၅၉။ ဝန်ထမ်းသည် ဒေသစရိတ်ခံစားခွင့်ရှိသည့်ဒေသမှ ဒေသစရိတ်ခံစားခွင့်မရှိသည့်ဒေသသို့ ယာယီပြောင်းရွှေ့ရပါက ပြောင်းရွှေ့တာဝန်ထမ်းဆောင်ရသည့် ကာလအတွင်း မည်သည့်သတ်မှတ် ချက်များနှင့် ညီညွတ်မှ ဒေသစရိတ်ကို ခံစားခွင့်ရှိသနည်း။
နည်းဥပဒေ ၁၅၃၊ နည်းဥပဒေခွဲ ( ခ ) –
(ခ) ဒေသစရိတ်ခံစားခွင့်ရှိသည့်ဒေသမှ ဒေသစရိတ် ခံစားခွင့်မရှိသည့်ဒေသသို့ ယာယီ ပြောင်းရွှေ့ရပါက ယင်းသို့ ပြောင်းရွှေ့တာဝန်ထမ်းဆောင်ရသည့် ကာလအတွင်း၌ အောက်ပါသတ်မှတ်ချက်များနှင့် ညီညွတ်မှသာလျှင် ဒေသစရိတ် ဆက်လက်ခံစားခွင့် ရှိပါသည်-
- (၁) ယာယီပြောင်းရွှေ့သည့်ကာလသည် ကူးပြောင်းချိန်တွင်မပါဝင်ဘဲ လေးလထက် မကျော်လွန်ခြင်း၊
- (၂) ယာယီပြောင်းရွှေ့သည့်ကာလကုန်ဆုံးလျှင် ဝန်ထမ်းအား ဒေသစရိတ်ခံစားခွင့် ရှိသည့် ရာထူးသို့ ပြန်လည်ပြောင်းရွှေ့ရန် ရည်ရွယ်ကြောင်းဖြင့် ပြောင်းရွှေ့မိန့် တွင် ထည့်သွင်းဖော်ပြပါရှိခြင်း၊
- (၃) ယာယီပြောင်းရွှေ့ကာလတွင် ဝန်ထမ်းနှင့်အတူနေပြီး ဝန်ထမ်းအပေါ်တွင် လုံးဝမှီခိုနေရသည့် ဇနီး သို့မဟုတ် ခင်ပွန်း၊ သားသမီးများ (လင်ပါ မယားပါ သားသမီးများနှင့် တရားဝင် မွေးစားသားသမီးများအပါအဝင်) ဖြစ်သော မိသားစုသည် မူလရာထူးတည်ရာဖြစ်သည့် ဒေသစရိတ်ခံစားခွင့်ရှိသော ဒေသ၌ ဆက်လက်နေထိုင်လျက်ရှိခြင်း၊