရှိသည့် လုပ်သက် (၅) နှစ် မပြည့်သည့်ကိစ္စအတွက် လုပ်သက် ဆုငွေတွက်ချက်ရာတွင် လုပ်သက်နှစ် × နောက်ဆုံးထုတ်လစာ × ၁၀၀% နှင့်တွက်ချက်၍ လုပ်သက်ဆုငွေရပါသည်။
လုပ်သက် (၁၀)နှစ်နှင့် အထက်ရှိသည်ကိစ္စနှင့် နှစ်ပြည့်ပင်စင် လျော့ပေါ့ပင်စင်ယူသည့်ကိစ္စ မျိုးတွင် ပင်စင်နှင့် လုပ်သက်ဆုငွေကို မည်သို့တွက်ချက်သနည်း။
နည်းဥပဒေ ၂၄၆ (ခ) (၁) အရ သက်ပြည့်ပင်စင်၊ နာမကျန်းပင်စင်၊ လျော်ကြေးပင်စင် ယူရာတွင် ပင်စင်အကျိုးခံစားခွင့်ရှိသည့် လုပ်သက် ၁၀ နှစ် နှင့်အထက်ရှိသည့်ကိစ္စနှင့် နှစ်ပြည့်ပင်စင်၊ လျှော့ပေါ့ပင်စင်ယူသည့်ကိစ္စများတွင် ပင်စင်လစာနှင့် လုပ်သက်ဆုငွေကို အောက်ပါအတိုင်း တွက်ချက်ခွင့်ပြုသည် –
- (၁) လုပ်သက်နှစ် × နောက်ဆုံးထုတ်လစာ × ၁.၅% = ပင်စင်လစာ
- (၂) လုပ်သက်နှစ် × နောက်ဆုံးထုတ်လစာ × ၅၀% = လုပ်သက်ဆုငွေ
နည်းဥပဒေ ၂၄၇ အရ ဝန်ထမ်း၏ မိသားစုဆိုရာတွင်အောက်ပါပုဂ္ဂိုလ်များပါဝင်သည် –
- (က) အမျိုးသားဝန်ထမ်းဖြစ်လျှင် တရားဝင်ဇနီးနှင့် တရားဝင်သားသမီးများ၊
- ( ခ ) အမျိုးသမီးဝန်ထမ်းဖြစ်လျှင် တရားဝင်ခင်ပွန်းနှင့် တရားဝင်သားသမီးများ၊
- ( ဂ ) တရားဝင်သားသမီးများဆိုရာတွင် တရားဥပဒေနှင့်အညီ မွေးစားထားသော သားသမီး များနှင့် လင်ပါ မယားပါသားသမီးများလည်းပါဝင်သည်၊
- (ဃ) မြေးများ၊
- ( င ) မိဘအရင်းများ၊ ညီ အစ်ကိုအရင်းများ၊ ညီမ အစ်မအရင်းများ။
နည်းဥပဒေ ၂၄၈ (က) အရ မိသားစုပင်စင်ကို ခံစားမည့်သူ သက်ရှိထင်ရှားရှိနေသည့်အခါ အောက်ပါဦးစားပေးအစီအစဉ်အတိုင်း ခံစားခွင့်ပြုရမည်-
- (၁) ကွယ်လွန်သူ၏ ကျန်ရစ်သူတရားဝင်ပထမဇနီး သို့မဟုတ် တရားဝင်ခင်ပွန်း၊
- (၂) တရားဝင်ဇနီး သို့မဟုတ် တရားဝင်ခင်ပွန်းမရှိခဲ့သော် အသက် ၁၈ နှစ် မပြည့် သေးသည့် အိမ်ထောင်မပြုရသေးသော တရားဝင်သားသမီး သို့မဟုတ် အသက် ၁၈ နှစ် ပြည့်ပြီးဖြစ်သော်လည်း တက္ကသိုလ်၊ ကောလိပ်၊ ကျောင်းတစ်ခုခုတွင် အချိန်ပြည့် ပညာသင်ကြားလျက်ရှိသော အိမ်ထောင်မပြုရသေးသည့် တရားဝင် သားသမီး၊
- (၃) နည်းဥပဒေခွဲငယ် (၂) ပါ ပုဂ္ဂိုလ်များမရှိခဲ့သော် အိမ်ထောင်မပြုရသေးသည့် သမီး သို့မဟုတ် မုဆိုးမဖြစ်နေသောသမီး၊
- (၄) နည်းဥပဒေခွဲငယ် (၃) ပါပုဂ္ဂိုလ်များမရှိခဲ့သော် အိမ်ထောင်လည်း မပြုရသေးသည့် အပြင် အသက်လည်း ၁၈ နှစ် မပြည့်သေးသည့် အဖမဲ့မြေး သို့မဟုတ် အသက် ၁၈ နှစ် ပြည့်ပြီးဖြစ်သော်လည်း တက္ကသိုလ်၊ ကောလိပ်၊ ကျောင်းတစ်ခုခုတွင် အချိန်ပြည့် ပညာသင်ကြားလျက်ရှိသော အိမ်ထောင်မပြုရသေးသော အဖမဲ့မြေး။
နည်းဥပဒေ ၂၄၈ (ခ)အရ နည်းဥပဒေခွဲ (က)တွင် ဖော်ပြခဲ့သည့်အတိုင်း မိသားစုပင်စင်ကို ခံစားမည့်သူမရှိခဲ့ပါက အောက်ပါပုဂ္ဂိုလ်များကို ကွယ်လွန်သူဝန်ထမ်းနှင့်အတူ မှီခိုနေထိုင်ခဲ့ရသူ ဖြစ်ကြောင်း ခိုင်လုံသည့်အထောက်အထားကို တင်ပြနိုင်မှသာ ခံစားခွင့်ပြုရမည်-
- (၁) အမိအဖအရင်း၊
- (၂) အမိအဖမရှိပါက ဝန်ထမ်း၏အသက် ၁၈ နှစ်မပြည့်သေးသည့် ညီ သို့မဟုတ် ညီမ သို့မဟုတ် အသက် ၁၈ နှစ်ပြည့်ပြီးဖြစ်သော်လည်း တက္ကသိုလ်၊ ကောလိပ် ကျောင်းတစ်ခုခုတွင် အချိန်ပြည့်ပညာသင်ကြားလျက်ရှိသည့် ညီ သို့မဟုတ် ညီမ၊
- (၃) နည်းဥပဒေခွဲငယ် (၂) ပါ ပုဂ္ဂိုလ်များမရှိပါက ဝန်ထမ်း၏အိမ်ထောင်မပြုသေးသည့် ညီမ သို့မဟုတ် အစ်မ သို့မဟုတ် မုဆိုးမဖြစ်နေသည့် ညီမ သို့မဟုတ် အစ်မ၊
- (၄) နည်းဥပဒေခွဲငယ် (၃) ပါ ပုဂ္ဂိုလ်များ မရှိပါက ဝန်ထမ်း၏အခြားသော ညီ သို့မဟုတ် အစ်ကို သို့မဟုတ် ညီမ သို့မဟုတ် အစ်မ။
နည်းဥပဒေ ၂၄၉ အရ မိသားစုပင်စင်ကို အောက်ပါအခြေအနေတစ်ရပ်ရပ်တွင် ဆက်လက် ခံစားခွင့်မရှိစေရ-
- (က) ကျန်ရစ်သူတရားဝင်ခင်ပွန်း သို့မဟုတ် ဇနီးသည် နောက်အိမ်ထောင်ပြုခြင်း၊
- ( ခ ) ဝန်ထမ်း၏မိသားစုဝင် အိမ်ထောင်မပြုရသေးသည့် အမျိုးသား၊ အမျိုးသမီးတစ်ဦးသည် အိမ်ထောင်ပြုခြင်း၊
- ( ဂ ) ဝန်ထမ်း၏ မိသားစုဝင်မဟုတ်သူ။
နည်းဥပဒေ ၂၅၀ (ခ)(၄) အရ အငြိမ်းစားဝန်ထမ်းမကွယ်လွန်မီက ပင်စင် လစာ၏ တစ်စိတ် တစ်ဒေသ ကို တစ်လုံးတည်း ပင်စင် လစာအဖြစ် လဲလှယ်ခဲ့သည့်ကိစ္စတွင် မိသားစု ပင်စင် ခံစားခွင့် ရှိသူသည် –
(ကက) ကွယ်လွန်သူအငြိမ်းစား၏ဇနီး သို့မဟုတ် ခင်ပွန်းဖြစ်လျှင် လက်ကျန် ပင်စင်လစာ ၏ ၃/၄ ကို မိသားစုပင်စင်လစာအဖြစ် ခံစားခွင့်ရှိသည်။ ခံစားခွင့်ရှိသည့် ကာလ မှာ ဇနီး သို့မဟုတ် ခင်ပွန်း ကွယ်လွန် သည် အထိဖြစ်သည်။
( ခခ ) ကွယ်လွန်သူအငြိမ်းစား၏ ဇနီး သို့မဟုတ် ခင်ပွန်းမဟုတ်ဘဲ အခြားမိသားစုဝင်ဖြစ်ခဲ့ လျှင် တစ်လုံးတည်း လဲလှယ်ခြင်းမပြုမီက ပင်စင်လစာကို ထက်ဝက်ပြုပြီးနောက် ယင်းထက်ဝက်အနက်မှ တစ်လုံးတည်း လဲလှယ်ခဲ့သည့် ပင်စင်လစာ၏ အစိတ် အပိုင်းကို နုတ်ရမည်။ ယင်းသို့ နုတ်ပြီးနောက် ကျန်ငွေကိုမိသားစုပင်စင်လစာ အဖြစ် ခံစားခွင့်ရှိသည်။ ခံစားခွင့်ရှိသည့် ကာလမှာ အငြိမ်းစားဝန်ထမ်း အငြိမ်းစား ယူခဲ့သည့်နေ့၏ နောက်နေ့ရက်မှစ၍ ၁၅ နှစ်အထိဖြစ်သည်။
နည်းဥပဒေ ၂၅၄(က) အရ ဒဏ်ရာအနာတရဖြစ်စေခြင်းဆိုသည်မှာ ဝန်ထမ်းကို တစ်စုံ တစ်ယောက်က အောက်ပါအခြေအနေတစ်ရပ်ရပ်တွင် အနာတရဖြစ်ခြင်းကိုဆိုသည်-
- (၁) တာဝန်မထမ်းဆောင်နိုင်စေခြင်းငှာ ကိုယ်ထိလက်ရောက်ကျူးလွန်ခြင်းကြောင့်ဖြစ်စေ၊ ခုခံဆန့်ကျင်ခြင်းကြောင့်ဖြစ်စေ အနာတရဖြစ်ခြင်း၊
- (၂) ဝန်ထမ်း၏ တာဝန်အရ ဆောင်ရွက်ချက်ကြောင့်ဖြစ်စေ၊ ဆောင်ရွက်ရန် အားထုတ်မှု ကြောင့်ဖြစ်စေ အနာတရဖြစ်ခြင်း၊
- (၃) ရာထူးတာဝန်ကို အကြောင်းပြု၍ အနာတရဖြစ်ခြင်း။
နည်းဥပဒေ ၂၅၄ (ခ) အရ မတော်တဆဖြစ်မှုဆိုသည်မှာ ဝန်ထမ်းတာဝန်ထမ်းဆောင်ရာ တွင် နည်းဥပဒေခွဲ (က) ကြောင့်မဟုတ်ဘဲ အောက်ပါအခြေအနေတစ်ရပ်ရပ်ကြောင့် အနာတရ ဖြစ်ခြင်းကို ဆိုသည်-
- (၁) ရုတ်တရက်မလွှဲမရှောင်သာဖြစ်ပေါ်လာသည့်အကြောင်းကြောင့် အနာတရ ဖြစ်ခြင်း၊
- (၂) အရေးတကြီးပေါ်ပေါက်သည့်ကိစ္စများတွင် တာဝန်ကို အထူးကျေပွန်စွာ ထမ်းဆောင် ခြင်းကြောင့် အနာတရဖြစ်ခြင်း။
နည်းဥပဒေ ၂၅၄(ဃ) အရ လုပ်ငန်း၏အထူးဘေးအန္တရာယ်ဆိုသည်မှာ-
- (၁) နည်းဥပဒေခွဲ (က) ကြောင့် အနာတရဖြစ်စေနိုင်သည့် အန္တရာယ်၊
- (၂) သာမန်အားဖြင့် တာဝန်ထမ်းဆောင်မှု၌ အနာတရဖြစ်ရန် အလားအလာရှိသည်ထက် ထိုအလားအလာကို ပိုမိုစေနိုင်သော တာဝန်တစ်ရပ်ရပ်ကို ထမ်းဆောင်နေစဉ်ဖြစ်စေ၊ ထိုတာဝန်ထမ်းဆောင်ခဲ့ခြင်းကို အကြောင်းပြု၍ဖြစ်စေ မတော်တဆ အနာတရ ဖြစ်စေနိုင်သည့်အန္တရာယ်၊
- (၃) ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတစ်ဦးသည် ကူးစက်ရောဂါ သို့မဟုတ် သွေးအဆိပ် ဖြစ်သည့်ရောဂါ သို့မဟုတ် အခြားရောဂါဖြစ်နေသည့်လူနာကို တာဝန်အရ ကုသမှု ပြုရခြင်း၊ လူသေအလောင်းကို ခွဲစိတ်စစ်ဆေးရခြင်းတို့ကြောင့်ဖြစ်စေ ရောဂါရစေ နိုင်သည့်အန္တရာယ်။” ကို ဆိုလိုသည်။
နည်းဥပဒေ ၂၅၄ (စ) အရ အနာတရဖြစ်သည့်နေ့ရက်ဆိုသည်မှာ “အောက်ပါတို့ကို ဆိုလိုသည် –
- (၁) မတော်တဆဖြစ်မှု သို့မဟုတ် နည်းဥပဒေခွဲ (က) ကြောင့် အနာတရဖြစ်သည့်ကိစ္စတွင် အနာတရဖြစ်ခဲ့သည့်နေ့ရက်၊
- (၂) ရောဂါရရှိသည့်ကိစ္စတွင် ဆေးအဖွဲ့က အစီရင်ခံသည့်နေ့ရက်။
နည်းဥပဒေ ၂၅၆ အရ ခွင့်ပြုပိုင်ခွင့်လွှဲအပ်ထားခြင်းခံရသည့်အဖွဲ့သည် အောက်ဖော်ပြပါ အခြေအနေမျိုးတွင် ရာထူးဝန်အဖွဲ့နှင့်ညှိနှိုင်းရမည် –
- (က) ဤနည်းဥပဒေများနှင့်မကိုက်ညီသော်လည်း အထူးပင်စင်ခံစားခွင့်ပြုရန် လိုအပ်သော ထူးခြားသည့်ကိစ္စများရှိခြင်း၊
- ( ခ ) ဤနည်းဥပဒေများတွင်ပါရှိသည့် ခံစားခွင့်နှုန်းများထက်ပို၍ဖြစ်စေ၊ ခံစားခွင့် အမျိုးအစားကိုပြောင်းလဲ၍ဖြစ်စေ ခံစားခွင့်ပြုရန် လိုအပ်သောအခြေအနေရှိခြင်း။
နည်းဥပဒေ ၂၅၈ အရ အောက်ပါကိစ္စများတွင် အထူးပင်စင်ခံစားခွင့်မပြုရ-
- (က) အနာတရဖြစ်ခဲ့ပြီးနောက် ငါးနှစ်ကျော်မှ အထူးပင်စင်ခံစားခွင့်ပြုရန် လျှောက်လွှာ တင်သွင်းသည့်ကိစ္စ၊
- ( ခ ) အကြမ်းဖက်မှုကြောင့်ဖြစ်စေ၊ မတော်တဆမှုကြောင့်ဖြစ်စေ၊ အနာတရဖြစ်ပြီးနောက် ခုနှစ် နှစ်ကျော်မှ သေဆုံးသည့်ကိစ္စ၊
- ( ဂ ) ရောဂါရရှိခဲ့၍ ဆေးအဖွဲ့က တာဝန်ပြန်လည်ထမ်းဆောင်နိုင်သည့် အခြေအနေ မရှိတော့ကြောင်း အစီရင်ခံပြီးသည့်နောက် ခုနှစ် နှစ်ကျော်မှ ယင်းရောဂါကြောင့် သေဆုံးသည့်ကိစ္စ။
နည်းဥပဒေ ၂၆၄ အရ အောက်ပါကိစ္စများတွင် ယာယီအထူးပင်စင်ကို အနာတရ အမြဲတမ်းပင်စင်အဖြစ် ပြောင်းလဲ ခွင့်ပြုနိုင်သည်-
- (က) အနာတရဖြစ်မှုအတွက် ယာယီအထူးပင်စင်ရရှိခဲ့သည့်ဝန်ထမ်းသည် ယင်းအနာတရ ဖြစ်မှုကြောင့် နာမကျန်းပင်စင်ယူခဲ့ရခြင်း၊
- ( ခ ) ယာယီအထူးပင်စင်ကို ငါးနှစ်ထက်မနည်းသော ကာလအတွက် ခွင့်ပြုခဲ့ခြင်း၊
- ( ဂ ) ဝန်ထမ်း၏မသန်စွမ်းဖြစ်မှုသည်သိသာထင်ရှားစွာယုတ်လျော့သွားရန်မရှိကြောင်း ဆေးအဖွဲ့က ဆေးမှတ်ချက်ပြုခြင်း။
နည်းဥပဒေ ၂၆၅ အရ ကွယ်လွန်သူဝန်ထမ်း၏ဇနီး သို့မဟုတ် ခင်ပွန်း၊ သားသမီးများအား အောက်ပါအတိုင်း မိသားစုအထူးပင်စင်ကို ခံစားခွင့်ပြုရမည်-
- (က) ဝန်ထမ်းသည် လုပ်ငန်း၏ အထူးဘေးအန္တရာယ်ကြောင့် သူတစ်ပါး၏ ပယောဂဖြင့် သေဆုံးသည့်ကိစ္စ သို့မဟုတ် လုပ်ငန်း၏ အထူးဘေးအန္တရာယ်ကြောင့် အနာတရ ဖြစ်ပြီး ထိုအနာတရဖြစ်မှုကြောင့် သေဆုံးရသည့်ကိစ္စတွင် ခံစားခွင့်ရှိသည့်ဆုငွေနှင့် ပင်စင်ကို ဇယား (၈) နှင့် (၉) တို့၌ ဖော်ပြထားသည့်နှုန်းထက်မပိုသော မိသားစု အထူးပင်စင်၊
- ( ခ ) ဝန်ထမ်းသည် လုပ်ငန်း၏ဘေးအန္တရာယ်ကြောင့် သူတစ်ပါး၏ ပယောဂဖြင့် သေဆုံးသည့်ကိစ္စ သို့မဟုတ် လုပ်ငန်း၏ဘေးအန္တရာယ်ကြောင့် အနာတရဖြစ်ပြီး ယင်းအနာတရဖြစ်မှုကြောင့် သေဆုံးရသည့်ကိစ္စတွင် ဇယား (၈) နှင့် (၉) တို့၌ ပါရှိသည့် နှုန်းထက်မပိုသော မိသားစုအထူးပင်စင်။
- ( ဂ ) ဝန်ထမ်းသည် လက်နက်ကိုင်အဖွဲ့အစည်း သို့မဟုတ် အကြမ်းဖက်အဖွဲ့အစည်းများ၏ ဖမ်းဆီးခေါ်ဆောင်ခြင်းခံရပြီး ပျောက်ဆုံးနေသည့်ကိစ္စတွင် ဌာနဆိုင်ရာစစ်ဆေးပေါ်ပေါက်ချက် များအရ သေဆုံးကြောင်းအထောက်အထားခိုင်လုံပါက ခံစားခွင့်ရှိသည့် ဆုငွေနှင့်ပင်စင်ကို ဇယား(၈)နှင့်(၉)တို့၌ ဖော်ပြထားသည့်နှုန်းထက်မပိုသော မိသားစုအထူးပင်စင်။
နည်းဥပဒေ ၂၆၈ အရ ကွယ်လွန်သူဝန်ထမ်းတွင် ဇနီး သို့မဟုတ် ခင်ပွန်းဖြစ်စေ၊ သားသမီး ဖြစ်စေ မကျန်ရစ်ခဲ့ပါက ယင်းဝန်ထမ်းအတွက် ခံစားခွင့်ရှိသော မိသားစုအထူးပင်စင်ကို –
- (က) ဝန်ထမ်း၏ မိခင်နှင့်ဖခင်တို့ကို တစ်ဦးချင်းဖြစ်စေ၊ ပူးတွဲ၍ဖြစ်စေ ခံစားခွင့်ပြုနိုင်သည်။ ယင်းသို့ခွင့်ပြုငွေသည် ဇယား(၈)ပါ သတ်မှတ်ချက်များအရ ခံစားခွင့်ရှိသည့်နှုန်းထက် မပိုစေရ၊
- ( ခ ) မိခင်နှင့်ဖခင်မရှိလျှင် ဝန်ထမ်း၏အရွယ်မရောက်သေးသော ညီငယ်ညီမငယ်များကို ခံစားခွင့်ပြုနိုင်သည်။ ယင်းညီငယ် ညီမငယ်များသည် ဝန်ထမ်းကို အဓိကအားဖြင့် မှီခိုပြီး အတူနေ မှီခိုနေသူများဖြစ်ရမည်။ ယင်းတို့ကို တစ်ဦးချင်းဖြစ်စေ၊ စုပေါင်း၍ ဖြစ်စေ ခံစားခွင့်ပြုနိုင်သည်။ သို့ရာတွင် ယင်းသို့ခွင့်ပြုသည့် မိသားစုအထူးပင်စင် စုစုပေါင်းသည် နည်းဥပဒေ ၂၆၅ တွင် ဖော်ပြထားသည့် ဝန်ထမ်း၏ဇနီး သို့မဟုတ် ခင်ပွန်းအတွက် ခံစားခွင့်ရှိသော မိသားစုအထူးပင်စင်၏ ထက်ဝက်နှုန်းထက် မပိုစေရ။ ထို့အပြင် ညီငယ် ညီမငယ်တစ်ဦးစီအတွက် ခွဲဝေခွင့်ပြုသည့် မိသားစု အထူးပင်စင်သည် မိခင်ရှိသော ကလေးအတွက် ဇယား (၉) ပါ ခံစားခွင့်ရှိသည့် နှုန်းထက် မပိုစေရ။
နည်းဥပဒေ ၂၆၉ အရ မိသားစုအထူးပင်စင်ခံစားခွင့်ရှိသည့်ကာလ သတ်မှတ်ချက်မှာ အောက်ပါအတိုင်းဖြစ်သည် –
- (က) ကွယ်လွန်သူဝန်ထမ်း၏ ဇနီး သို့မဟုတ် ခင်ပွန်း၊ မိခင် သို့မဟုတ် ဖခင်ကို ခွင့်ပြုသည့်ကိစ္စတွင် ခံစားခွင့်ရရှိသူ သေဆုံးသည့်နေ့ရက် သို့မဟုတ် ထပ်မံ အိမ်ထောင်ပြုသည့်နေ့ရက် (ထိုနေ့ရက်နှစ်ခု အနက် စောရာနေ့ရက်) အထိ၊
- ( ခ ) အရွယ်မရောက်သေးသည့် သား သို့မဟုတ် အရွယ်မရောက်သေးသည့် ညီကို ခွင့်ပြု သည့်ကိစ္စတွင် ခံစားခွင့်ရရှိသူ အသက် ၁၈ နှစ်ပြည့်သည့်နေ့ရက်အထိ၊
- ( ဂ ) အိမ်ထောင်မပြုရသေးသည့် သမီး သို့မဟုတ် အရွယ်မရောက်သေးသည့် ညီမကို ခွင့်ပြုသည့်ကိစ္စတွင် ခံစားခွင့်ရရှိသူ အိမ်ထောင်ပြုသည့်နေ့ရက် သို့မဟုတ် အသက် ၂၁ နှစ်ပြည့်သည့်နေ့ရက် (ထိုနေ့ရက်နှစ်ခုအနက် စောရာနေ့ရက်) အထိ။
နည်းဥပဒေ ၂၇၁ အရ အထူးပင်စင် သို့မဟုတ် မိသားစုအထူးပင်စင်တောင်းခံရန် အကြောင်း ပေါ်ပေါက်သည့်အခါတွင် အနာတရဖြစ်သည့်ဝန်ထမ်း သို့မဟုတ် သေဆုံးသည့်ဝန်ထမ်း တာဝန်ထမ်းဆောင် ခဲ့သည့်ဝန်ထမ်းအဖွဲ့အစည်းသည် အထူးပင်စင်တောင်းခံလွှာကို ဝန်ကြီး ဌာနနှင့်အဖွဲ့အစည်းထံသို့ အောက်ပါစာရွက်စာတမ်းများနှင့်အတူ ပေးပို့ရပါမည်-
- (က) အနာတရဖြစ်ခဲ့ရသည့် အကြောင်းခြင်းရာ သို့မဟုတ် ရောဂါရရှိခဲ့သည့် အကြောင်း ခြင်းရာ သို့မဟုတ် သေဆုံးခဲ့ရသည့် အကြောင်းခြင်းရာ အပြည့်အစုံကို ဖော်ပြသည့် အစီရင်ခံစာ၊
- ( ခ ) အထူးပင်စင် (အနာတရပင်စင်) အတွက် ပင်စင်ဦးစီးဌာန၏ သတ်မှတ်ပုံစံ(က) သို့မဟုတ် မိသားစုအထူးပင်စင်အတွက် သတ်မှတ်ပုံစံ (ခ) တို့တွင် ဖြည့်သွင်းထား သည့်လျှောက်လွှာ၊
- ( ဂ ) အနာတရဖြစ်သည့်ဝန်ထမ်း သို့မဟုတ် ရောဂါရရှိခဲ့သည့် ဝန်ထမ်း၏ကိစ္စတွင် ဆေးအဖွဲ့၏ အစီရင်ခံစာ၊
- (ဃ) သေဆုံးသည့်ဝန်ထမ်း၏ကိစ္စတွင် သေဆုံးရခြင်းအကြောင်းကို ဖော်ပြသည့် ဆေးအဖွဲ့ ၏ အစီရင်ခံစာ၊
- ( င ) ဆေးအဖွဲ့၏ အစီရင်ခံစာမရရှိနိုင်သည့် အကြောင်းခြင်းရာများဖြင့် သေဆုံးခဲ့ရသည့် ဝန်ထမ်း၏ကိစ္စတွင် ဝန်ထမ်းမည်ကဲ့သို့သေဆုံးခဲ့ရကြောင်း ဖော်ပြသည့်အထောက် အထား၊
- ( စ ) အနာတရဖြစ်မှု၏ ပြင်းထန်မှုအတိုင်းအတာနှင့်ပတ်သက်၍ ဆေးအဖွဲ့၏ အစီရင်ခံစာ ရယူရန် မဖြစ်နိုင်သည့်ကိစ္စမျိုးတွင် ယင်းအစီရင်ခံစာအစား မြို့နယ်ဆရာဝန်ကြီး၏ အစီရင်ခံစာ သို့မဟုတ် အခြားယုံကြည်စိတ်ချသော အထောက်အထားကို ပြုစုပေးရန် လုပ်ပိုင်ခွင့်လွှဲအပ်ထားသည့် အဖွဲ့အစည်း၏အစီရင်ခံစာ၊
- (ဆ) အထူးပင်စင်ခံစားခွင့် ရှိ မရှိ ခံစားခွင့်ရှိပါက မည်သည့်အတိုင်းအတာအထိ ခံစားခွင့်ရှိသည်တို့ကို ဖော်ပြသည့် ပင်စင်ဦးစီးဌာနသို့ ပေးပို့ရမည့်အစီရင်ခံစာ။